[Zawgyi/Unicode]
ပြည်တော်ပြန်ပိုးတွေ့သူ ၂၃ ဦးပါအဖွဲ့ထဲက ၁၉ ဦးဟာ ထိုင်းနိုင်ငံမှာ Quarantine ၁၄ ရက်ဝင်ခဲ့ပြီး COVID - 19 Negative အဖြေထွက်ထားသူတွေပါ။ ဒါပေမဲ့ ပြည်တွင်းရောက်ပြီး ၅ ရက်အကြာမှာ ဓာတ်ခွဲစစ်ဆေးပြီး အတည်ပြုနိုင်ခဲ့လို့ ရောဂါဘယ်လိုကူးစက်ခဲ့သလဲ အကြောင်းရင်းကို ရှာဖွေနိုင်ဖို့ နှစ်နိုင်ငံ ကျန်းမာရေးတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။
ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ဓာတ်ခွဲအတည်ပြုတွေ့ရှိခဲ့တဲ့ လူနာသစ် ၂၃ ဦးဟာ ထိုင်းနိုင်ငံမှာ လဝကဥပဒေနဲ့ အကျဉ်းကျခံထားရတဲ့ ၃၅ ဦးပါ အဖွဲ့ထဲကဖြစ်တယ်လို့ မြဝတီနယ်စပ်ဂိတ်တာဝန်ရှိသူတွေထံက သိရပါတယ်။ သူတို့ကို နှစ်နိုင်ငံတာဝန်ရှိသူတွေက ဇွန်လ ၈ ရက်နေ့မှာ လွှဲပြောင်းလက်ခံခဲ့ကြပြီး ဘားအံမြို့က မူးယစ်ဆေးဖြတ်စခန်းမှာ Quarantine ထားခဲ့တာပါ။ Q ဝင်ပြီး ၅ ရက်အကြာမှာ အဲဒီထဲက ၂၃ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့လို့ သက်ဆိုင်ရာဆေးရုံတွေဆီ အသီးသီးလွှဲပြောင်းခဲ့ကြသလို ကျန်တဲ့ ၁၂ ဦးကိုလည်း သီးခြားထား စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီထဲက ၁၉ ဦးဟာ COVID - 19 Negative အဖြေထွက်ထားပြီးမှ နယ်စပ်ဂိတ်ကနေတဆင့် လွှဲပြောင်းပေးခဲ့သူတွေဖြစ်တယ်လို့ ထိုင်းနိုင်ငံက ပြောခွင့်ရပုဂ္ဂိုလ် Dr Taweesin Visanuyothin က ပြီးခဲ့တဲ့ ၂၂ ရက်နေ့တုန်းက ပြောခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံအသီးသီးက ကျန်းမာရေးတာဝန်ရှိသူတွေ အချင်းချင်း ပုံမှန်အဆက်အသွယ်ရှိနေသလို အခုလိုအခြေအနေမျိုးမှာလည်း ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက အခုလိုပြောပါတယ်။
“ကျနော်တို့ဘက်ကို ဝင်သွားပြီးတဲ့ဟာကို သူတို့က စိတ်မဝင်စားတော့ဘူး။ သူတို့ဘက်မှာ ဘယ်သူတွေနဲ့ ထိတွေ့ခဲ့တယ်ဆိုတဲ့ History ကို ဒီလူတွေဆီကပြန်သိချင်တာ။ ဘာကြောင့်လည်းဆိုတော့ သူတို့နိုင်ငံတွေမှာ ဒီလူတွေသွားခဲ့လာခဲ့တဲ့ ရာဇဝင်ရှိရင် သူတို့မှာလည်း Contact Tracing ပြန်လိုက်ရတာပေါ့နော်။ နည်းပညာအရတော့ လုပ်နေတဲ့လုပ်ငန်းစဉ်တွေက သူတို့နဲ့ ကျနော်တို့နဲ့ တူတယ်ပေါ့။ အဲတော့ သူတို့က ဒီလူတွေကိုပြန်မေးချင်တယ်။”
ပြည်ပက ပြန်လာသူတွေထဲမှာ ကိုဗစ်ရောဂါပိုး မရှိကြောင်း တဘက်နိုင်ငံမှာ စစ်ဆေးခဲ့ပြီးဖြစ်ပေမဲ့လည်း မြန်မာပြည်ထဲဝင်သူတိုင်းဟာ သတ်မှတ်ထားတဲ့နေရာတွေမှာ သီးခြားနေထိုင်တာနဲ့ ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ စစ်ဆေးခံရမှာဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးက VOA ကိုပြောပါတယ်။
“ဟိုဘက်မှာ ဘယ်လိုပဲစစ်ခဲ့တယ်ပြောပြော Quarantine ဝင်ခဲ့တယ်ပဲပြောပြော ကျနော်တို့အနေနဲ့ကတော့ ပြန်လည်ပြီးတော့ စစ်ရတဲ့အနေအထား ရှိတာပေါ့နော်။ ဒီလိုစစ်မှပဲ စောစောသိ စောစောဖယ်ထုတ်ပေါ့နော်။ အဲတော့ ကျနော်တို့ဘက်ကတော့ ခုနကပြောတဲ့ ဟိုဘက်မှာ Quarantine ဝင်ခဲ့သည်ဖြစ်စေ မဝင်ခဲ့သည်ဖြစ်စေ Positive ဖြစ်ခဲ့သည်ဖြစ်စေ Negative ဖြစ်ခဲ့သည်ဖြစ်စေ ကျနော်တို့က ပြန်စစ်မှာပဲ။ နောက်တခုက ကိုဗစ်ရောဂါရဲ့သဘာဝကိုက နည်းနည်းမာယာများတာပေါ့နော်။ စစ်တိုင်းလည်း သူကမတွေ့ဘူး။ ပထမတကြိမ်စစ်လို့ မတွေ့ပေမဲ့ ဒုတိယတကြိမ်စစ်တော့မှ တွေ့တာပေါ့နော်။ ရက်အနေအထားရင့်တာတို့ ခန္ဓာကိုယ်ရဲ့ခုခံအားနဲ့ ပိုးနဲ့တုံ့ပြန်မှုပေါ့။ လူနာတွေထဲမှာတောင် ရှိတယ်လေ Positvie ဖြစ်လိုက်၊ Negative ဖြစ်လိုက်နဲ့။”
ကိုဗစ်ကပ်ရောဂါ မပြီးဆုံးသေးပေမဲ့ ပြည်တွင်းမှာ နိုင်ငံတော်အဆင့်ကနေ ကျေးလက်ဒေသအထိ အားလုံးဝိုင်းဝန်းဆောင်ရွက်နိုင်ခဲ့လို့ ဒီလိုအခြေအနေမှာ ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် ရောဂါထိန်းချုပ်နိုင်ခဲ့ပြီလို့ ယူဆရတဲ့ တရုတ်နိုင်ငံမှာလည်း ကူးစက်မှုတွေ ရှိလာနေလို့ ပြည်သူတွေမပေါ့ဆဖို့ တိုက်တွန်းထားပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ထုတ်ပြန်ပြီးချိန်အထိဆို ဓာတ်ခွဲအတည်ပြုလူနာ ၂၉၂ ဦးထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုး ကင်းစင်လာသူ ၂၀၄ ဦး အထိ ရှိထားပါတယ်။
[Unicode Version]