ဟောင်ကောင်ကျွန်းအစိုးရနဲ့ မြန်မာအစိုးရကြား ဆက်ဆံရေးတိုးတက်စေဖို့ မျှော်လင့်ကြောင်းနဲ့ အခုထက်ပိုပြီး ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်မလဲ နည်းလမ်းရှာဖွေမယ်လို့ ဟောင်ကောင်အစိုးရအကြီးအကဲ Carrie Lam က ပြောကြားလိုက်ပါတယ်။
ဟောင်ကောင်မှာကျင်းပတဲ့ ခေတ်သစ်ပိုးလမ်းမကြီးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနဲ့ ကြာသပတေးနေ့က တွေ့ဆုံအပြီးမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ပြောကြားခဲ့တာပါ။
တေ့ွဆုံပွဲအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနဲ့ ၂ နိုင်ငံကြား Visa ကင်းလွတ်ခွင့်ပေးထားချိန် ထပ်တိုးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံကိုလာတဲ့ ဟောင်ကောင် Passport ကိုင်ဆောင်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ပြည်ဝင်ခွင့်ကင်းလွတ်ခွင့်ကို ရှေ့နှစ် စက်တင်ဘာလအထိ သက်တမ်း ၁ နှစ် ထပ်တိုးပေးတာကို အုပ်ချုပ်ရေးမှူး Carrie Lam က ထောက်ပြပြီး ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု နောက်ထပ် တိုးတက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြမှုတွေ သီတင်းပတ်နဲ့ချီ ဟောင်ကောင်မှာဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဟောင်ကောင်အရေးဟာ ပြည်တွင်းရေး မိသားစုအရေးပြဿနာ ဖြစ်တယ်လို့ မြန်မာအစိုးရက မကြာခင်ကပဲ ပြောကြားထားပါတယ်။
ဟောင်ကောင်မှာ လွတ်လပ်စွာပြောဆိုခွင့်ကို လေးစားရမှာ ဖြစ်သလို တစ်ချိန်တည်းမှာပဲ ဟောင်ကောင်က ဘယ် အကြမ်းဖက်မှုကို မဆို ပြစ်တင် ရှုတ်ချရပါမယ်လို့ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက လတ်တလော ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနဲ့ဟောင်ကောင်ကြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး သဘောတူညီမှုရဖို့ ညှိနှိုင်းနေတယ်လို့လည်း သူကပြောပါတယ်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတချို့နဲ့ ဟောင်ကောင်ကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကတော့ ဇွန် လမှာ စတင်အသက်ဝင်ပါတယ်။
[Unicode Version]