သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် တရားခံလွှဲပြောင်းဥပဒေ ဖျက်သိမ်းမှု တရုတ်လက်ခံ


ဟောင်ကောင်မှာ ၃ လ ကြာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်စေခဲ့တဲ့ တရားခံ လွှဲပြောင်းရေးဥပဒေမူကြမ်းကို ဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်တဲ့ အပေါ် တရုတ်ပြည်က အလေးထား၊ နားလည် သဘောပေါက်၊ ထောက်ခံတယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှုး Carrie Lam က မနေ့ကပြောပါတယ်။

အခုလက်ရှိ အခြေအနေမှာ လုပ်ရမှာက အကြမ်းဖက်မှု အသွင်ဆောင်လာတဲ့ ဆန္ဒပြပွဲတွေကို ရပ်တန့်ဖို့နဲ့ ဟောင်ကောင်မှာ တည်ငြိမ်အေးချမ်းမှုတွေပြန်ရဖို့ ပဲဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး Lam က သတင်းထောက်တွေကို ပြောတာပါ။ ဆန္ဒပြပွဲတွေမှာ ပါဝင်ကြသူတွေ အနေနဲ့ သူတို့လုပ်ရပ်တွေက ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေကို ထိခိုက်နေတယ်ဆိုတာကို နားလည် သဘောပေါက်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။ သူ့အနေနဲ့ ဟောင်ကောင်မှာအခုလိုဖြစ်ရတဲ့ ကိစ္စအကြောင်းရင်းတွေကို ဆွေးနွေးသွားဖို့ နည်းလမ်းတွေကို ရှာဖွေသွားမှာ ဖြစ်ပေမဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတိုင်းကိုတော့ လိုက်လျောသွားမယ့် ပုံမရှိပါဘူး။

ဟောင်ကောင်က သံသယရှိတရားခံတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်းပေးမယ့် ဥပဒေမူကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ဇွန်လ ကစတင်ခဲ့တာပါ။ ဆန္ဒပြသူတွေတောင်းဆိုတဲ့ အထဲမှာ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးအရေးယူပေးဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့၊ ဆန္ဒဖော်ထုတ်ပွဲတွေကို အကြမ်းဖက်လုပ်ရပ်အဖြစ် မသတ်မှတ်ဖို့နဲ့ ဟောင်ကောင်ပြည်သူတွေ အတွက် သူတို့ရဲ့ ခေါင်းဆောင်တွေကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးဖို့ စတာတွေပါဝင်ပါတယ်။

ဥပဒေမူကြမ်းကို အခုမှ ဖျက်သိမ်းတာဟာ အချိန်နောက်ကျ သွားပြီဖြစ်ပြီး အုပ်ချုပ်ရေးမှုး Lam ဘက်က လိုက်လျောမှုတွေကလည်း နည်းလွန်းတယ်လို့ ဝေဖန်နေကြသလို လာမယ့် စနေနေ့မှာ ဆန္ဒပြပွဲတွေ ဆက်လုပ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG