သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလယ်ယာထွက်ကုန် တရုတ်နယ်စပ်မှာ တင်ပို့မှုအခက်ကြုံ


မြန်မာ-တရုတ်နယ်စပ်
မြန်မာ-တရုတ်နယ်စပ်

တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ မြန်မာနိုင်ငံဖက်က လယ်ယာထွက်ကုန်တချို့ကို တရုတ်နိုင်ငံက တရားဝင်တင်သွင်းခွင့်မပြုတာကြောင့် လယ်ယာထွက်ကုန်တင်ပို့ရောင်းချသူတွေ အခက်တွေ့နေပြီး ဒီကုန်ပစ္စည်း တင်ပို့တာတွေ ရပ်တန့်သလောက်ဖြစ်နေပါတယ်။ အခက်အခဲတွေ့နေတဲ့ မူဆယ်မြို့က ကုန်သည်တွေက ဒီလယ်ယာထွက်ကုန်တွေကို တရားဝင်တင်ပို့ခွင့်ရရှိအောင် မြန်မာအစိုးရဘက်က ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ကို လိုလားနေကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တရုတ်နိုင်ငံဘက်ကို အဓိက တင်သွင်းခွင့်မရတဲ့ လယ်ယာထွက်ကုန်တွေကတော့ ဆန်၊ ပြောင်းနဲ့ သကြား စတာတွေ ဖြစ်ပြီး ဒီလိုတင်ပို့ခွင့်မရတာဟာ လနဲ့ချီကြာမြင့်နေပြီး လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့တာတွေဟာ ရပ်တန့်သလောက်ဖြစ်နေတာပါ။

လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကို မူဆယ်မြို့က ဆန်ကုန်သည်တဦးက အခုလို ပြောပါတယ်။

“ အရောင်းအဝယ်က အေးတာမဟုတ်ဘူး။ အရောင်းအဝယ် ဖြစ်ကို မဖြစ်တာ။ ဟိုဘက်ကိုလည်း သွားလို့ မရဘူး။ ဘာမှ သွားမရဘူး။ ၂လလောက်ရှိပြီဗျ။ အဲဒါကို ၃ရက်လောက်ဖွင့်လိုက်၊ ၅ရက်လောက်ဖွင့်လိုက် အဲလို ဖြစ်နေတာ။ သူ့ရဲ့ အဓိက ကန့်သတ်ကုန်တွေက သွားမရတာ။ လိုင်စင်ရှိတဲ့ဟာက သွားလို့ ရတာပေါ့။ လိုင်စင်မရှိတဲ့ဟာက သွားလို့ မရဘူး။ အရင်တုံးက နားလည်မှုနဲ့သွားနေတာပဲလေ။ အဲလိုမျိုး။ သူတို့ဘက်က အဖမ်းအဆီးတွေ များတယ်။ အဖမ်းအဆီးများတော့ သွားလို့ မရတော့ဘူး။ သွားမရတော့ ငွေကျပ်တယ်ပေါ့။ ထားဖို့ ဂိုဒေါင်တွေ၊ သိုလှောင်ရုံတွေ ကျပ်သွားတယ်ပေါ့။ ဂိုဒေါင်တွေက အကုန်ပြည့်သွားပြီးပေါ့။ ပြည့်သွားပြီးတော့ အောက်က ကုန်တက်ကို မရှိတော့ဘူးလေ။ ကုန်တက် တော်တော်နည်းသွားတာပေါ့။”

ကန့်သတ်ကုန်တွေတင်သွင်းတာကို တရုတ်အစိုးရဘက်က တင်းတင်းကျပ်ကျပ် စစ်ဆေးဆောင်ရွက် လာတာကြောင့် အခုရက်ပိုင်းတွေအတွင်းမှာ အရောင်းအဝယ်တွေ ကျဆင်းလာတာဖြစ်ကြောင်း အခြား မူဆယ်မြို့ခံ ကုန်သည်တဦးက ပြောပါတယ်။

“ တရုတ်ဘက်ကတော့ ဆန်တို့၊ သကြားတို့၊ ပြောင်းတို့ကတော့ နည်းနည်းလေး အဝယ်အေးနေတယ်ပေါ့ဗျာ။ အဲဒါတွေကလည်း ကျနော်တု့ိဘက်က တရားဝင် လိုင်စင်နဲ့သွားတာပေါ့ဗျာ။ သူတို့ဘက်က ကျတော့လည်း တရားမဝင် ပုံစံမျိုးဖြစ်နေတာကိုး။ သူတို့ဘက်ကမှာလည်း စီမံချက်ကာလတွေ ဘာတွေ ရှိတဲ့အခါကျတော့ နည်းနည်း ကုန်သည်တွေ ဘာတွေ မဝယ်ရဲကြဘူး။ မပြုရဲကြဘူးပေါ့ဗျာ။ အဲလိုမျိုးလေးတွေပါ။ အခု သူတို့ ဗဟိုအဖွဲ့ဆိုပြီး တစ်ဖွဲ့ရောက်နေတယ် ပြောတယ်။ အဲဒီအဖွဲ့က နည်းနည်းကြပ်မတ်နေတယ်ပေါ့နော်။ အဲလို ဖြစ်နေတာ။ ”

လယ်ယာထွက်ကုန်ပစ္စည်းတွေတင်ပို့လို့ မရတာကြောင့် ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုပါ ထိခိုက်လာကြောင်းလည်း ဒေသခံကုန်သည်တွေက ပြောပါတယ်။

ဒီအခက်အခဲတွေ ပြေလည်စေဖို့အတွက် အစိုးရချင်း ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းလည်း မူဆယ်မြို့ခံ ကုန်သည်က သုံးသပ်ပြောဆိုပါတယ်။

“ ဒါတွေကတော့ နိုင်ငံတော် အဆင့်ကို ဟိုဘက်နိုင်ငံက အကြီးအကဲတွေနဲ့ ဒီဘက်နိုင်ငံက အကြီးအကဲတွေ တွေ့ဆုံဆွေးနွေးပြီးတော့မှဘဲ ဖြေရှင်းမှဘဲ ပြေလည်မယ့် အနေအထားတွေပေါ့ဗျာ။ အဲလိုမျိုးလေးတွေပေါ့။ ”

ဒီနှစ် မတ်လလောက်ကလည်း ရာနဲ့ ချီတဲ့ မြန်မာနိုင်ငံကုန်သည်ကြီးတွေရဲ့ တရုတ်ဘဏ်စာရင်းတွေကို တရုတ်အာဏာပိုင်တွေက ပိတ်ပင်တာတွေ ရှိခဲ့ပါတယ်။ ဒီလိုပိတ်ပင်တာကို မူဆယ်ကုန်သည်ကြီးများအသင်းက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို အသိပေး အကြောင်းကြားခဲ့တဲ့နောက် နှစ်ဘက်အစိုးရအကြား ညှိနှိုင်းပြီး ပြေလည်အောင် ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ဘူးပါတယ်။

မြန်မာအစိုးရက တရုတ်နိုင်ငံဘက်ကို လယ်ယာ ထွက်ကုန်တွေကို တရားဝင်တင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုနိုင်ဖို့နဲ့ စီးပွားရေးဇုံတခုကို တည်ထောင်ဖို့အတွက် ဒီနှစ်လည်ပိုင်းလောက်တည်းက ဆောင်ရွက်တာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG