သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရလဒ် NLD မျှော်မှန်းချက်နဲ့ မကွာ


ကြားဖြတ်ရွေးကောက်ပွဲမှာ ရခဲ့တဲ့ လက်ရှိအာဏာရပါတီ NLD ရဲ့ အနိုင်အရှုံး မဲရလဒ်ဟာ မျှော်မှန်းထားတာနဲ့ သိပ်မကွာပါဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောဆိုလိုက်ပါတယ်။ NLD ပါတီအနေနဲ့ လစ်လပ်မဲဆန္ဒနယ်(၁၃)နေရာမှာ ၆နေရာ ရှုံးနိမ့်ပြီး ၇နေရာပဲ အနိုင်ရခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲရုံတာဝန်ခံတွေဘက်က ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေအပေါ် သိရှိနားလည်မှု အားနည်းခဲ့သလို ကြိုတင်မဲနဲ့ပတ်သက်ပြီး စောဒကတက်တာတွေကိုလည်းတွေ့ရှိခဲ့ကြောင်းလည်း ကြားဖြတ် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာနေတဲ့အဖွဲ့တွေက ဒီကနေ့ ထုတ်ပြန်ပြောဆိုပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် မန္တလေးတိုင်း ရန်ကုန်တိုင်းတွင်းက လစ်လပ်မဲဆန္ဒနယ် (၁၃)နေရာမှာ နိုဝင်ဘာ၃ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။ မဲလာပေးတဲ့ မဲဆန္ဒရှင်ပြည်သူ အရေအတွက် သိသိသာသာနည်းပါးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရဲ့ ရလဒ်တွေလည်း ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက မဲဆန္ဒနယ်တော်တော်များများမှာ ဆန္ဒမဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ လက်ရှိအာဏာရပါတီ NLD အနေနဲ့တော့ လစ်လပ်မဲဆန္ဒနယ်(၁၃)နေရာမှာ ၆နေရာ ရှုံးနိမ့်ပြီး ၇နေရာပဲ အနိုင်ရခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရခဲ့တဲ့ လက်ရှိအာဏာရပါတီ NLD ရဲ့ အနိုင်အရှုံး မဲရလဒ်ဟာ မျှော်မှန်းထားတာနဲ့ သိပ်မကွာပါဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းကိုပြောဆိုလိုက်ပါတယ်။

"ဦးဉာဏ်ဝင်း။ ။ ဒီနှစ်ရလဒ်ဟာ ကျနော်တို့မျှော်မှန်းထားတာနဲ့ သိပ်မကွာပါဘူးလို့အဲလိုပဲပြောချင်တယ်။

မဆုမွန်။ ။ အန်ကယ် အခုက (၁၃)နေရာ ဝင်ပြိုင်တဲ့အခါမှာ NLD ဘက်က ၇နေရာ ပဲနိုင်တယ်ပေါ့နော် အဲဒီတော့ တိုင်းရင်းသားနယ်မြေတချို့အပါအဝင် ရန်ကုန်တိုင်းမှာရှိတဲ့ နေရာတွေမှာလည်း ရှုံးနိမ့်ခဲ့တာတွေရှိတော့ အဲဒီအပေါ်မှာရော အန်ကယ် ဦးဉာဏ်ဝင်း ဘယ်လိုများသုံးသပ်မိပါသလဲ။

ဦးဉာဏ်ဝင်း။ ။ (၁၃)နေရာ ၇ နေရာဆိုတာက ဂဏန်းနဲ့ ပြောလို့မရဘူး အဲဒီ ၁၃ ကဘာလဲ ၇ က ဘာလဲ။ အဲဒီမှာ ကျနော်တို့ အားသာတာ၊ အားမသာတာ တွေလည်း အများကြီးရှိပါတယ်။ ကျနေ်ာတို့က ဒီမိုကရေစီလိုချင်တာ ဒီမိုကရေစီဆိုတာကတော့ ပြည်သူတွေဆန္ဒထုတ်ဖော်တာက အဓိကပါ ။ ဒါကြောင့် မဲဆန္ဒပေးတာ များရင် ကျနော်တို့ ကျေနပ်တယ် လက်ခံတယ်။"

NLD ပါတီအနေနဲ့ အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေတွေကတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုယ်တိုင် ဆန္ဒမဲပေးခဲ့တဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ၊ မန္တလေးတိုင်း သပိတ်ကျင်း၊ မြင်းခြံနဲ့ ပဲခူးတိုင်း အုတ်တွင်း၊ မကွေးတိုင်း မင်းဘူးမြို့နယ်၊ ချင်းပြည်နယ် ကန်ပက်လက် နေရာ(၇)နေရာမှာ အနိုင်ရခဲ့တာပါ။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကတော့ ရှမ်းပြည်နယ် လဲချားမှာ အနိုင်ရခဲ့ပြီး ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာတော့ တသီးပုဂ္ဂလက အနိုင်ရခဲ့ပါတယ်။ ချင်းပြည်နယ် မတူပီမှာတော့ ချင်းအမျိုးသားဒီမိုကရေစီပါတီက အနိုင်ရပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကတော့ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း တမူး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နေရာပေါင်း(၃)နေရာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီမဲရလဒ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ မဲရေတွက်ထားတာဖြစ်ပြီး အခုအချိန်အထိတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်ဘက်က တရားဝင် စာရင်းအတိအကျ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ယူလုပ်ဆောင်ချက်တွေဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အားနည်းမှုတွေရှိခဲ့တယ်ဆိုပြီး ကြားဖြတ် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာနေတဲ့အဖွဲ့တွေက ဒီကနေ့ ကနဦးအစီရင်ခံစာထုတ်ပြန်ပြောဆိုပါတယ်။ အထူးသဖြင့်ကတော့ မဲရုံတာဝန်ခံတွေဘက်က ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေအပေါ် သိရှိနားလည်မှု အားနည်းခဲ့သလို ကြိုတင်မဲနဲ့ပတ်သက်ပြီး စောဒကတက်တာတွေကိုလည်းတွေ့ရှိခဲ့ကြောင်းလည်း ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ ဖန်တီးအိမ်က မခင်လေးငယ်က သူတို့ရဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေ့ရှိချက်တွေနဲ့ပတ်သက်လို့ ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

"မခင်လေးငယ်။ ။ အားနည်းချက်ကတော့ မဲရုံဝန်ထမ်းတွေ ၊ အောက်ခြေက တကယ်လက်တွေ့ ဆောက်ရွက်နေရတဲ့ ကော်မရှင်တွေအပေါ်မှာ သတ်မှတ်ထားတဲ့ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေက တိတိကျကျမရှိတာမျိုးတွေပေါ့ ဥပမာဆိုရင် မဲလာထည့်တဲ့ လူတွေအနေနဲ့ နိုင်ငံသားကဒ်ပြားလား၊ ဒါမှမဟုတ် မဲဆန္ဒရှင် သက်သေခံကဒ်ပြားလား၊ ဒါမှမဟုတ် ဘာကဒ်ပြားမရှိလည်း ထည့်ခွင့်ရလား။ ဆိုတာတွေက တိတိကျကျ မပြောထားတဲ့အခါကျတော့ အဲဒီအပေါ်မှာ အငြင်းပွားမှုလေးတွေရှိတာတွေရှိတယ်။ ဥပမာ-စောင့်ကြည့်လေ့လာသူတွေဆိုရင် ကဒ်ပြားချိတ်ထားရင် မဲရုံထဲ ဝင်ခွင့်ပြုရမယ် ဆိုတာကိုမသိပဲနဲ့ နိုင်ငံရေးပါတီ စောင်ကြည့်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ စောင့်ကြည့်သူတွေနဲ့ ရောပြီးတော့ ပုံစံတောင်းတာတွေ ကြုံရတာတွေရှိတဲ့အတွက် ကျမတို့ သုံးသပ်ချက်အရတော့ လာမယ့် ၂၀၂၀ မှာ ပိုပြီးတော့ အဆင်ပြေချောမွေ့ဖို့ဆိုရင် မဲရုံဝန်ထမ်းတွေ နယ်မြေက ရွေးကောက်ပွဲ ဝန်ထမ်းတွေပေါ့နော် ပိုပြီးတော့ သင်တန်းလေ့ကျင်မှုတွေ ထိရောက်အောင်လုပ်သင့်တယ်ဆိုတာမျိုး ကျမတို့ သုံးသပ်ရပါတယ်။ နောက်ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့ တချို့နေရာမှာ မှားယွင်းဆုံးဖြတ်မှုတွေရှိပြီးတော့ ကြိုတင်ပြီးတော့ စောဒကတက်တာမျိုးတွေရှိတာတွေ ကျမတို့ တွေ့ရပါတယ်။

မဆုမွန်။ ။ မခင်လေးငယ်တို့လို ကြားဖြတ် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာနေတဲ့အဖွဲ့တွေအနေနဲ့ တွေ့ရှိချက်တွေကို ရွေးကောက်ပွဲကော်မရှင်ကနေတဆင့် သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို ဒါနဲ့ ပတ်သက်ပြီးတော့ အကြုံပြုစာတွေတင်ဖို့ အစီအစဉ် ရှိလား၊ အကြုံပြုစာတွေတင်ပြပြီးပြီလား။

မခင်လေးငယ်။ ။ ဟုတ်ကဲ့၊ ဒီ ရက်ပေါင်း ၆၀ အတွင်း ကျမတို့ အသေးစိတ်တွေ့ရှိချက်တွေ ထပ်ပြီးတော့ ကျမတို့ စောင့်ကြည့်သူတွေ အားလုံး ရလာတဲ့ Data တွေကို စုပြီးတော့ အသေးစိတ်အစီရင်ခံစာပေါ့ အဲဒါ အကြံပြုချက်တွေကို ထပ်ပြီးတော့ လုပ်ဖို့ရှိပါသေးတယ်ရှင့်။ အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ နည်းဗျူဟာ သူတို့အဖွဲ့မှာ ချထားတယ်ဆိုရင်တော့ ကျမတို့အကြံပြုချက်တွေကို အလေးပေးဆောင်ရွက်မှာပါ။အဲလိုမျိုးလည်း ရှိမယ်လို့ မျှော်လင့်ပါတယ်။"

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE နဲ့ ဖန်တီးအိမ်အဖွဲ့တို့ ပူးပေါင်းပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၁၃နေရာအနက် ၁၂နေရာမှာ ကျင်းပနေတဲ့ မဲရုံတွေကို စောင့်ကြည့်လေ့လာသူပေါင်း ၅၇၉ဦးနဲ့ အနီးကပ်စောင့်ကြည့်လေ့လာခဲ့ကြတာပါ။ သူတို့ရဲ့ ပူးပေါင်း ကနဦးထုတ်ပြန်ချက်အရ အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်ရေး မဲရုံမှူးတွေရဲ့ ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲရဲ့ အခြေခံသဘောတရားနဲ့ စောင့်ကြည့်လေ့လာသူတွေအပေါ် သိရှိနားလည်မှုတွေကို ဒီ့ထက်ပိုပြီး သင်တန်းပေးဖို့ ပညာပေးဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG