သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ပြည်နယ်တွေမှာ မဲပေးသူနည်း


မဲဆန္ဒရှင်တဦး မဲပြားမှတ်ပံုံတင်စာရင်းသွင်းနေစဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၈)
မဲဆန္ဒရှင်တဦး မဲပြားမှတ်ပံုံတင်စာရင်းသွင်းနေစဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၈)

ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းစတဲ့ ပြည်နယ်က မဲရုံတွေမှာ မဲပေးသူ အရေအတွက်ဟာ သိသိသာသာ လျော့နည်းနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စောင့်ကြည့်လေ့လာ သူတွေက ပြောပါတယ်။ ပြည်နယ်အတော်များများမှာ မဲပေးသူ ၃၀ ရာခိုင်နှုန်း လောက်သာရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ချင်းပြည်နယ်မှာတော့ ဒီထက် ပိုမိုများပြားတဲ့အခြေအနေ ရှိနေပါတယ်။ ဒီနေ့ကျင်းပတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်နယ် ၄ ခုက မဲပေးမှုအခြေအနေတွေ ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီနေ့ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်နယ် ၄ ခုနဲ့ တိုင်းဒေသကြီး ၅ ခု က လွှတ်တော် အသီးသီးက လစ်လပ်နေရာ ၁၃ နေရာ အတွက် ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လူထုသဘောထားတွေကို ကြိုတင်ခန့်မှန်း နိုင်မယ့် ရွေးကောက်ပွဲအဖြစ်သုံးသပ်တာတွေ ရှိသလို ပြည်နယ်တွေမှာတော့ ဒေသခံ တိုင်းရင်းသားပါတီတွေက အနိုင်ရမယ်လို့ ခန့်မှန်းပြောဆိုတာတွေ ရှိနေတာပါ။

မဲပေးသူအရေအတွက်ဟာ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲထက် လျော့နည်းနေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတွေနဲ့ ဒေသခံ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ မဲပေးမှုအခြေအနေကို စောင့်ကြည့်လေ့လာနေသူ ဒေသခံ သတင်းထောက် ကိုမရန်က အခုလို ပြောပါတယ်။

“ကျနော် ၁၁ နာရီလောက်အထိ မဲရုံတွေ တော်တော်ပတ်တယ်။ လူတော့ သိပ်မလာဘူး။ ရုံတိုင်းရုံတိုင်းမှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ လာပေးကြသေးတယ်။ ၁၁ နာရီလောက်က။”

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးထွန်းအောင်ခိုင် နေ့ခင်း ၂ နာရီလောက် အထိ မဲပေးသူတွေ လာရောက်နေဆဲဖြစ်ကြောင်း အခုလို ပြောပါတယ်။

“မနက် ၆ နာရီထဲက မဲရုံအားလုံးဖွင့်တယ်။ အခုချိန်ထိတော့ မဲပေးတဲ့သူတွေက တည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းနဲ့ မဲပေးနေတုံးပေါ့။ မဲပေးတဲ့ လူဦးရေ အခြေအနေဆိုရင်တော့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး မှာလို့တော့ မများဘူးလေ။ လောလောဆယ် အခြေအနေထိ ပေးတော့ ပေးနေသေးတာပေါ့။ ဘယ်လောက်လာ ပေးတယ် ဆိုတဲ့အခြေအနေ အတိအကျ အစစ်အမှန်ကျတော့ ညနေ ၄ နာရီ မဲရုံပိတ်ချိန်ကျတော့မှပဲ အဲဒီကျမှပဲ အတိအကျပြောနိုင်မှာ ခင်ဗျ။”

ချင်းပြည်နယ်ဖက်က အခြေအနေကိုတော့ နေ့ခင်း ၂ နာရီကျော်မှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဦးလင်းကျော်က အခုလို ပြောပါတယ်။

“ကျနော်တို့ ၂ ပိုင်းခွဲပြောရမယ်ခင်ဗျ။ မြို့ပေါ်နဲ့ ကျေးရွာတွေ ရှိတာကိုနော်။ မြို့ပေါ်မှာဆိုရင်တော့ ၅၀ ရာခိုင်နှုန်း လောက်တော့ ဒီအချိန်ထိ ပေးပြီးပြီ။ မြို့ပေါ်တွေမှာလေ။ ကျေးရွာတွေမှာတော့ အခုချိန် ၈၀ ရာခိုင်နှုန်းကျော် ပေးပြီးပြီ။ ကျနော်တို့က ကျေးရွာလည်း များတော့လေ။”

ချင်းပြည်နယ်မှာတော့ ကန်ပက်လက်မှာ ပြည်သူ့လွှတ်တော်အတွက် တစ်နေရာနဲ့ မတူပီမှာ ပြည်နယ် လွှတ်တော်အတွက် တနေရာ လစ်လပ်နေတာကြောင့် နှစ်မြို့နယ်မှာ ကျင်းပနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာတော့ ရွေးကောက်ပွဲကို ပုံမှန်ကျင်းပနေပြီး မဲဆန္ဒရှင်ရဲ့ တဝက်လောက် လာရောက်မဲပေးထားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောပါတယ်။

“အခုချိန်ထိတော့ အေးအေးချမ်းချမ်းပါခင်ဗျ။ အကြမ်းဖျဉ်းခန့်မှန်းကြည့်သလောက်တော့ တဝက် ကျော်ကျော် လောက်တော့ ရောက်ပြီလို့ ခန့်မှန်းကြည့်တာပေါ့ဗျာ။ အတိအကျကိုကတော့ စာရင်းဇ ယား ထုတ်ပြန်မှ သိမှာပါ။ တဝက်လောက်တော့ ကျော်ပြီပေါ့ဗျာနော်။”

ရှမ်းပြည်နယ် လဲချားမြို့နယ်က အခြေအနေကိုတော့ ၂၀၁၀ ခုနှစ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ဦးစိုင်းကျော်ဇေယျက -

“ကျနော့်အမြင်မှာတော့ မဲလာထည့်တဲ့ ဦးရေ နည်းများ နည်းသွားသလားလို့။ စာရင်းအရက ရှိနေ တယ်။ လူတွေက မဲလာမထည့်ကြဘူး။ မထည့်ကြဘူးဆိုတာလည်း အကြောင်း အမျိုးမျိုးကြောင့်ပါ။ တချို့က တဘက် နိုင်ငံမှာ အလုပ်သွားလုပ်တာတို့ ရှိမယ်။ တချို့ကလည်း မဲထည့်ဖို့ စိတ်မဝင်စား တာရှိမယ်။ တချို့ကလည်း လာ ထည့်ပါတယ်။ တချို့ကလည်း သူတို့နံမည်မပါလို့ဆို ခပ်များများ ဖြစ်နေတယ်။ ကျေးရွာတွေမှာက။ အခု ရာခိုင်နှုန်း အရ တွက်ရလို့ရှိရင် ကျနော်ထင်တာလေ သုံးပုံတစ်ပုံလောက်ပဲ လာထည့်မယ်ထင်တယ်။ ၃၀ ရာခိုင်နှုန်းပေါ့။ ၄၀ ရာခိုင်နှုန်း။ အဲလောက် ကြားမှာ ရှိမယ်ထင်တယ်။ တချို့ကလည်း စပါးရိတ်သိမ်းချိန်တို့၊ ပြောင်းဖူးချိုးချိန်တို့ ဆိုတော့ သူတို့ကလည်း အလုပ်ကနေ ပြန်လာမှ လာထည့်မယ်ဆိုတာလည်း ကြားပါတယ် ခင်ဗျ။ ”

ရှမ်းပြည်နယ် မဲဆန္ဒနယ်မှာတော့ အရင်က လက်နက်ကိုင်အဖွဲ့အစည်းတွေက မဲဆန္ဒရှင်တွေကို ဖိအားပေးပြီး မဲထည့်ခိုင်းတာမျိုးတွေ ရှိခဲ့ဖူးကြောင်း ဝေဖန်တာတွေ ရှိပေမဲ့ ဒီကနေ့မှာတော့ အေးအေးဆေးဆေးပဲ ရှိနေပါတယ်။

ဒီကနေ့ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ပဲခူးနဲ့ စစ်ကိုင်းတိုင်းတွေမှာလည်း ကျင်းပခဲ့ပြီး ဒီဒေသတွေမှာတော့ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသာစီးရ နိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG