သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင် လဝက အရာရှိ ၃ ဦး ဖမ်းဆီးခံရ


(Zawgyi/Unicode)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ လဝက လက်ထောက်ညွှန်ကြား ရေးမှူးတဦး လက်ထောက်အရာရှိ နှစ်ဦးအပေါင်း ၃ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တခုကနေ မနေ့က ဖမ်းဆီး သွားခဲ့တယ်လို့ ပြည်နယ်လဝက တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။

ဘယ်အဖွဲ့ ဖမ်းဆီးသွားတယ်ဆိုတာ အတည်မပြူနိုင်သေးပေမဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကတော့ ဒီဖြစ်စဉ်ကို မေးမြန်းထားဆဲလို့ဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေစခန်းမှာတာဝန်ကျတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက လဝက အရာရှိ ၃ဦးကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းမှာ အမည်မသိ လက်နက် ကိုင်အဖွဲ့တခုကနေ ဖမ်းဆီးသွားကြောင်း ရခိုင်ပြည်နယ် လဝက ဦးစီးမှူးညွှန်ကြားရေးမှူး ဦးအောင်မင်းကပြောပါတယ်။

“အဲတာတော့ ဟုတ်ပါတယ်။ ဘူးသီးတောင်ကနေပြီးတော့ တောင်ဘဇာကို သွားတဲ့အသွားမှာ အဖမ်းခံရတာပါ။ ကျနော်တို့ဟိုကနေ လမ်းမှာခေါ်သွားတာပေါ့။ တာဝန်ကျတဲ့နေရာကိုသွားတာ။ ပြောင်းလာတာ မဟုတ်ဘူး။ သူကနေမကောင်း လို့ခွင့်ယူသွားပြီးတော့ ဆေးကု၊ ဆေးကုပြီးတော့ ပြန်အလာ ပြန်လာတဲ့အရာရှိပါ။ တင်မျိုးအောင်ပါ။ လက်ထောက် ညွှန်ကြားရေးမှူး။ နောက်ကျန်တဲ့ နှစ်ယောက်ကတော့ အငယ်ပါဗျ။ လက်ထောက် လဝက နှစ်ယောက်။”

ဖမ်းဆီးခံရသူတွေကတော့ လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်၊ လဝက လက်ထောက်ဦးစီးမှူး ဦးမျိုး ဆွေဦးနဲ့ လက်ထောက်လဝက ဦးစီးမှူး ဦးအောင်ဖြိုးကျော်တို့ သုံးဦးဖြစ်ကြောင်း သူကဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက လဝကအရာရှိ ၃ ဦး လိုက်ပါလာတဲ့ စက်လှေ ဘူးသီးတောင်မြို့ကအထွက် ကျောက်ရစ်ရွာဘက်မှာ အဖမ်းခံရတာလို့ ပြောပါတယ်။

“တောင်ဘဇာကနေ သူ့လက်အောက်ငယ်သား နှစ်ယောက်က လာပြီးတော့ ဘူးသီးတောင်မှာ လာကြိုတယ်။ သူတို့ တောင်ဘဇာကို ညနေ ၂ နာရီ၊ ၃ နာရီလောက်ဆို တောင်ဘဇာဘက်ကို စက်လှေနဲ့ထွက်သွားတယ်။ ဘူးသီးတောင်နဲ့ နှစ်မိုင် သုံးမိုင်ရှိမယ်ထင်တယ်။ အဲဒီသံရှည်ရွာနဲ့ ကျောက်ရစ်ရွာဆိုတာ ရွာနှစ်ရွာရှိတယ်။ အဲဒီအနားကနေ ခေါ်သွားတယ် လို့ပြောတယ်။ အဲဒီနေရာက ရဲကနေ အဲဒီမြေကိုမပိုင်ဘူး။ နယ်ခြားစောင့်ပဲပိုင်တယ်။”

စက်လှေမှာ ခရီးသည် စုစုပေါင်း ၁၈ ဦး ပါရှိပြီး အမည်မသိလက်နက်ကိုင်အဖွဲ့ကနေ လဝက အရာရှိ ၃ ဦးကို ဖမ်းဆီး ပြီးစက်လှေကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုင်ငံဝန်ထမ်းတွေ အခုလို အဖမ်းခံရတဲ့ဖြစ်စဉ်အပေါ် ရခိုင်ပြည်နယ် လဝကဦးစီးမှူးညွှန်ကြားရေးမှုး ဦးအောင်မင်းက အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ဝန်ထမ်းဖြစ်တာနဲ့အညီ တာဝန်ကျရာ တာဝန်ပေးတာသွားရတယ်။ ဒီအပေါ်မှာတော့ဗျာ ဘာ ဘဲဖြစ်ဖြစ် အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုးတော့ မရှိစေချင်တာပါ။ နောက်အခုလိုမျိုး ဖမ်းတာမျိုးလည်း မရှိစေချင်ဘူးပေါ့ဗျာ။ ဒါပါပဲ။”

ဖမ်းဆီးထားတဲ့အဖွဲ့ဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကလို့ ဒေသခံတွေက ယူဆပြောဆိုနေကြပေမဲ့ AA ပြောခွင့်ရ ခိုင်သုခ ကတော့ ဒီဖြစ်စဉ်ကို မေးမြန်းထားဆဲလို့ဆိုပါတယ်။

“အဲဒီဥစ္စာတော့ အင်တာနက်ပေါ်မှာတော့ ကျနော်တို့လဲ တွေ့တယ်။ ကျနော် အဲဒီမှာ ကျနော်တို့ရုံးချုပ်ကို လှမ်းပြီးတော့ မေးထားတယ်ဗျ။ ကျနော်ဆီကို မပြန်လာသေးဘူး။”

လဝက အရာရှိ ၃ ဦး အဖမ်းဆီးခံရကြောင်း အတည်ပြုချက် ရရှိပေမဲ့ ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာ တိတိ ကျကျ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကာလတွင်း ဌာနဆိုင်ရာဝန်ထမ်းတွေ ဖမ်းဆီးမှုတွခံနေရသလို အရပ် သားတွေကလဲ AA အဖွဲ့နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရမှုတွေကလည်း များပြားနေပါတယ်။

မနေ့ကလဲ ရခိုင်ပြည်နယ်မင်းပြားမြို့နယ် အိုးပုံတောင်ရွာအနီး ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ရွာနဲ့ ပလက်ဝမြို့နယ် နုံးဘူးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြားတိုက်ပွဲဖြစ်ခဲ့တယ်လို့ AAပြောခွင့်ရ ခိုင်သုခ ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

....................


(Unicode)
















ဆက်စပ်သတင်းများ ...

XS
SM
MD
LG