နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အရေးမှာ အကြမ်းဖက်သမား အစုအဖွဲ့တွေကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နိုင်ငံတကာ အသိုက်အဝန်းက အလေးပေး စဉ်းစားခြင်း မရှိလို့ စိတ်ပျက်မိကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာကိုလည်း သူ့အနေနဲ့ နားလည်ကြောင်း ပြောပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဂျပန် ဧကရာဇ် Naruhito ရဲ့ ဘိသိတ်ခံပွဲကို တက်ရောက်ပြီး တစ်ရက်အကြာမှာ The Nikkei Asian Review သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ရခိုင်အရေးနဲ့အတူ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံခြား ဆက်ဆံရေးကိစ္စတွေကိုလည်း ဖြေကြား ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။
ဂျပန်ဧကရာဇ် Naruhito ရဲ့ဘိသိတ်ခံပွဲအပြီး နောက်တစ်ရက် အောက်တိုဘာလ၂၃ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ The Nikkei Asian Review အယ်ဒီတာချုပ် Tetsuya Iguchi ရဲ့ ရခိုင်အရေးကိစ္စ မေးမြန်းချက်ကို အခုလို ဖြေကြားခဲ့ပါတယ်။
" ကျမ အစိုးရ တက်လာကတည်းက ရခိုင်ပြည်နယ်မှာ ရေရှည် ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေတယ်ဆိုတာ သိနေပါတယ်။ ကျွန်မတို့ အစိုးရ က ၂၀၁၆ ခုနှစ် မတ်လမှာ အာဏာရယူခဲ့ပြီးတဲ့နောက် မေလထဲမှာပဲ ရခိုင်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မရှင်ကို ဖွဲ့ခဲ့တယ်။ တရားဥပဒေစိုးမိုးမှု မရှိတာနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာကြောင့် ဒီပြဿနာတွေကို ရေရှည်ဖြေရှင်းရမယ်လို့ ကျွန်မတို့ နားလည်ထားခဲ့ပါတယ်။ ဒီ ပြဿနာဟာ တစ်ချို့လူတွေထင်နေသလို ဘာသာရေးပြဿနာ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ လူမှုရေးပြဿနာပါ။ စီးပွားရေး ကျပ်တည်းမှုနဲ့ အတူ လူမှုရေး စီးပွားရေး ပြဿနာတွေ ပိုဖြစ်လာပါတယ်။ ရခိုင်ဟာ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်ပေမဲ့ စီးပွားရေး အလားအလာတွေ အများကြီး ရှိနေပါတယ်။ နည်းလမ်းမှန်မှန်နဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့တာလေးပါ။ ဒါကြောင့် လူမှုရေးပြဿာနာတွေ ဖြေရှင်း ပေးဖို့ ကိုဖီအာနန်ကို ချဉ်းကပ်ပြီး ကော်မရှင်တစ်ရပ် ထူထောင်ခဲ့တာပါ။
ကျွမတို့ ဒီလို လုပ်ပြီးပြီးချင်းပဲ အကြမ်းဖက် တိုက်ခိုက်မှု ပထမဆုံး စဖြစ်တော့တာပါပဲ။ ဒီလိုဆိုတော့ ငြိမ်းချမ်းရေး မလိုလားတဲ့ လူစုတွေ ရခိုင်ပြည်နယ်ထဲ ရှိနေတယ်လို့ ကျွန်မတို့ မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်သမား အများစုဟာ ပြဿနာတွေထဲကနေ ရှင်သန်ကြီးထွားလာတာပါ။"
" NVC (national verification cards) နဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်ကလူတွေကို ပစ်မှတ်ထား လုပ်နေတယ်လို့ ပြောနေတာတွေ ရှိပါတယ်။ ဒါဟာ မမှန်ပါဘူး။ တစ်နိုင်ငံလုံးမှာ ဒီလို လုပ်နေတာပါ။ အားလုံး ဒီ ဖြစ်စဉ်ကိုပဲ ဖြတ်ကျော်ရတာပါ။ ကျမတို့ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားသူတွေလည်း ဒီ ဖြစ်စဉ်အတိုင်း လုပ်ရတာပါပဲ။ ကျမတို့တစ်တွေ အသက် ၁၂ နှစ်မှာ တစ်ကြိမ်၊ ၁၈ နှစ်မှာ တစ်ကြိမ်နဲ့ အသက် ၃၀ တွေမှာ ဒီလို စိစစ်ရေး လုပ်ငန်းစဉ်ကို ဖြတ်သန်းရတာပါပဲ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်တာပါ။ ဒါကို နားမလည်တဲ့လူတွေ သူတို့ စိတ်ဝင်စားရာ နေရာလေးကိုပဲ ကွက်ပြီး အလေးထားပြောနေတာပါ။ ကျမတို့အတွက်ကတော့ တစ်နိုင်ငံလုံး အတွက် စဉ်းစားရပါတယ်။ ရခိုင်ကိစ္စက ကျွန်မတို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေထဲက တခုသာ ဖြစ်ပါတယ်။ ကျွန်မတို့ တိုင်းပြည် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ကိုယ်စား မပြုပါဘူး။"
မြန်မာ့ နိုင်ငံရေးမှာ အရေးပါတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ရှေ့ရွေးကောက်ပွဲ မတိုင်ခင် အခြေခံ ဥပဒေ ပြင်ဆင်ရေး ဖြစ်နိုင် မဖြစ်နိုင် မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားပါတယ်။
" အခုလောလောဆယ်မှာတော့ ကျမတို့ရဲ့ ဒီမိုကရေစီစနစ်က မပြည့်စုံ သေးပါဘူး။ ရွေးကောက်မခံရဘဲ ရှိနေတဲ့ လွှတ်တော်ထဲက ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းက သိပ် ထင်ရှားတဲ့ ဥပမာတစ်ခုပါ။ ပြည့်စုံတဲ့ ဒီမိုကရေစီစနစ်ရှိဖို့ ကိုယ်စားလှယ်တွေအားလုံး ရွေးကောက်ခံ တွေ ဖြစ်ဖို့ လိုပါတယ်။ ဒါက အခြေခံပါပဲ။ ပြည်သူလူတွေရဲ့ လက်ထဲ အချုပ်အခြာအာဏာ ရှိစေဖို့အတွက် ပြင်ဆင်ဖို့ လိုနေသေးတဲ့ အခြေခံ ဥပဒေထဲက တခြား အချက်တွေလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီလို ပြင်ဆင်တဲ့အခါမှာ ညီညွတ်ရေးနဲ့ တည်ငြိမ်မှုကို မထိခိုက်စေဖို့လည်း သတိထား ရမှာဖြစ်ပါတယ်။ "
ဒါ့အပြင် နောက်နှစ် ရွေးကောက်ပွဲမတိုင်ခင် အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြောဖို့ ခက်ကြောင်း၊ နောက်လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် တနှစ်အတွင်း အခြေခံ ဥပဒေ ပြင်ဆင်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် မပေးချင်ကြောင်းလည်း ပြောပါတယ်။
အန်အယ်လ်ဒီ အစိုးရလက်အောက်မှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှေးကွေးတယ်လို့ ဝေဖန်နေကြတဲ့ကိစ္စနဲ့ တစ်ချို့ အာရှနိုင်ငံတွေမှာ စီးပွားရေးတိုးတက်အောင် လုပ်ရာမှာ ဒီမိုကရေစီ အစိုးရ လက်အောက်မှာထက် အာဏာနဲ့ အုပ်ချုပ်တဲ့အစိုးရတွေ လက်အောက်မှာ ပိုပြီး ကောင်းအောင်လုပ်နေတယ်လို့ လေ့လာသုံးသပ်မှုတွေ ရှိနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းချက် အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့အမြင်ကို ပြောပါတယ်။
" ကျမတို့က ရေရှည်တည်တံ့ရေးကို ဦးစားပေးပါတယ်။ မြန်တာနဲ့ ရေရှည်တည်တံ့တာ နှစ်ခုမှာ ရေရှည်တည်တံ့တာကို ပို သဘောကျ ပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့တဲ့ အပြောင်းအလဲတွေ လုပ်ချင်ပါတယ်။ တိုင်းပြည်ရဲ့ ညီညွတ်ရေးနဲ့ တည်ငြိမ်ရေးကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ချင်ပါတယ်။ ဒါဘာကို ဆိုလိုသလဲဆိုတော့ နှေးနှေးနဲ့ သွားဖို့လိုရင် နှေးနှေးသွားပါတယ်။"
မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖို့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကဏ္ဍမှာ ဂျပန်နိုင်ငံရဲ့ အကူအညီပေးနိုင်တဲ့ အခန်းကဏ္ဍကို ဘယ်လို မျှော်လင့်ထား သလဲဆိုတဲ့ မေးမြန်းချက်အပေါ်မှာလည်း မြန်မာနိုင်ငံအတွင်း ဆက်သွံယ်ရေးနဲ့ စွမ်းအင်ကဏ္ဍတိုတက်ရေးဟာ အရေးအကြီးဆုံးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံက စွမ်းအင် ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားရင် နှစ်ဘက် အကျိုး ရှိစေမယ့် သဘောတူညီချက်မျိုး ရရှိဖို့ အတူ လုပ်ဆောင်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ကြီးထွားလာတဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုအပေါ် ဘယ်လို မြင်ပါသလဲဆိုတဲ့ မေးခွန်းကိုလည်း အခုလို ဖြေကြားခဲ့ပါတယ်။
" ဂျပန်ကို မိတ်ဆွေအဖြစ် မြင်သလို တရုတ်ကိုလည်း မိတ်ဆွေလို့ သဘောထားပါတယ်။ ဘယ်မိတ်ဆွေကို ရွေးမလဲဆိုပြီး ရွေးချယ်ခိုင်းတာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျမတို့နိုင်ငံက ဘက်မလိုက်တဲ့ အနေအထားမှာ ရပ်တည်နေလာခဲ့တာပါ။ ကျမအထင် လွတ်လပ်ရေး ရပြီးကတည်းက ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ရပ်တည်လာတာပါ။ မြန်မာနိုင်ငံဟာ သေးငယ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံလည်း ဖြစ်တာကြောင့် ဖြစ်စေချင်သလို လုပ်ခိုင်းလို့ရတဲ့ အနေအထားမျိုးမှာ မရှိပါဘူး။"
နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာမှာ ဆက်ခံမယ့်သူ ဘယ်သူဖြစ်မလဲဆိုတဲ့ မေးမြန်းချက် အပေါ်မှာတော့ လူ အများ သိထားတဲ့အတိုင်း NLD ပါတီမှာ တိကျတဲ့ ရာထူးအဆင့်တွေရှိကြောင်း၊ ဒီလို ဆက်ရှိနေမယ်လို့ မျှော်လင့်မိကြောင်း၊ ပါတီတွင်း ရာထူးအဆင့်တွေ ပုံမှန်နဲ့ တည်ငြိမ်တဲ့ အဆင့်ဆင့် တိုးတက်မှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြောင်းပါ။
(unicode)