သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွင်းကုန်ကန့်သတ်မှုကြောင့် မြန်မာမွေးမြူရေးဈေးကွက် ထိခိုက်


ရန်ကုန်မြို့ပြင်က ကြက်မွေးမြူရေးခြံတခုရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (အောက်တိုဘာ ၂၄၊ ၂၀၁၃)
ရန်ကုန်မြို့ပြင်က ကြက်မွေးမြူရေးခြံတခုရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (အောက်တိုဘာ ၂၄၊ ၂၀၁၃)

ပြည်ပသွင်းကုန်အပေါ် ကန့်သတ်စိစစ်မှုတွေတိုးလာတာနဲ့အမျှ ကုန်ပစ္စည်းရှားပါးမှုတွေ၊ ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် မြန်မာနိုင်ငံက မွေးမြူရေးလုပ်ငန်းတွေမှာ ထိခိုက်လာနေတယ်လို့ လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။နိုင်ငံခြားငွေဈေးတက်တာ၊ ကုန်သွယ်ရေး လျော့ကျတာနဲ့ ကုန်ကြမ်းရှားပါးတာကြောင့် လာမဲ့နှစ်အထိ မွေးမြူရေးအစာဈေးတွေ တက်နေဦးမယ်လို့ မွေးမြူရေး လုပ်ငန်းရှင်တွေက ခန့်မှန်းနေကြတာပါ။ မြန်မာနိုင်ငံ မွေးမြူရေးဈေးကွက်အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။

ပြည်ပကသွင်းကုန်တွေအပေါ် ကန့်သတ်မှုများလာတဲ့အတွက် ပြည်ပကလာတဲ့ မွေးမြူရေး အစာ တအိတ်ကို ကျပ်တသိန်းလောက် ပေးဝယ်နေရတဲ့အတွက် တွက်ခြေကိုက်ဖို့ ရုန်းကန်နေရတယ်လို့ ပြည်တွင်းက မွေးမြူရေးလုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ အရင်လို နယ်စပ်ကနေ မသွင်းနိုင်သလို နိုင်ငံခြားငွေကလည်း ရှားပါးလာတဲ့အတွက် မွေးမြူရေးအစာတွေ အခုလို စျေးတက်လာတာလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ နောက်ဆုံးတော့ ဝယ်တဲ့သူနဲ့ပဲ စျေးကို ညှိနှိုင်းပြီး ရောင်းချရကြောင်း ရန်ကုန်က အသားစားကြက် မွေးမြူသူတဦးက ပြောပါတယ်။

"ညီမတို့က အခုက ဆင်မြီးမွေးတာဆိုတော့ ကုမ္ပဏီအစာပဲ ကျွေးတာပေါ့။ De Heus (ဒီဟက်စ်)ကနေ အဓိကဖြုန်းနေတာပေါ့။ အခုညီမတို့ဝယ်ရတာ တသိန်းနဲ့ထောင့်ခြောက်ရာ၊ percent နုတ်ပြီးသား ပေါ့နော် တအိတ်ကို။ ညီမတို့က ဆင်မြီးက အကောင်မွေးတာက ၇,၀၀၀ မွေးတာပေါ့၊ အကောင် ၇,၀၀၀ ကို တရက်ကို အကောင်ကြီးလာတဲ့အလျှောက်ပေါ့နော် တရက်ကို ၉ အိတ် ကျွေးတာ၊ ညီမတို့က ဒံပေါက်ဆိုင်နဲ့က partner တွေဆိုတော့ ချိန်ရတာပေါ့။ အစာစျေးနှုန်းတက်တော့လည်း တက်တဲ့အလျောက်ပေါ့။ နည်းနည်းတော့ ပြန်ကြည့်ရတာပေါ့ အဲလိုမျိုး။"

ရေကြီးပြီးနောက်ပိုင်း စပါးပြန်စိုက်ကြပေမဲ့ တချို့နေရာတွေမှာ လယ်တွေရေမြုပ်နေတုန်း ဖြစ်ပါတယ်။ ဒါကြောင့်ပြည်တွင်းမှာ ဖွဲနုများများရဖို့ မသေချာနိုင်သလို ပြောင်းနဲ့ပဲလို ဖြည့်စွက်အစာကုန်ကြမ်းက ရှမ်းပြည်ဘက်မှာ ရှားနိုင်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာထုတ်တဲ့ မွေးမြူရေးအစာတွေလည်း စျေးကောင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီကာလမှာ မွေးမြူရေးသမားတွေအနေနဲ့ ကိုယ်တိုင်အစာစပ်ပြီး ကျွေးသင့်တယ်လို့ ငါးမွေးမြူရေး ကျွမ်းကျင်ပညာရှင်ဦးစိုးကျော် ဗွီအိုအေကို ပြောပါတယ်။

"ပရိုတိန်းကို ကိုယ့်ဘာသာကိုယ်စပ်တတ်ဖို့ လိုတယ်ပေါ့နော်။ စပ်ပြီးတော့ ဘယ်ငါးပမာဏ (size) ကို ပရိုတိန်းဘယ်လောက် ကျွေးရမယ်ဆိုတာ ကိုယ့်ဖာကိုယ်သိဖို့ လိုမယ်။ ကုန်ကြမ်းအရည်အသွေးတွေ ကောင်းကောင်းရှာပြီးတော့သုံးတတ်ဖို့ပဲ လိုတာပေါ့။ နောက်ပိုင်းမှာ စျေးကြီးလာတာနဲ့အမျှ အရောအနှောတွေ ပါဝင်လာတယ်ပေါ့၊ ဖွဲနုဆိုရင်လည်းပါလာတယ်၊ ပဲဖတ်တောင် အရောအနှောတွေ ပါလာတာတွေ့ရတယ်။ နိုင်ငံခြားကတင်သွင်းတဲ့ အစာတောင့်တွေ CPရှိမယ်၊ De Heus ရှိမယ်။ ဒါကတော့ နာမည်ကြီး ကုမ္ပဏီတွေပေါ့၊ အဲဒီကုမ္ပဏီတွေကထုတ်တဲ့ အစာတောင့်က ဒေါ်လာစျေးဘာညာကျလည်း ဒီကောင်က သိသိသာသာကျသွားတာ မရှိဘူးပေါ့။ စျေးတန့်နေတာမျိုးလောက်ပဲ ရှိတယ်။ သုံးပုံတပုံအရင်ကထက် တက်လာတာတွေ့ရတယ်။"

၂၀၂၃ နှစ်စက ကြက်ဥတပိဿာကို ခြံကောက်စျေး ကျပ် ၅,၀၀၀ ပဲရှိပြီး အခု ၂၀၂၄ နှစ်ကုန်ခါနီးမှာ တပိဿာကို ကျပ် ၁၀,၀၀၀ ကျော်လာပါတယ်။ တနှစ်ကျော်အတွင်း ထက်ဝက်မက စျေးတက်လာတာပါ။ အသားစားကြက်က တပိဿာကို ရန်ကုန်ခြံဖမ်းစျေး ၁၂,၀၀၀ကျပ် ရှိပြီး လက်လီစျေးကွက်နဲ့ နယ်မြို့တွေမှာတော့ ကျပ် ၁၅,၀၀၀ အထက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ၂၀၂၄ တနှစ်ပတ်လုံးမှာ ကုန်စျေးနှုန်းတက်တာ၊ ရာသီဥတုဆိုးရွားတာကို အတော်လေး ခံခဲ့ရတယ်လို့ပြည်တွင်းက မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG