မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းအသုံးပြုတာတွေကို ရပ်ဆိုင်းရေးဟာ အစိုးရတပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့တွေ အကြား အပြန်အလှန်ယုံကြည်မှု အားနည်းနေတာကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာ မရှိကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အတွင်းရေးမှူး ၁ က ပြောပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ ၅၀၀နီးပါးရှိနေပြီး စစ်ပွဲဖြစ်ပွားရာဒေသက ပြည်သူတွေကတော့ ဒီလိုအဖြစ်မျိုးတွေ ထပ်မံမဖြစ်ပေါ်စေဖို့ တောင်းဆို ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားဆီးရေး သဘောတူစာချုပ်ကို လက်မှတ်မရေးထိုး သေးသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း မြေမြုပ်မိုင်းတွေကို အသုံးပြုနေဆဲဖြစ်ပါတယ်။
ဒီလ ၄ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနဲ့ မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားမှာ မြန်မာနိုင်ငံက ပြည်နယ် ၉ခု မြို့နယ် ၅၂မြို့နယ်ဟာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင်က ပြောဆိုထားပါတယ်။
လောလောဆည် မြေမြုပ်မိုင်းအသုံးပြုတာတွေ ရပ်ဆိုင်းနိုင်တဲ့အခြေအနေမရှိသေးကြောင်းကို ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အတွင်းရေးမှူး ၁ ဒေါက်တာ ရွှေခါးရ်က ပြောပါတယ်။
“ကျနော်တို့ရဲ့ NCA မှာတော့ နှစ်ဘက် သဘောတူမှုအရ မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့က coordination လုပ်ပေးရမှာပေါ့။ အခုထက်ထိကတော့ ကျနော်တို့ အဲဒါမျိုးမိုင်းရှင်းမယ်ဆိုတဲ့ နှစ်ဘက်သဘောတူညီထားတာတော့ အခုထိတော့ မရှိသေးဘူး။ အဓိကဖြင့်တော့ အခုထက်ထိက ကျနော်တို့ မိုင်းတွေက လုံခြုံရေးအရ သုံးထားတဲ့ မိုင်းတွေ ဆိုတော့ အခုထက်ထိကတော့ ယုံကြည်မှုက နည်းသေးတယ် လို့ပဲ ပြောရမှာပေါ့နော်။ အဲဒါတွေကြောင့် အဲဒါ ကျနော်တို့ မလုပ်နိုင်သေးဘူး။”
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ အစိုးရတပ်မတော်အကြားမှာတော့ မိုင်းရှင်းလင်းရေးနဲ့ပတ်သက်ပြီး သဘောတူညီထားတဲ့ အချက်ကို အခုလို ဆက်လက်ပြောပါတယ်။
“ကျနော်တို့ မူတစ်ခုတော့ ချထားတာပေါ့။ တကယ်လို့ နှစ်ဘက် သဘောတူတဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်မယ်ဆိုရင်တော့ မိုင်းရှင်းလင်းရေးနဲ့ပတ်သက်တဲ့ အသိပေး workshop တွေ၊ activity တွေ အသိပညာကိုတော့ ဘယ်သူပေးပေး လာပေးလို့ရတယ်။ နိုင်ငံခြားကရော၊ ပြည်တွင်းကရောပေါ့။ ဒါပေမဲ့ တကယ်လက်တွေ့ ရှင်းလင်းမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင်ပဲ ကိုယ်ရှင်းကြမယ်ဆိုပြီးတော့ အဲဒါမျိုးတော့ သဘောတူထားတာရှိပါတယ်။”
ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ နေရာတွေ၊ လမ်းတွေမှာ မိုင်းရှင်းလင်းရေး ဆောင်ရွက်ဖို့ကိုလည်း ဆွေးနွေး ထားကြောင်း ဒေါက်တာရွှေခါးရ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အပတ်သောကြာနေ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်လီရွာအနီးမှာ မိုင်းနင်းမိတာ ကြောင့် လူ ၃ ယောက်သေဆုံးကြောင်း မန်လီရွာသားတဦးက အခုလို ပြောပါတယ်။
“ရွာသားတွေက တောင်ရွာသွားရင်းနဲ့ ဖြစ်တာပါခင်ဗျ။ မနက်အစောကြီး သွားတာ။ မနက်စာက တောင်ယာမှာ စားကြတာလေ။ အဲ ထမင်းစားနေတဲ့အချိန်မှာ ၁၅နှစ်သားလေးက သူက မစားဘဲနဲ့ လျှောက်လည်တဲ့အချိန်မှာ နင်းမိတာခင်ဗျ။ ၇ယောက်ထိတာ ၃ယောက်သေ၊ ၄ယောက် ရှင်တယ်။ အဲဒီဆေးရုံတက်တဲ့သူတွေလည်း ပြန်ဆင်းပြီ။ တစ်ယောက်ပဲ ကျန်တော့တယ်။ ၁၁နှစ်ကလေး သူက လေးတန်းဖြေထားတာပေါ့ ကျောင်းသူလေး တစ်ယောက်ပါတယ်။ ကျွဲကျောင်းသားကလေး ၁၅နှစ် တစ်ယောက်ပါတယ်။ ၃၄ တစ်ယောက်ပါတာပေါ့။”
သီပေါမြို့နယ် မန်လီရွာအနီးမှာ RCSS ရှမ်းတပ်ဖွဲ့ နဲ့ SSPP၊ TNLA ရှမ်း၊ ပလောင် ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ဒီမိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အစိုးရတပ်မတော်နဲ့ RCSS က TNLA ရဲ့ လက်ချက်လို့ သတင်းထုတ်ပြန်ပေမဲ့ TNLA ကတော့ ငြင်းဆိုထားပါတယ်။
ဒေသခံ ပြည်သူတွေကတော့ ကျေးရွာတွေ၊ လူသွားလမ်းတွေမှာ မိုင်းထောင်တာမျိုး ဆက်မလုပ်ဖို့အတွက် မေတ္တာရပ်ခံကြပါတယ်။
“ကျနော်တို့ အနေနဲ့ကတော့ အာဏာပိုင် အကုန်လုံးကို မေတ္တာရပ်ခံတာပေါ့။ သွားလာရာလမ်း၊ တောင်ယာတွေ မှာ မထောင်ဖို့ပေါ့ဗျာ။ လက်ကျန် မိုင်းတွေ ရှိရင်လည်းရှင်းပေးဖို့။ နောက် ထပ်မထောင်ဖို့၊ ဒီလိုမျိုး ဆက်မဖြစ်အောင်၊ ရွာသားတွေကို မကြောက်မလန့်အောင် ကျနော်တို့ကို ကူညီပေးပါလို့ပဲ တောင်းဆိုချင်တာပေါ့။ ”
နေပြည်တော်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနဲ့ မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားမှာ ၂၀၁၇ခုနှစ်ကနေ ယနေ့အထိ မိုင်းကြောင့် ထိခိုက်သူ ၄၄၉ ဦးရှိကြောင်းနဲ့ ထောက်ပံငွေ ၉၉၈ သိန်းထောက်ပံ့ခဲ့ကြောင်း လူကယ်ပြန်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင်က ပြောကြားပါတယ်။
ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF ကတော့ မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်း တွေကြောင့် ၂၀၁၇ ခုနှစ်မှာ ထိခိုက်သေဆုံးမှု ၁၇၆ မှုဖြစ်ပွားပြီး ၂၀၁၈ ခုနှစ်မှာတော့ ၂၇၆မှုအထိ များပြားလာခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်းမှာ ကလေး ၁၆ယောက်သေဆုံးပြီး ၄၀ထိခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်မှာ မြေမြုပ်မိုင်းအသစ်တွေ ထပ်မထောင်ဖို့နဲ့ ကလေးငယ်တွေနဲ့ သူတို့ မိသားစုတွေကို ကာကွယ်ပေးဖို့အတွက် ပဋိပက္ခမှာ ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ အားလုံးကို တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံး နိုင်ငံ ၅ နိုင်ငံစာရင်းထဲမှာ ပါဝင်ပါတယ်။