{{Zawgyi/Unicode}}
မူဆယ်ကုန်သွယ်ရေးဇုန်က နယ်စပ်ဂိတ်တွေနဲ့နီးကပ်တဲ့ နေရာတလျှောက်မှာ တရုတ်ဘက်က ခြံစည်းရိုးတိုးပြီးကာရံတာတွေကို အခုရက်ပိုင်းထဲမှာ တိုးပြီး လုပ်ဆောင်လာပါတယ်။ မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်နားမှာလည်း ခြံစည်းရိုးတွေကာရံနေပြီး တချို့နေရာတွေမှာ နယ်ခြားမှတ်တိုင်တွေကို ကျော်ပြီးကာရံလာတွေ ရှိနေကြောင်း ပန်ဆိုင်းမြို့က ဒေသခံတွေကပြောပါတယ်။ မြန်မာပြည်တွင်းက ပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ် မူဆယ်ခရိုင်တကြောမှာ တရုတ်ဘက် နယ်စပ်ခြံစည်းရိုး တည်ဆောက်တာကို ဆက်တိုက်လုပ်နေပါတယ်။ တချို့နေရာတွေမှာ နှစ်နိုင်ငံ နယ်ခြားမှတ်တိုင်ကိုကျော်ပြီး မြန်မာနယ်မြေထဲကို ဝင်ရောက်ကာရံနေတယ်ဆိုပြီး ဒေသခံက ဝိုင်းပြီးကန့်ကွက် နေကြပါတယ်။
အထူးသဖြင့် မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ မန့်မိုင်ကျေးရွာနားမှာ နယ်မြေကျူးကျော်မှု တွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကိစ္စ တရုတ်ဘက်ကို အကြောင်းကြားထားပေမဲ့ တစုံတရာ တုံ့ပြန်တာမျိုးမရှိသေးကြောင်း ပန်ဆိုင်းမြို့နယ် အုပ်ချုပ်ရေးဌာနဘက်က တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
“နှစ်နိုင်ငံနယ်စပ်မျဉ်းရဲ့ သူတို့ဘက်ရဲ့ ရှေ့ကိုကျော်ပြီးတော့မှ နောက်ထပ်ချောင်းဘေးမှာ မြေဖို့ပြီးတော့ လမ်းဖောက်တာပေါ့နော်၊ ဒီလိုဟာမျိုးတွေအထိ လုပ်တယ်။ ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်နေတဲ့အချိန်အခါမှာ ပိုပြီးတော့ သူတို့အတွက် လုပ်ဖို့အခွင့်အလမ်း ပိုရနေသလို ဖြစ်နေတာပေါ့။ ကျနော်တို့က ဒီအပေါ်တွေမှာ နိုင်ငံငယ်လည်း ဖြစ်တဲ့အခါကျတော့ ဒါတွေကို ပြန်ပြီးတော့မှ သူတို့ကို ကန့်ကွက်ပြီးတော့ ရပ်ခိုင်းထားတာတို့ ဒါမျိုးတွေလုပ်တယ်။"
မူဆယ်ခရိုင်ထဲမှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့တချို့နဲ့ စစ်ကောင်စီတပ်တွေဒီရက်ပိုင်းထဲမှာ နှစ်ဘက်ပစ်ခတ်မှုတွေ ရှိပါတယ်။ ပန်ဆိုင်းမြို့ရဲစခန်းလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်ခိုက်ခံရပြီး မနေ့က အောက်တိုဘာ ၂၆ ရက်ကလည်း မူဆယ်မြို့၊ မော်တောင်းကျေးရွာနားမှာ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာတော့ မူဆယ်မြို့၊ မိုင်းယု (၁၀၅ မိုင်) မှာရှိတဲ့ ဂိမ်းဆိုင်တခုမှာ ပစ်ခတ်မှုတခု ဖြစ်ခဲ့ပါတယ်။ ဒေသအခြေစိုက် သတင်းဌာနတွေကတော့ ဒီပစ်ခတ်မှုကြောင့် ပြည်သူ့စစ်တဦးနဲ့ ဒေသခံတဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ပန်ဆိုင်းနဲ့ မုံကိုးအနီးနားက ခပ်စိပ်စိပ်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ ဒေသခံကလည်း တရုတ်- မြန်မာ နယ်စပ်မှာ ၂,၀၀၀ ဝန်းကျင်လောက်ရှိနေတာပါ။ ဒီလိုမတည်ငြိမ်မှုတွေ ရှိလာတဲ့နောက်ပိုင်း တရုတ်ဘက်က ခြံစည်းရိုးတွေ ပိုပြီးတိုးကာလာနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“၂၀၁၆ စစ်ပွဲမှာ သူတို့ကြုံတွေ့ခဲ့ရတဲ့ ဒီဘက်က စစ်ဘေးဒုက္ခသည်တွေ ဟိုဘက်ကို အရှိန်အဟုန်နဲ့ ဝင်သွားတဲ့ကတည်းက သူတို့က ဒီလိုအခြေအနေမျိုးကို မလိုလားဘူးပေါ့နော်။ မလိုလားတဲ့အတွက် လက်နက်ကိုင် ပြဿနာနဲ့ ပတ်သက်ပြီးတော့လည်း တဖက်က၊ ဒါကတော့ ကျနော်တို့ အတည်မပြုဘူးပေါ့၊ ဖိအားတွေ ရှိပြီးတော့မှ ဒီလုပ်ငန်း (ခြံစည်းရိုးကာတာကို) တောက်လျှောက်ဆောင်ရွက်ခဲ့တာ ဒီကနေ့အထိကတော့ မရပ်မနားပါပဲ။”
တရုတ်ဘက်က ခြံစည်းရိုးကာရံတာကို နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေနဲ့နီးတဲ့ နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ မုံးကိုး အနားတဝိုက်မှာ ဦးစားပေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ နယ်စပ်ခြံစည်းရိုးရဲ့ တချို့နေရာတွေမှာဆိုရင် သံဆူးကြိုးနားကို မြန်မာနိုင်ငံသားတွေ မကပ်ကြဖို့ တရုတ်- မြန်မာ နှစ်ဘာသာနဲ့ အသံချဲ့စက်ကနေ တရုတ်ဘက်က သတိပေးနေတာပါ။ မြန်မာနိုင်ငံဘက်အခြမ်းက တိုက်ပွဲတွေကို သတိထားပြီး ရှောင်ရှားကြဖို့၊ တိုက်ပေါ်တွေတက်ပြီး ဗွီဒီယို မှတ်တမ်းတင်တာတွေ မလုပ်ကြဖို့လည်း တရုတ်ဝမ်တိန်မြို့က အာဏာပိုင်တွေက သူ့နိုင်ငံသားတွေကို အခုရက်ပိုင်းထဲမှာ သတိပေးထားပါတယ်။
============
{{Unicode}}
#Muse #MyanmarChina #MyanmarChinaBorder #VOABurmese
============