သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိခဲ့တဲ့ မူဆယ်မှာ ဒီကနေ့ လက်လုပ်မိုင်းပေါက်ကွဲ


မူဆယ်မြို့ရှိ လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာ။ (ဓာတ်ပုံ - MOI - မေ ၂၆၊ ၂၀၂၀)
မူဆယ်မြို့ရှိ လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာ။ (ဓာတ်ပုံ - MOI - မေ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

တရုတ်နိုင်ငံထုတ် ဖောက်ခွဲရေးသုံးပစ္စည်းတွေ တင်လာတဲ့ ကုန်ကားတစီးကို မူဆယ်ကုန်သွယ်ရေးဇုန်မှာ မနေ့က နေ့လယ်ပိုင်းက ဖမ်းမိပြီး ဒီနေ့လယ်ပိုင်း မူဆယ်မှာ လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးပါမယ်။

Detonator ဖောက်ခွဲရေးသုံးပစ္စည်း အရေအတွက် ၁၀၀,၀၀၀ နီးပါးကို မူဆယ်မြို့ မန်ဝိန်းနယ်စပ်ဂိတ်နား ရပ်ထားတဲ့ ကုန်ကားပေါ်မှာ မနေ့က နေ့လယ်ပိုင်းက ဖမ်းဆီးမိပြီး စစ်ဆေးမှုတွေ မပြီးသေးဘူးလို့ မူဆယ်မြို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ယာဉ်မောင်းက မြန်မာလူမျိုးဖြစ်ပါတယ်။

တရုတ်နိုင်ငံ ကြယ်ဂေါင်ကနေ မန်းဝိန်းဂိတ်ကြားမောင်းပို့ဖို့ တရုတ်ကုန်သည်အဖွဲ့တွေ ရွေးထားတဲ့ ယာဉ်မောင်း အယောက် ၂၀ ထဲက တဦးဖြစ်တယ်လို့ မူဆယ်ခရိုင်အုပ်ချုပ်ရေး လက်ထောက်ညွှန်မှူး ဦးမောင်မောင်သန်းက ပြောပါတယ်။

“ကျနော်သိတာကတော့ မောင်းပေးတဲ့ ယာဉ်မောင်းကတော့ မြန်မာလူမျိုးပဲလေ။ ဒါပေမဲ့ တရုတ်က ရွေးထားတဲ့ တရုတ်ကိုယ်စားလှယ်ယာဉ်မောင်းပေါ့။ အမှုအခင်း အသေးစိတ်ကတော့ ရဲမေးမှ ရမယ်ဗျ။”

ပြည်တွင်းမှာ ဥပဒေအရ ကန့်သတ်ထားတဲ့ ပစ္စည်းတွေဖြစ်လို့ တရားမဝင် သယ်ဆောင်ခိုင်းတဲ့သူကို မူဆယ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဝယ်ယူတဲ့သူကို မဖမ်းမိသေးဘူးလို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီနေ့နေ့လယ်ပိုင်းလည်း မူဆယ် မန်ဝိန်းနားမှာ လက်လုပ်မိုင်း နှစ်လုံးပေါက်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်ကျော်ဦး ကပြောပါတယ်။

“ဟုတ်တယ်။ ကျနော်တို့ တကယ်ကို အလုပ်များနေတယ်။ ကျနော်တို့ ဗုံးကွဲလို့ ဒီဘက်မှာ လက်လုပ်မိုင်းကွဲလို့ အလုပ်ရှုပ်နေတယ်နော်။”

မေလ ၁၅ ရက်ကနေ ၂၅ ရက်အတွင်းမှာ မူဆယ်တဝိုက်မှာ လက်နက် ၂၀ ကျော်ဖမ်းမိပြီး မူးယစ်ဆေးဝါးတွေလည်း ဖမ်းမိထားလို့ အခုလိုပေါက်ကွဲမှုဖြစ်တဲ့ ကိစ္စတွေဟာ ဆက်နွယ်မှုရှိနိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မူဆယ်မြို့ရှိ လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာကို ရဲတပ်ဖွဲ့ဝင်တချို့ စစ်ဆေးနေပုံ။ (ဓာတ်ပုံ - MOI - မေ ၂၆၊ ၂၀၂၀)
မူဆယ်မြို့ရှိ လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာကို ရဲတပ်ဖွဲ့ဝင်တချို့ စစ်ဆေးနေပုံ။ (ဓာတ်ပုံ - MOI - မေ ၂၆၊ ၂၀၂၀)

“အဲဒီရပ်ကွက်ပိုင်မြေပေါ်မှာ ကွဲတယ် ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး၊ သူက အသံမိုင်းသဘောမျိုးပါပဲ။ ပလတ်စတစ်အိတ်ထဲမှာ ယမ်းပျော့နဲ့ ဒီတိုနေတာ ထည့်ပြီးတော့မှ ခွဲတယ်လို့ ပဏာမ စစ်ဆေးချက်အရ သိရပါတယ်။ အဲဒီရှေ့မှာလည်း မူဆယ် ၁၀၅ မိုင်ဂိတ်မှာတော့ ဆိုင်ကယ်နဲ့ လာတဲ့ နှစ်ယောက်ကနေ လက်လုပ်မိုင်းပုံစံမျိုး ချသွားလို့ ဂိတ်အနည်းငယ် ပျက်စီးသွားတာလည်း ရှိပါတယ်။”

Detonator စံနက်တံတွေကို ဖေါက်ခွဲရေးပစ္စည်း မိုင်း စတာတွေမှာ အသုံးပြုတာမို့၊ သတ္ထုမိုင်းလုပ်ငန်းတွေမှာလည်း အများအပြား အသုံးပြုရတာရှိပါတယ်။ ဒါပေမဲ့ အခု ပစ္စည်းတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ သယ်ဆောင်သလဲဆိုတဲ့ အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေ စုံစမ်းနေဆဲရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG