ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ တပ်မတော်ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာကြောင့် ၃ ယောက်ကျဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်မတော်ဘက်ကတော့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနဲ့ ဒဏ်ရာရသူတွေ ရှိကြောင်း ပြောဆိုပြီး ဒီတိုက်ပွဲဟာ ပလောင် လက်နက်ကိုင်အဖွဲ့နဲ့ ဖြစ်တာလို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဒီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက မူဆယ်မြို့ အရှေ့ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မူဆယ်မြို့နယ်ဟာ KIA ကချင်၊ TNLA တအန်း(ပလောင်) နဲ့ MNDAA ခေါ် ကိုးကန့်စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ နယ်မြေ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး မူဆယ်မြို့က လူမှုရေးအသင်းခေါင်းဆောင်တဦးက အခုလို ပြောပါတယ်။
“တမြန်မနေ့ နေ့လည် ၁၂နာရီ ကျော်ကျော်ကပေါ့နော်။ မုန်းပေါ်နဲ့ နမ့်တောင်းကြားပေါ့နော်။ နမ့်တောင်းဘက်ကို ရောက်ခါနီးမှာ စစ်တပ်ယာဉ်တန်း ဆွဲမိုင်းထိတယ်တဲ့။ ၃ ယောက် သေဆုံးတယ်။ ၁၂ယောက်ကတော့ ကွတ်ခိုင်ဆေးရုံကနေ လားရှိုးဆေးရုံကိုပဲ အားလုံးပို့လိုက်တယ်ပေါ့နော်။ လားရှိုးစစ်ဆေးရုံကို ရောက်သွားပြီပေါ့နော်။ ဘယ်သူလဲ ဆိုတာတော့ မသိဘူးပေါ့နော်။ အဲဒီဘက်မှာတော့ အဖွဲ့စုံတော့ ရှိတယ်ဗျ။”
တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ယာဉ်တန်း တိုက်ခိုက်ခံရတယ်ဆိုတာက ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု ရှိတယ်။ ကျနော်တို့ ဆီက ဒဏ်ရာအနည်းငယ်ရရှိခဲ့တာ ရှိပါတယ်။ TNLA ဖြစ်ပါတယ်ခင်ဗျ။”
ဒီလ ၂၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇွန်လ ၁၆ ရက်နေ့ကနေ ဇူလိုင်လ ၂၁ ရက်နေ့အတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အကြား ထိတွေ့မှု ၃၂ ကြိမ်ဖြစ်ပွားကြောင်းနဲ့ TNLA နဲ့ ထိတွေ့မှုက အများဆုံးဖြစ်ပြီး အကြိမ်၂၀ ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး TNLA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော်ကို မေးမြန်းရာမှာ-
“အခုပဲ ကျနော်တို့ လိုင်းပေါ်မှာတွေ့တယ်။ ဒါကဗျာ ကျနော်တို့ဆီမှာ သတင်းတက်လာတာလည်း မရှိဘူး။ နေရာအတိအကျလည်း မသိရသေးဘူး။ ကျနော်တို့လည်း သတင်း ပြန်လိုက်မေးနေတုံးပဲရှိတယ်။”
ဒီ ၄- ၅ရက်အတွင်းမှာတော့ TNLA နဲ့ အစိုးရတပ်မတော်အကြား တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့လည်း ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှာ ဒီလ ၂၂ ရက်က သံလွင်မြစ်အနောက်ခြမ်းကတပ်မဟာ ၅၁၁ ကို တပ်မတော်အင်အား ၅၀ လောက်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့သလို ၂၄ ရက်နေ့က တပ်မဟာ ၂၁၁ နယ်မြေအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လ ၃၀ ရက်နေ့ အပစ်ရပ် သက်တမ်းတိုးပြီးနောက်ပိုင်းမှာ MNDAA နယ်မြေအတွင်းကို အစိုးရ တပ်မတော်က ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
တပ်မတော်ကတော့ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်တိုင်းဌာနချုပ် နယ်မြေ ၅ခုမှာ ၄ လ အပစ်အခတ်ရပ်စဲကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ကြေညာခဲ့ပါတယ်။ သတ်မှတ်ရက်ပြည့်တဲ့ ဧပြီလ ၃၀ ရက်မှ နောက်ထပ် ၂ လ နဲ့ ဇွန်လ ၃၀ ရက်မှ နောက်ထပ် ၂ လ ထပ်မံ သက်တမ်းတိုးမြှင့်ထားပါတယ်။
ဒီလို အပစ်ရပ်ထားချိန်မှာပဲ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်း အခြေစိုက်တဲ့ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင်လက်နက်ကိုင်တပ်တွေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးတာတွေ ရှိနေပါတယ်။