ဂါဇာစစ်ပွဲကိုဆန့်ကျင်ပြီး ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲတွေ အမေရိကန် ပြည်ထောင်စုတဝန်း ကျင်းပနေချိန်မှာပဲ သပိတ်စခန်းတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ တိုးလားနေပါတယ်။ အမေရိကန်အနောက်ခြမ်းက ကယ်လီဖိုးနီးယားတက္ကသိုလ်၊ လော့စ်အိန်ဂျလိစ် (UCLA) က ပါလက်စတိုင်းထောက်ခံတဲ့ သပိတ်စခန်းတခုမှာ ဗုဒ္ဓဟူးနေ့အစောပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သလို အရှေ့ခြမ်း နယူးယောက်မြို့တော်မှာတော့ ကိုလံဘီယာတက္ကသိုလ်ထဲမှာ ပါလက်စတိုင်းလိုလားသူတွေ သိမ်းပိုက်ထားတဲ့ ကျောင်းအဆောက်အဆုံတခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။
UCLA မှာ အစ္စရေးကိုထောက်ခံတဲ့ တန်ပြန်ဆန္ဒပြသူတွေက ပါလက်စတိုင်းလိုလားတဲ့အုပ်စုကလုပ်ထားတဲ့ အတားအဆီးတွေကို ပစ္စည်းတွေနဲပစ်ပေါက်ပြီး ဖယ်ရှားဖို့ ကြိုးစားခဲ့ကြပါတယ်။ ပါလက်စတိုင်းထောက်ခံတဲ့ဆန္ဒပြသူတွေက တက္ကသိုလ်ကို အစ္စရေးအစိုးရနဲ့ပတ်သက်တာမျိုးမလုပ်ဖို့ တောင်းဆိုနေကြတာပါ။ တက္ကသိုလ်တာဝန်ရှိသူတွေဘက်ကတော့ အခု ဆန္ဒပြမှုက ဥပဒေနဲ့မညီဘဲ ကျောင်းမူဝါဒကို ချိုးဖောက်ကြောင်း ကြေညာခဲ့ပါတယ်။
နယူးယော့ခ်မှာ ကိုလံဘီယာတက္ကသိုလ်ကတောင်းဆိုချက်ကြောင့် ရဲတပ်ဖွဲ့ကကျောင်းပရိဝုဏ်ထဲဝင်ရောက်ခဲ့ပြီး Hamilton Hall ကျောင်းဆောင်နဲ့အတူ သပိတ်စခန်းတခုကို ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ အိုင်ဗီလိဂ်-လို့ခေါ်တဲ့ အမေရိကန် ထိပ်တန်းတက္ကသိုလ်စာရင်းဝင် ကိုလံဘီယာတက္ကသိုလ်က Hamilton Hall ကို ဆန္ဒပြကျောင်းသားတွေက နာရီ ၂၀ လောက်ကြာ ထိန်းသိမ်းထားတာပါ။
“Hamilton Hall ကို သိမ်းပိုက်၊ ဖျက်ဆီး၊ ပိတ်ဆို့ခံထားရကြောင်း တက္ကသိုလ်က ညတွင်းချင်းသိခဲ့ရပြီးနောက်၊ ကျနော်တို့မှာ ရွေးချယ်စရာမရှိတော့ပါဘူး” လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။ “ရဲတွေဆီကိုဆက်သွယ်ဖို့ ဆုံးဖြတ်တာက ဆန္ဒပြသူတွေရဲ့လုပ်ရပ်ကို တုံ့ပြန်တာဖြစ်ပြီး သူတို့တောင်းဆိုနေတဲ့ အကြောင်းကြောင့် မဟုတ်ပါဘူး။ စည်းမျဥ်းစည်းကမ်းဖောက်ဖျက်တဲ့ ဆန္ဒပြသူတွေကြောင့် ကျောင်းဝင်းထဲကနေ့စဥ်လှုပ်ရှားနေတာကို အထိခိုက်မခံနိုင်ဘူးဆိုတာကို ရှင်းလင်းအောင် ပြောထားပြီးသား" လို့ ကိုလံဘီယာတက္ကသိုလ်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း နိုင်ငံတဝန်းက ကျောင်းဝင်းတွေထဲမှာ ဂါဇာမှာ ဟာမတ်စ်အဖွဲ့ကို အစ္စရေးက ဆက်လက်စစ်ဆင်နေတာကိုဆန့်ကျင်ပြီး ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံခဲ့ရသူရာနဲ့ချီနေပြီဖြစ်လို ကိုလံဘီယာ တက္ကသိုလ်မှာတော့ လူဒါဇင်နဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။
Forum