သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ရေး ကန့်သတ်ချက်တွေ ချမှတ်


မွန်ပြည်နယ် မုဒုံမြို့မှာ တွေ့ရတဲ့ မြင်ကွင်း။ (ဧပြီ ၀၉၊ ၂၀၁၇)
မွန်ပြည်နယ် မုဒုံမြို့မှာ တွေ့ရတဲ့ မြင်ကွင်း။ (ဧပြီ ၀၉၊ ၂၀၁၇)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်ကနေ မကြာသေးခင်ကမှာ ပြန်လာတဲ့သူတယောက်ထံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေကြောင်း အတည်ပြုခဲ့ပြီးနောက် ထိတွေ့ဆက်ဆံခဲ့သူတွေကို အသွားအလာတွေ ကန့်သတ်လိုက်သလို၊ ရောဂါကူးစက်မှု ကာကွယ်တဲ့ အနေနဲ့ လွှတ်တော်မှာလည်း သတင်းသမားတွေ သတင်းယူခွင့် ယာယီတားမြစ်ထားလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေကနေ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ပြန်ရောက်လာတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ခဲ့ရပြီးနောက် ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း စောင့်ကြည့်စစ်ဆေးဖို့ အသွားအလာတွေ ကန့်သတ်လိုက်တာပါ။ မွန်ပြည်နယ်အပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ထိတွေ့ဆက်ဆံခဲ့ဖူးသူတွေကို လိုက်လံစုံစမ်းပြီး စောင့်ကြည့်ဖို့လည်း စီစဉ်နေတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။

“primary contact က ဒီမှာ ဝင်နေတဲ့ quarantine က ဆေးရုံ quarantine က ၇ ယောက်၊ CBFQ ၃၁ ယောက်၊ ၃၁ ယောက်က ဒီမှာ CBFQ ဝင်တာပေါ့၊ ၅ ဦးက ရန်ကုန်ပြန်ပါသွားလို့ ရန်ကုန်နဲ့ ချိတ်လုပ်နေတယ်။ အဲ့တော့ ဒီဘက်က မန္တလာမင်းနဲ့ပြန်ပါလာတယ်လေ။ မန္တလာမင်း ကားနဲ့ အဲ့ဒါက မော်လမြိုင်က ၈ ဦးရယ်၊ ရန်ကုန်ပြန်သွားတာ ၅ ဦးရယ်ဆိုတော့ ၁၃ ဦးရှိတယ်။ အဲ့ဒါရန်ကုန်နဲ့ချိတ် လုပ်နေတယ်၊ ဟိုဘက်က ရခိုင်ဘက်က သူလေယာဉ်နဲ့ သွားထားတယ် အဲ့ဒါတွေလည်း လမ်းချိတ်လုပ်နေပါတယ်။”

ရခိုင်ပြည်နယ်မှာ အများစုအပါအဝင် ၂၄ နာရီအတွင်း မြန်မာနိုင်ငံမှာ ကူးစက်မှု ၁၀၀ ကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အတည်ပြုရာမှာ မော်လမြိုင်မြို့က လူနာလည်း ပါဝင်လာခဲ့တာပါ။ မော်လမြိုင်မြို့မှာ ကူးစက်မှုအတည်ပြုခဲ့တဲ့ မနေ့ကပဲ လူနာဖြစ်သူ သွားလာခဲ့ဘူးတဲ့ နေရာတွေကို ပိုးသတ်ဆေးဖျန်းပြီး နေအိမ်ဝန်းကျင်မှာလည်း အသွားအလာတွေကို ကန့်သတ်တားမြစ်ထားတယ်လို့ ဒေသခံ အရေးပေါ်ကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောပါတယ်။

“ဆရာမနဲ့ ဆက်စပ်တဲ့လူတွေကို ၁၀ မြို့နယ်ဆောင်ပေါ့နော် အဲ့ဒီကိုပို့တယ်၊ ပို့ပြီးတော့ အဲ့ဒီအိမ်တွေကို ကျနော်တို့က မေတ္တာရပ်ခံပြီးတော့ အပြင်မထွက်ကြဖို့ နောက်ရပ်ကွက်လူကြီးကို ခေါ်ပြီးတာ့ ရပ်ကွက်လူကြီးက အဲ့ဒီအိမ်ရဲ့ စားဝတ်နေရေးကို ဝိုင်းကူညီပေးဖို့ပေ့ါနော်။ စီစဉ်ပေးခဲ့ပါတယ်။ ပြီးသွားတော့ ပိုးသတ်ဆေး အဲ့အိမ်ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းသွားတယ်။ သူမော်လမြိုင်ရောက်ပြီးတော့ ocean သွားတယ်၊ ocean မှာ ခေါင်းလျှော်တယ်။ အဲ့ဒါက ၂၁ ရက်မှာလို့ ကြားတယ်နော်။ နောက်ပြီးတော့ ဈေးကြီးသွားတယ်၊ နောက်အသုဘတစ်ခုသွားတယ်။ အဲ့သလိုပေါ့နော် ကျိုက္ခမီ၊ စက်စဲတို့ ဘာတို့လည်း သွားလိုက်သေးတယ်။”

လူနာသစ်တဦး အတည်ပြုခဲ့တဲ့နေ့မှာပဲ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးကို သတင်းမီဒီယာတွေ တက်ရောက်သတင်း ရယူနေတာတွေကိုလည်း တားမြစ်လိုက်ပါတယ်။ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေနဲ့အညီ သတင်းသမားတွေကို လွှတ်တော်မှာ သတင်းယူခွင့် ပေးထားပေမဲ့ အခုအခါ ကူးစက်မှုတွေ တကျော့ပြန်တွေ့လာရတဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကန့်သတ်လိုက်တာလို့လည်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ဦးက ပြောပါတယ်။

“မနေ့ကကျတော့ ပိုပြီးတော့ နည်းနည်းထူးခြားတဲ့ အနေအထားမျိုးဖြစ်လာတယ်ပေ့ါနော်၊ စစ်တွေက ရခိုင်ပြည်နယ်ကနေပြန်လာတဲ့ ဒီဝန်ထမ်းတစ်ယောက်ကပြီးတော့ positive အနေအထားမျိုးဖြစ်လာတယ်။ ပြီးတော့ သူ့ရဲ့ ဆက်နွယ်တဲ့ သွားလာလှုပ်ရှာမှုတွေကလည်း သက်ဆိုင်ရာဌာနကနေပြီးတော့ လိုက်လံနေဆဲလည်းဖြစ်တယ်ပေါ့နော်၊ ဒီချိန်မှာ ကျနော်တို့ဘက်ကလည်း သိပ်အတင့်ရဲလို့ မကောင်းတော့ ကျနော်က တွေးမြင်မိတယ်၊ အဲ့ဒါကြောင့်မို့ တဘက်ကလည်း ကျနော်တို့ လွှတ်တော်အစည်းအဝေးထဲမှာ ဆွေးနွေးတင်ပြချက်တွေ အကုန်လုံးက တိုက်ရိုက်ထုတ်လွှင့်မှုလည်း လုပ်ထားပေးတယ်ဆိုတော့ ဒီသတင်းအဖွဲ့တွေအနေနဲ့ တက်ရောက်ပြီးတော့ သတင်းရယူခြင်းကို ခဏလောက်သည်းခံဆိုင်းငံ့ထားကြဖို့ဆိုတော့ ကျနော်တို့က ပန်ကြားချက်ထုတ်လိုက်တဲ့ သဘောပေါ့နော်။”

ကပ်ရောဂါစချိန်ကစလို့ မွန်ပြည်နယ်မှာ အခုနောက်ဆုံး လူနာသစ်အပါအဝင် အတည်ပြုလူနာ ၈ ယောက် ရှိသွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံးမှာတော့ သေဆုံးသူ ၆ ဦး အပါအဝင် ကူးစက်သူ ၅၇၄ ဦးအထိ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG