အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူ ပြည်နယ်တွင်းက အာဏာရ အတိုက်အခံပါတီရဲ့ လွှတ်တော်အမတ်တွေဟာ ပြည်နယ်ကို ဖျက်ဆီးနေပြီး ဖွံ့ဖြိုးတိုးတက်မှု မရအောင်လုပ်နေ တယ်လို့ ဝန်ကြီးချုပ် Narendra Modi က စနေနေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။ မကြာခင် ပြည်နယ်ရွေးကောက်ပွဲကျင်းပတော့မယ့် မဏိပူ ပြည်နယ်ထဲက အင်ဖာမြို့ လူထုစုဝေးပွဲမှာ မစ္စတာ Modi အဲဒီလိုပြောသွားတာပါ။
ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း မဏိပူပြည်နယ်ရဲ့ အခြေအနေတွေ ဆုတ်ယုတ် လာနေ သလို ပြည်နယ် အစိုးရတွေ ရှိနေတဲ့ကြားက မဏိပူပြည်နယ် ဆုတ်ယုတ် လာနေရတာ ဘယ်သူ့ လက်ချက်လဲဆိုပြီး Modi က မေးခွန်းထုတ် သွားပါတယ်။
မဏိပူပြည်နယ်မှာ ဝန်ကြီးချုပ် Modi ရဲ့ BJP ပါတီသာ အာဏာရလာရင် ပြည်နယ် လွှတ်တော်က ၁၅ နှစ်စာ လုပ်ခဲ့တာအားလုံးကို ၁၅ လအတွင်း ပြန်ပြီးလုပ်ဆောင်ပေး မယ်လို့ ကတိပေးသွားပါတယ်။
မဏိပူပြည်နယ်က လူဦးရေ ၆၅ % နီးပါးဟာ Meiteis လူမျိုးစုတွေကြီးစိုးတဲ့ Imphal Valley မှာနေထိုင်ကြပါတယ်။ ဒီ လူမျိုးစုတွေဟာ ၃ လကြာ စီးပွါးရေး ပိတ်ဆို့ ခံထား ရတဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ် နေကြတာပါ။ မဏိပူ ပြည်နယ်သားတွေကို ပြည် နယ်လွှတ်တော်က ရည်ရွယ်ချက်နဲ့ အမှောင်ဖုံး ထားတာဖြစ်တယ်လို့ Modi က ဆက်ပြောပါတယ်။
ပြည်နယ် လွှတ်တော်အမတ် ၂၆၆ နေရာအတွက် ရွေးကောက်ပွဲတွေကို မတ်လ ၄ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Punjab, Goa, Uttarakhand နဲ့ Uttar Pradesh ပြည်နယ်ရွေးကောက်ပွဲ ရလဒ်တွေကို မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန် ကြေငြာသွားမှာဖြစ်ပါတယ်။