[Zawgyi/Unicode]
တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ မြန်မာကုန်သည်တွေ နစ်နာကြတဲ့အခြေအနေကိုဖြေရှင်းဖို့ မြန်မာတာဝန်ရှိသူတွေနဲ့ တရုတ် ယူနန်ပြည်နယ် တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးကြတဲ့သတင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။
ယူနန်ပြည်နယ်၊ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်အရာရှိတွေက တရုတ်နဲ့ ထိစပ်နေတဲ့ မြန်မာအရှေ့မြောက်နယ်စပ် ကုန်သွယ်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ ယူနန်ပြည်နယ် စီးပွားရေးဌာနနဲ့ မနေ့က မေလ ၂၀ ရက်က ဆွေးနွေးခဲ့တာပါ။ COVID ကာလအတွင်း နယ်စပ်အဝင်အထွက်မှာ တရုတ်ပြည်ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကြောင့် သစ်သီးဝလံနဲ့ ရေထွက်ကုန်တွေ ဆုံးရှုံးခဲ့တာ၊ ကုန်ကားတွေ ပိတ်ဆို့ခဲ့တာ ဒါတွေကို မြန်မာဘက်ကဆွေးနွေးခဲ့ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုဖြစ်ခဲ့ပြီး အချက် နှစ်ချက်ကို သဘောတူညီမှုရခဲ့တယ်လို့ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က ဗွီအိုအေကို ပြောပါတယ်။
“သူတို့ ဒုတိယညွှန်ကြားရေးမှူးချုပ်တယောက်ကို လွှတ်ပြီးတော့ အောက်ခြေကိုလည်း သူတို့ကြည့်ပါမယ်။ ပြီးရင်အဲဒီအပေါ်မှာ ကျနော်တို့ အမြန်ဆုံး ဆောင်ရွက်ပါမယ်။ အဲဒါတချက်ပါခင်ဗျ။ နောက်ကျနော်တို့ တောင်းဆိုတာက ဒုတိယတခုက ယန္တရား တခုပေါ့နော်။ အဖွဲ့ တဖွဲ့ ဖွဲ့စည်းပြီးတဲ့အခါမှာ နှစ်ဘက် COVID-19 ကာလမှာ ကျနော်တို့ ဘယ်လိုလုပ်ငန်းတွေကို ဂရုပြုပြီးတော့ အကောင်းဆုံး ဆောင်ရွက်မလဲဆိုတာ ကျနော်တို့ ညှိနှိုင်းပါတယ် ခင်ဗျ။”
COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလ တရုတ်ပြည်ဘက်က ပြည်ဝင်ခွင့် အပါအဝင် တခြားကန့်သတ်မှုတွေကြောင့် အချိန်ကြန့်ကြာပြီး မြန်မာပို့ကုန်တွေ ပျက်စီးခဲ့ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးမညီမျှတာတွေ၊ တဘက်သတ်စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး ကုန်သွယ်ရေး အသာစီးယူတာတွေ ဒါတွေ ဖြေလျှော့ပေးဖို့ မူဆယ်ကုန်သည်တွေက တောင်းဆိုထားပါတယ်။ မြန်မာဘက်က နစ်နာချက်တွေကို တာဝန်ရှိသူတွေဘက်က တရုတ်နဲ့ ရဲရဲတင်းတင်းပြောဆိုညှိုနှိုင်းဖို့ လိုတယ်လို့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာအမ်ကောန်လက ပြောပါတယ်။
“စီးပွားကူးသန်းဝန်ကြီးဌာနမှာ တာဝန်ရှိတယ်ဗျ။ တကယ်တမ်းဆိုရင် စီးပွားကူးသန်းရယ်၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနတွေက လုပ်ရမှာ။ ခုစတော့ လုပ်တော့လုပ်လာပြီ။ ဒါပေမဲ့ အရမ်းအထနှေးတယ်။ ဆုံးရှုံးမှု ပြီးသွားမှ ဖြစ်တာ ဖြစ်နေတယ်။ အဲဒီအတွက် ကျနော်တို့ အနေနဲ့က၊ ပွင့်ပွင့်လင်းလင်း ဆိုရင် နစ်နာမှုအတွက်ကို တရုတ်ကို ကျနော်တို့က တခုခု diplomacy အရ တောင်းဆိုသင့်တာ၊ လုပ်သင့်တာတွေ ရှိတယ်ဗျ။ အဲဒါလည်း ရဲရဲလုပ်သင့်တယ်၊ ကျနော့အမြင်ပေါ့နော်။ သမ္မတချင်း တိုက်ရိုက်ဖုန်းဆက်တယ်၊ ကိုယ်က အင်အားချို့တဲ့သော်ငြားလည်း ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကာကွယ်သင့်တယ်။”
သမ္မတဦးဝင်းမြင့်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ မနေ့ မေလ ၂၀ ရက် ညနေပိုင်း ဖုန်းနဲ့ ဆက်သွယ်ပြီး နှစ်နိုင်ငံသဘောတူထားတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း၊ မြန်မာပြည်တွင်း တရုတ်စီးပွားရေး စင်္ကြန်လမ်းနဲ့ ချိတ်ဆက်အကောင်အထည်ဖော်မယ့် စီမံကိန်းတွေကို ဆက်ပြီးလုပ်ဖို့ ဆွေနွေးခဲ့ပါတယ်။ စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ တရုတ်သံအမတ် Mr Chen Hai တို့လည်း အင်တာနက်ပေါ်မှာ ဒီနေ့တွေ့ဆုံခဲ့ပြီး နယ်စပ် စီးပွားရေးဇုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြန်မာ့လယ်ယာထွက်ကုန်၊ ရေထွက်ကုန်ပိုးမွှားစစ်ဆေးရေး ဒါတွေကို ထပ်ပြီးဆွေးနွေးကြပါတယ်။
တကမ္ဘာလုံး COVID အကြပ်အတည်းအပြီး တရုတ်အစိုးရဘက်က မြန်မာနဲ့ ဆက်ဆံရေး ထိန်းထားချင်တဲ့သဘော ရှိတယ်လို့ စီးပွားရေးပညာရှင် ဦးမင်းခင်က သုံးသပ်ပါတယ်။
"COVID အလွန်ဖြစ်လာနိုင်တာနဲ့ ဆက်စပ်တယ်လို့ထင်တယ်။ ဘာကြောင့်ဆို တရုတ်သမ္မတက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကိုလည်း ဖုန်းဆက်တယ်၊ တရုတ်အပေါ်မှာ ကမ္ဘာ့ဖိအားက COVID အလွန်မှာ ပိုပြီး ပြင်းထန်လာဖို့ ရှိတယ်လို့ မှန်းလို့ ရတယ်။ အဲဒီအချိန်မှာ တရုတ်က သူ့ဘက်သား စုတယ်လို့ပဲ ပြောကြပါစို့ဗျာ။ အဲလိုလုပ်မယ်ဆိုရင် နှစ်နိုင်ငံ စီးပွားရေး နယ်စပ်ကုန်သွယ်ရေး အပါအဝင် ဒါတွေကို ဒီဘက်ကနိုင်ငံတွေရဲ့ အကျိုးစီးပွား အတွက်လည်း ပိုပြီးတော့ သူကြိုးစားရတော့မယ်။ အဲဒါကို ရည်ရွယ်ပြီး သွက်သွက်လက်လက် လုပ်လာတယ်လို့ အကြိမ်းဖျင်းစပြောလို့ရမယ်။”
မြန်မာအစိုးရအနေနဲ့ အခုလို တရုတ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေကနေ အပြန်အလှန် အကျိုးစီးပွားအတွက် လက်တွေကျကျ အကောင်အထည်ဖော်ဖို့ လိုတယ်လို့လည်း စီးပွားရေးပညာရှင်တွေက အကြံပြုကြပါတယ်။
#တရုတ်မြန်မာနယ်စပ် #နယ်စပ်ကုန်သွယ်ရေး #COVID #ကိုဗစ် #မြန်မာပို့ကုန် #ရှီကျင့်ပင် #ဦးဝင်းမြင့် #ပိုးလမ်းမ #ကျောက်ဖြူရေနက်ဆိပ်ကမ်း #voaburmese #ဗွီအိုအေမြန်မာပိုင်း
[Unicode Version]