ရခိုင်ဒေသတွင်း စစ်တပ်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ရခိုင် မြောက်ပိုင်းဒေသတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့လုပ်ငန်းတွေကို သီတင်းပတ်နဲ့ချီ ရွှေ့ဆိုင်း ထားတဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC က ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
မောင်တောမြို့နယ် နယ်စပ်စခန်းတွေက ရဲ ၃ ယောက်ကို AA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်တပတ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကုလသမဂ္ဂနဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေအပါအဝင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အေဂျင်စီ တွေကို ရခိုင်မြောက်ပိုင်း နောက် မြို့နယ် ၄ ခုအတွင်း ဝင်ရောက်ခွင့် အစိုးရက ပိတ်ပင်လိုက်ပါတယ်။ ဒီလိုပိတ်ပင်တဲ့ထဲမှာ ICRC နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့တော့ မပါဝင်ပါဘူး။ အဲဒီအချိန်က စပြီး ဒေသတွင်း လူ့အသိုင်းအဝိုင်း အဖွဲ့အစည်းတွေက ပေးပို့လိုက်တဲ့ အထောက်အပံ့တွေကို စစ်တပ်က ပိတ်ပင် ထားခဲ့ တာပါ။ ICRC နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ကတော့ ဒေသတွင်း နေရာ ၁၇ ခုကိုပဲ သွားခွင့်ရှိပြီး အထက် ကျောက်တော်အထက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သွားခွင့် ပိတ်ပင်ထားပါတယ်။