သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန့်ဆည်မြို့နယ် ကျေးရွာစာသင်ကျောင်းနဲ့ လူနေအိမ်တွေ လေကြောင်းကတိုက်ခိုက်ခံရ


Google Earth မြေပုံက မြင်ရတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ဝေဟင်မြင်ကွင်း။
Google Earth မြေပုံက မြင်ရတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ဝေဟင်မြင်ကွင်း။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဇီးပေါက်ရွာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့်စာသင်ကျောင်းနဲ့ နေအိမ် အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လတ်တလောတိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ တန့်ဆည်မြို့နယ်ထဲက လေကြောင်း တိုက်ခိုက်ခံရမှု အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နဲ့ ၁၂ မိုင်ခန့်အကွာမှာရှိတဲ့ ဇီးပေါက်ကျေးရွာကို နိုဝင်ဘာ ၄ ရက်ညပိုင်းမှာ စစ်တပ်လေကြောင်းက ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေတာ မဟုတ်ဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်မွေးတိရစ္ဆာန် အချို့ သေဆုံးခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းအပြင် လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောတာပါ။

လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ပြည်သူ့အကျိုးပြု ကင်းထောက်ကွန်ယက်ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေကို အခုလို ပြောပါတယ်။

"မနေ့ ညပိုင်းမှာ တိုက်ခိုက်ဖြစ်ပွားခြင်းမရှိဘဲ တန့်ဆည်နယ် ကံထူးမရဲ့ မြောက်ဖက် (၃) မိုင်အကွာမှာ ရှိတဲ့ ဇီးပေါက်ရွာရဲ့ စာသင်ကျောင်းဆောင်တွေ နေအိမ်တချို့ပေါ်ကို ဂျက်ဖိုက်တာနဲ့ ၈ နာရီ ၅၅ မှာ တကြိမ်၊ ၁၀ နာရီ ၃၈ မှာ တကြိမ်၊ ၁၀နာရီ ၅၅ မှာ တကြိမ်၊ စုစုပေါင်း ၃ ကြိမ် Y-12 နဲ့ ဗုံးသီး အလုံး ၂၀ ကျော် ၃၀ လောက်အထိကို ချသွားတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီကနေပြီးတော့ ရွာထဲကို အကုန်ပတ်ချသွားတာပါ။ လူထိတာမျိုးကတော့ မရှိပါဘူး။ ဒါပေမယ့် နွားတွေ၊ ဝက်တွေကတော့ ထိခိုက်သေဆုံးတာမျိုး ရှိတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းဆောင်ရဲ့ သာသနိကအဆောက်အဦးနဲ့ လူနေအိမ် ၄လုံး ပျက်စီးသွားတယ်။"

နိုဝင်ဘာ ၅ ရက်မှာ ဇီးပေါက်ကျေးရွာကထိန်ပွဲအတွက်ပြင်ဆင်နေကြတာဖြစ်ပြီး အခုလို လေကြောင်းကတိုက်ခိုက်တာကြောင့် ကထိန်အလှူပွဲဖျက်လိုက်ရသလို ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ဇီးပေါက်ကျေးရွာသား တဦးက ပြောပါတယ်။

"ဒီကနေ့မှ ကျနော်တို့က ကထိန်လုပ်မှာကို၊ အလှူလုပ်ပြီး ကထိန်လုပ်မယ့်ကြားပေါ့ဗျာ။ ညအဲ့အချိန်မှာ ပစ်သွားတာ။ကထိန်ကတော့ မလုပ်ရတော့ဘူးပေါ့ဗျာ။ လူတွေက ကြောက်ပြီးတော့ ရွာထဲ တယောက်မှ မရှိကြတော့ဘူး။ အကုန်ပြေးကုန်ကြပြီ။"

ဇီးပေါက်ကျေးရွာကို အခုလေကြောင်းတိုက်ခိုက်ခံရမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်ကတော့ စစ်တပ် စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေဟာ မကြာခဏ ကျေးရွာတွေကနေ တိမ်းရှောင်ရတာတွေရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်းမှာလည်း ဇီးပေါက်ကျေးရွာက အရပ်သားနှစ်ဦးလည်း ပြီးခဲ့တဲ့ နှစ်မှာသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီလေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့မရှိသေးပေမဲ့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လေ့ရှိပါတယ်။

Forum

XS
SM
MD
LG