သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောတိုက်ခိုက်မှုကြောင့် ဒေသခံတွေ လုံခြုံရေးစိုးရိမ်


မောင်တောမြို့တနေရာ
မောင်တောမြို့တနေရာ

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အခြေအနေမှန်ကို သိနိုင်ဖို့နဲ့ နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိစေဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့ဟာ ဒီကနေ့ ရခိုင်ပြည်နယ်ကိုရောက်ရှိပြီး ပြည်နယ်အစိုးရနဲ့ တွေ့ဆုံခဲ့သလို စစ်တွေမြို့က ပြည်သူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ အခင်းဖြစ်ပွားတဲ့မောင်တောမြို့နယ် ဘက်တွေကို သွားရောက်ဖို့ ပြင်ဆင်နေချိန် မှာ မောတောမြို့နယ်က တိုင်းရင်းသားကျေးရွာတချို့ကတော့ တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် ပိုမိုလုံခြုံရာနေရာတွေဆီ ပြောင်းရွှေ့တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဦးသိန်းဆွေတို့ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့မနက် ၈နာရီလောက်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိပြီး ပြည်နယ်အစိုးရနဲ့ တွေ့ဆုံခဲ့ပါတယ်။

မနက်၉နာရီ နာရီမှာတော့ မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဒေသခံပြည်သူ တွေနဲ့ တွေ့ဆုံခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယခုဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပက်သက်ပြီး
အစိုးရအဖွဲ့ အနေနဲ့ပြည်သူတွေရဲ့ လုံခြုံရေးကို အထူးအလေးပေး၍ဆောင်ရွက်လုပ်ကိုင်နေ ကြောင်း စိုးရိမ်မှုမလွန်ကဲကြဖို့နဲ့ စိုးရိမ်မှုကိုအခြေခံတဲ့ ပဋိပက္ခတွေ မဖြစ်ပေါ်လာဖို့ ဝိုင်းဝန်းပူးပေါင်းကာ
ထိန်းသိမ်းကြစေလိုကြောင်း ပြောကြားခဲ့တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီးအဖွဲ့နဲ့ ရခိုင်ပြည်နယ်အစိုးရတွေ့ဆုံဆွေးနွေးမှုနဲ့ ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာတော့ အခင်းဖြစ်ပွားရာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ဖက်တွေကို သွားရောက်မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

လတ်တလော မောင်တောမြို့ရဲ့ အခြေအနေကိုတော့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မောင်တောမြို့ရဲ့ အခြေအနေကတော့ အခုတော့ အေးအေးဆေးဆေးပါပဲ။ ဈေးတွေဘာတွေတော့မဖွင့်သေးပါဘူး။ ဆိုင်တွေကတော့ ၄-၅ ဆိုင်လောက်ပဲရှိတယ်။ အပြင်မှာ ဆိုင်တွေက ၄-၅ ဆိုင်လောက်ပဲရှိတယ် အားလုံးတော့မဖွင့်သေးပါဘူး။ ကျောင်းတွေတော့မဖွင့်သေးဘူး ဘယ်နေ့ဖွင့်မလဲဆိုတော့ ပြောလို့မရဘူးခင်ဗျ။”

အခြားဒေသခံတဦးကလည်း အနီးအနားက ရွာတချို့ကတော့ တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့တိုက်ခိုက်မှုကြောင့် စိုးရိမ်ထိတ်လန့်ပြီး ပိုမိုလုံခြုံမှုရှိရာနေရာကို ပြောင်းရွှေ့တာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားတွေအတွက်ကတော့ လုံခြုံမှုက တအား နည်းနေသေးတယ်။ လုံခြုံရေးမရှိဘူး မြောက်ပိုင်းကျေးရွာတချို့မှာဆိုရင် လူတွေက လက်နက်နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ပြည်သူတွေမှာ က ဘာမှမရှိဘူး၊ လက်နက်မရှိဘူး။ လောက်တိုကျေးရွာဆိုရင် မောင်တောမြောက်ပိုင်းက မနေ့က ၁ ရက်ပဲ အိပ်တယ် မနေ့ကတော့ တခြားကျေးရွာကိုပြောင်းသွားကြတယ် အိမ်ထောင်စု ၅၀ လောက်။ လောက်တိုဆိုတာ မောင်တောမြောက်ပိုင်းက အခုတော့ လုံခြုံရေးရှိတဲ့နေရာ ဝန်ထမ်းတွေရှိတဲ့နေရာကို ပြောင်းသွားကြတယ် သူတို့ ကြောက်လို့လေ။”

အခင်းဖြစ်ပွားပြီးနောက်တရက် ဒီလ ၁၀ရက်နေ့မှာ တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာနားမှာ လူ၂၀လောက်က တုတ်၊ဓားလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတေ်ာက ပြန်လည်ပစ်ခတ်ရှင်းလင်းရာ တချို့ ထွက်ပြေးပြီး အလောင်း ၄လောင်း၊လုပ်သေနတ်တလက်၊ ကျည်၃တောင်နဲ့ ဓားတလက်ဖမ်းဆီးရမိကြောင်းနဲ့အခင်းဖြစ်ပွားတဲ့နေ့က ပျောက်ဆုံးခဲ့တဲ့ ရဲ တပ်ဖွဲ့ဝင်တဦးနဲ့ သေနတ်တလက်ကိုလည်း ပြန်လည်ရှာဖွေတွေ့ရှိကြောင်း အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

အင်္ဂါနေ့ နေ့ခင်းပိုင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာတွေကို အသိပေးပြောကြားခဲ့သလို နှစ်နိုင်ငံ နယ်စပ်ဒေသများလုံခြုံရေး၊ အကြမ်းဖက်ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ်ရေးတို့အတွက် လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ရေးကို ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG