[[Zawgyi/Unicode]]
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မီးမောင်းထိုးပြပြီး မြန်မာစစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူမှုတွေချမှတ်ဖို့ ယူကေအစိုးရကို ဖိအားပေးတောင်းဆိုတဲ့အနေနဲ့ ဇူလိုင်လက ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်ကိုဂျင်မီရဲ့ပုံကို ယူကေပါလီမန် အဆောက်အဦး နံရံနဲ့ လန်ဒန်မြို့လယ်က Marble Arch မုဂ်ဦးကြီးမှာ မနေ့ညက စလိုက်မီးတွေနဲ့ ထိုးပြခဲ့ပါတယ်။
ပေါ်တူဂီ ပန်းချီအနုပညာရှင် Paulo Andringa ဆွဲထားတဲ့ ကိုဂျင်မီရဲ့ပုံအပြင် မြန်မာနိုင်ငံအရေး ထောက်ပြတဲ့ ပုံတချို့ကို Myanmar Accountability Project လူ့အခွင့်အရေးအဖွဲ့က ဦးဆောင်ပြီး ခုလို ပြသခဲ့တာပါ။ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကျရောက်မယ့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် မြန်မာပြည်သူတွေအတွက် ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတရပ်ကိုလည်း Marble Arch မုဂ်ဦးကြီး ရှေ့မှာ မနေ့က မြန်မာ့အရေးလှုပ်ရှားသူတွေ စုဝေး လုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း လူပေါင်း ၂၅၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီး အကျဉ်းချခံရသူ ၁ သောင်း ၆ ထောင်ကျော် ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကလည်း ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကြုံနေရပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ယူကရိန်းနိုင်ငံကို အကြီးအကျယ် ထောက်ခံ အားပေးနေတဲ့အချိန်မှာ မြန်မာ့အရေးကိုတော့ ထိထိရောက်ရောက် ကူညီဖို့ ပျက်ကွက်နေတယ်လို့လည်း အထူးကိုယ်စားလှယ် Andrews က ထောက်ပြ ဝေဖန်ပါတယ်။
မြန်မာစစ်တပ်ကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး ICC မှာ အရေးယူနိုင်ရေး ဆောင်ရွက်ဖို့ ဗြိတိန်အစိုးရက ကူညီဆောင်ရွက်ဖို့ Myanmar Accountability Project အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကလည်း တောင်းဆိုနေကြတာပါ။
=======================
[[Unicode]]