သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမြို့ပေါ် အစွန်းရောက်အမျိုးသားရေး လှုံ့ဆော်စာတွေကပ်


မန္တလေးမြို့တနေရာ
မန္တလေးမြို့တနေရာ

ရခိုင်ပြည်နယ် အရေးနဲ့ ဆက်စပ်ပြီး ကုလသမဂ္ဂနဲ့ NLD အစိုးရ အပေါ် ကန့်ကွက် ဆန့်ကျင်ကြောင်း ရေးသားထားတဲ့ စာတွေ မန္တလေးမြို့က နေရာ ၄ နေရာထက်မနည်းမှာ မနေ့က စာတွေကပ်ခဲ့ကြပါတယ်။ စာကပ်သူတွေကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေဆဲပြီး သုံးသပ်သူတချို့ကတော့ ဒါဟာ အကြမ်းဖက် လုယက်မှုတွေကြောင့် တရားဥပဒေစိုးမိုးမှု လျော့ပါးနေချိန်မှာ အမျိုးသားရေးအစွန်းရောက်တွေက အခွင့်ယူလှုပ်ရှားတာဖြစ်နိုင်တယ်လို့ ဝေဖန်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကုလသမဂ္ဂ၊ အစိုးရနဲ့ ရခိုင်အရေးတွေအပေါ်မှာ ကန့်ကွက်ကြောင်း ရေးသားထားတဲ့စာတွေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အပါအဝင် နေရာတချို့က လမ်းဘေး သစ်ပင်နဲ့ ဓါတ်တိုင်တွေမှာ မနေ့က ညပိုင်းက ကပ်ထားခဲ့တာဖြစ်ပါတယ်။

မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှူးတင်ထွန်းအောင်က စာကပ်သူကို စုံစမ်းနေဆဲဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ ကျနော်တို့ဖက်လည်း ၃- ၄ နေရာလောက်ပေါ့နော်။ ချမ်းမြသာစည်ဖက်လည်း ကပ်တယ်ပြောတယ်ဗျ။ ၉နာရီကျော်ဝန်းကျင်လောက်မှာ တွေ့တယ်။ လမ်းဘေး ၃- ၄နေရာလောက် အဲလို ကပ်တာပါ။ အများကြီးလည်း မဟုတ်ပါဘူး။ ကျနော်တို့လည်း စုံတော့ စုံစမ်းနေတာပေါ့။ ခုချိန်ထိတော့ မရသေးဘူး။ ”

လမ်းဘေးမှာ ကပ်ထားတဲ့စာတွေမှာတော့ မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော UN အလိုမရှိ၊ NLD အစိုးရကို အလိုမရှိ၊ မြန်မာနိုင်ငံတွင် ခိုးဝင်ဘင်္ဂါလီသာရှိသည်။ ရိုဟင်ဂျာတိုင်းရင်းသားဆိုတာမရှိ။ မြန်မာသမိုင်းကို သွေးဖြင့်ဆေးမည်ဆိုပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ရေးသားထားပါတယ်။

ဒီလို စာကပ်တာဟာ ကုလသမဂ္ဂက ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ကြောင်း စွပ်စွဲပြောဆိုပြီး တပ်မတော် ခေါင်းဆောင်တွေကို အရေးယူဖို့ တောင်းဆိုနေချိန်လည်း ဖြစ်ပါတယ်။

မဟာအောင်မြေမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်ကတော့ စာကပ်တဲ့ဖြစ်ရပ်အပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“ ဒီစာကပ်တော့ အချက် ၃ချက်ပေါ့ဗျာ။ ဒီအချက် ၃ချက်လုံးကတော့ ဒါ အမျိုးသားရေးအစွန်းရောက်တွေရဲ့ လှုပ်ရှားမှုပဲလေ။ ဒါ အားလုံးမြင်သာတာပေါ့နော်။ ခုဖြစ်နေတာက မန္တလေးမြို့ကြီးမှာ လုံခြုံမှုမဲ့နေတယ်ဆိုတဲ့ ပြောဆိုမှု၊ ဝေဖန်မှုတွေရှိတယ်။ ဒုစရိုက်မှုတွေ နည်းနည်းထူပြောလာတယ်။ ပြည်ထဲရေးအနေနဲ့ ရဲဝန်ထမ်းအင်အား မလုံမလောက်နဲ့ ရာဇဝတ်မှုနှိမ်နင်းမှုတွေ၊ တရားဥပဒေစိုးမိုးမှုတွေက လျော့ပါးနေတယ်ပေါ့။ လျော့ပါးနေတော့ မန္တလေးက ထိတ်လန်ချောက်ချားဖွယ်လို ပြောဆိုနေတာတွေ ရှိလာတယ်လေ။ အဲဒီတွေအပေါ်မှာ တဖက်ကနေပြီးတော့ လှုပ်ရှားဖို့ အခွင့်အလမ်းရှာတယ်လို့ မြင်ပါတယ်။”

လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက် လုယက်မှုတွေဟာ မူးယစ်ဆေးဝါး ဖမ်းဆီးနှိပ်နင်းတာတွေကို မကျေနပ်လို့တုံ့ပြန်တာဖြစ်နိုင်ကြောင်း ဦးငြိမ်းသစ်က သုံးသပ်ပြီး တချို့တွေကတော့ ဒီရာဇဝတ်မှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးမကျေနပ်မှုတွေ ရှိနိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

မန္တလေးမြို့မှာ ရာဇဝတ်မှုတွေ ထူပြောလာတာကြောင့် လုံခြုံရေးလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်နေသူတွေကတော့ ဒီအကြမ်းဖက်လုယက်မှုတွေဟာ မူးယစ်ဆေးဝါးနဲ့ အလုပ်အကိုင်ရှားပါးမှုအပေါ် အခြေခံကြောင်း သုံးသပ် ပြောဆိုတာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG