အင်္ဂလန် ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၉ ကို အသင်းအများစု ကစားပြီးသွားချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီး အသင်း နိုင်ပွဲဆက်ရပြီး ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့ အဆင့်ပြောင်းသွားပါတယ်။
မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဘန်လေကို ၅ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ရပြီး ဂိုးကွာခြားချက် ၂၃ ဂိုး အသာရထားပါတယ်။ ဒါကြောင့်လည်း ဒုတိယနေရာက လီဗာပူးလ်နဲ့ ၂၃ မှတ်ချင်းတူပေမဲ့ ရဂိုး ၁၀ ဂိုးအကွာနဲ့ ပထမနေရာကို ဆက်ထိန်းထား နိုင်တာပါ။ လီဗာပူးလ်အသင်းက အဝေးကွင်းမှာ ဟတ်ဒါစ်ဖီးလ်ဒ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါတယ်။
ချယ်လ်ဆီးအသင်းကတော့ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပထမပိုင်းမှာ ၁ ဂိုးရပြီး ဦးဆောင်ကစားခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ၂ ဂိုး ဆက်တိုက်ပေးလိုက် ရပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုအတွင်းမှာမှ ချေပဂိုးသွင်းလိုက်နိုင်တဲ့အတွက် တဘက် ၂ ဂိုးစီနဲ့ သရေကျသွားတာကြောင့် မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ၂ မှတ်စီကွာသွားပြီး ၂၁ မှတ် နဲ့ တတိယနေရာရောက်သွားပါတယ်။
တခြားပွဲတွေမှာတော့ စပါးက ဝက်စ်ဟမ်းမ်ကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိ၊ ဘရိုက်တန်က နယူးကက်ဆယ်လ်ကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိ၊ ကားဒ်ဖ်စီးတီးက ဖူလ်ဟမ်းမ်ကို အိမ်ကွင်းမှာ ၄ ဂိုး ၂ ဂိုး၊ ဝတ်ဒ်ဖို့ဒ်က ဝို့လ်ဗ်စ်ကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရကြပါတယ်။
ဘုန်းန်မောက်သ်နဲ့ ဆောက်သမ်ပ်တန်တို့ကတော့ ဘုန်းန်မောက်သ်ကွင်းမှာ ဂိုးမရှိ သရေကျပါတယ်။
တနင်္ဂနွေနေ့မှာတော့ အယ်ဗာတန်နဲ့ ခရစ္စတယ်လ်ပဲလေ့စ်၊ အာဆင်နယ်လ်နဲ့ လက်စတာစီးတီးတို့ ကစားကြမှာဖြစ်ပါတယ်။