အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်မရပ်တဲ့ လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးရာမှာ သဘောတူညီချက် မရရှိဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ ညှိနှိုင်းလို့မရခဲ့တဲ့ အဓိကအချက်ကတော့ လက်နက်ကိုင်နည်းလမ်းကို အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ပတ်သက်တဲ့အပေါ် မှာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌခေါင်းဆောင်တဲ့အဖွဲ့ဟာ PSLF/ TNLA ခေါ် တအာင်း-ပလောင်တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့၊ AAခေါ် ရခိုင်တပ်ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဒီလ ၉ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတူလိုက်ပါရေး၊ တနိုင်ငံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရေး၊ နိုင်ငံရေးမူဘောင်ရေးဆွဲရေးနဲ့ ၂၁ရာစုပင်လုံညီလာခံမှာ တက်ရောက်ရေး စတဲ့အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးကြတဲ့အချက်တွေထဲမှာ လက်နက်စွန့်ဖို့ မလိုအပ်ပေမဲ့ လက်နက်ကိုင်လမ်းစဉ်စွန့်ရေးအတွက် ညှိနှိုင်းရာမှာ ပြေလည်မှုမရခဲ့ကြောင်း PSLF/ TNLA ခေါ် တအာင်း-ပလောင်တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်က အခုလို ပြောပါတယ်။
“ဒီ မြန်မာအစိုးရ ကိုယ်စားလှယ်ပြောတာကတော့ လက်နက်စွန့်ဖို့တော့မလိုဘူး။ ဒါပေမယ့် လက်နက်စွန့်နိုင်မယ်ဆိုတဲ့ ကတိပေါ့။ လက်နက်ကိုင်တဲ့နည်းလမ်းကို အပြီးတိုင် ချုပ်ငြိမ်း ဖို့ အပြည့်အဝဆန္ဒရှိတယ်ဆိုတဲ့ ကတိ ကိုတော့ ထုတ်ပြန်ကြေညာချက်ထုတ်ရမယ် ဆိုတဲ့ဟာကတော့ ကျနော်တို့ကိုပြောပါတယ်။ ကျနော်တို့ မဟာမိတ် ၃ ဖွဲ့က အဲဒီကတည်းကနေ ထုတ်ပြန်ကြေညာချက် ထုတ်ဖို့ဆိုတာ ကျနော်တို့မှာ အခက်အခဲရှိတယ်။ ဆိုတော့ လောလောဆယ်တော့ ကျနော်တို့ဆွေးနွေးပွဲထဲမှာ အဲဒီ ၁ ခုမှာပဲ အဓိက အဲဒီစကားလုံးမှာပဲ သွားပိတ်ပြီးတော့ လောလောဆယ် ကျနော်တို့အစည်းအဝေးက ဆွေးနွေးတဲ့ ၂ ဘက်က ဟာတော့ သဘောတူညီချက်တွေမရကြပါဘူး။”
ဒီအချက်အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်က တင်ပြခဲ့တာကို့လည်း အခုလို ဆက်ပြောပါတယ်။
“တကယ့်နိုင်ငံရေးအပြောင်းအလဲတွေလုပ်မယ် ၂၁ ရာစုပင်လုံညီလာခံကျင်းပမယ်ဆိုရင်တော့ ကျနော်တို့လည်း တခြားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနည်းတူ အကုန်လုံးဖိတ်မယ်ဆိုရင်လည်း ကျနော်တို့လည်း တက်ရောက်ဖို့ အခွင့်အရေးရှိမယ်လို့ မြင်ပါတယ်။ တကယ်အခုတော့ ကျနော်တို့လည်း တိုက်ပွဲတွေဖြစ်နေတော့ လိုအပ်လို့ ဒီလိုမျိုးတွေ ထုတ်ဖို့လိုမယ်ဆိုရင်လည်း ဒီလောက်ထိ လက်နက်ကိုင်လမ်းစဉ်ကို၊ လက်နက်ကိုင်နည်းလမ်းတွေကို စွန့်လွှတ်ရမယ်ဆိုတဲ့ ကတိမျိုး ခံဝန်ချက်မျိုးတော့ ကျနော်တို့ဘက်က လိုက်ပါနိုင်ဖို့ကတော့ တော်တော်ခက်တဲ့အနေအထားရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က အဲဒီလိုတော့မထုတ်နိုင်ဘူး။ ဥပမာ -ပြည်တွင်းစစ်တွေကို တကယ်ချုပ်ငြိမ်းသွားဖို့ ၊ နောက်ပြီးတော့ လက်နက်ကိုင် ပဋိပက္ခတွေကို တကယ်ချုပ်ငြိမ်းသွားဖို့ဆိုရင် ဒါက ကျနော်တို့လိုလားတယ် ၊ ကျနော်တို့လည်း ထုတ်နိုင်တယ် ဆိုတာမျိုးတော့ ကျနော်တို့ တင်ပြပါတယ်။”
နောက်တကြိမ် ထပ်မံတွေ့ဆုံမယ့်ရက်ကိုတော့ သတ်မှတ်နိုင်တာမရှိခဲ့ကြောင်းလည်း ပြောပါတယ်။
“နောက်တကြိမ်ကိုတော့ သေချာ ကျနော်တို့ မသတ်မှတ်ရသေးဘူး။ မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်ကလည်း သူတို့ သက်ဆိုင်ရာခေါင်းဆောင်တွေဆီ တင်ပြကြမယ်။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ ဒီကိစ္စကို လုပ်နိုင်ဖို့ ကျနော်တို့ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ ဒီကြားထဲမှာလည်း ဆွေးနွေးညှိနှိုင်းဖို့ ရှိပါတယ်။ ကျနော်တို့ ရက်တွေတော့ မသတ်မှတ်နိုင်သေးပါဘူး နောက်တခါပြန်တွေ့ဖို့။ ”
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ဖက်ကို ဆက်သွယ်ရာမှာတော့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
မိုင်းလားမြို့ တွေ့ဆုံဆွေးနွေးပွဲကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှုး ဦးခင်ဇော်ဦး၊ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ PSLF/TNLA ပလောင်အဖွဲ့ဥက္ကဌ တာအိုက်ဖုန်း၊ MNDAA ခေါ် ကိုးကန့်အဖွဲ့အထွေထွေအတွင်းရေးမှုး ဦးထွန်းမြတ်လင်း၊ AAခေါ် ရခိုင်တပ်ဖွဲ့ဥက္ကဌ ဗိုလ်မှုးချုပ် ထွန်းမြင့်နိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။
လာမယ့် ၁၁ရက်နေ့ ၁၃ရက်နေ့အထိမှာတော့ အစိုးရကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံအတွက် နိုင်ငံရေးဆွေးနွေးရေးဆိုင်ရာမူဘောင်တွေကို ပြန်လှန်သုံးသပ်ပြင်ဆင်ဖို့ရှိနေပြီး ၂၁ရာစုပင်လုံကိုတော့ ဒီလ၃၁ရက်နေ့မှာ စတင်မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
NCA ကို လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ဖွဲ့ ပါဝင်တဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီကတော့ ၂၁ပင်လုံကို တက်ရောက်ဖို့ တိုင်းရင်းသားတွေဖက်က အဆင်သင့်မရှိကြောင်း ထုတ်ပြန်တာတွေ ရှိနေပါတယ်။
ဒီရက်ပိုင်းအတွင်းမှာတော့ NCA ကို လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးတဲ့အဖွဲ့တွေ ဟာ နိုင်ငံရေးမူဘောင်ကိစ္စ၊ လုံခြုံရေးဆိုင်ရာကိစ္စတွေအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေ ကြပါတယ်။