ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဒေသခံ အရပ်သား ၄ဝဝကျော် ဖမ်းဆီးခံထားရတယ်လို့ AA က ထုတ်ပြန်ထား ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ စစ်တွေ၊ ပေါက်တော၊ မြောက်ဦးတဲ့ စတဲ့မြို့နယ်တွေက ရခိုင်ဒေသခံ ၅ဝ ကျော်လောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။ လက်ရှိရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေလည်း ပြင်းထန်နေသလို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဒေသခံ အရပ်သား ၄ဝဝ ကျော် ဖမ်းဆီးခံထားရပြီး ဒီရက်ပိုင်း အတွင်းမှာပဲ စစ်တွေ၊ ပေါက်တော၊ မြောက်ဦး စတဲ့ မြို့နယ်တွေက ဒေသခံ ၅ဝ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ AA ရက္ခိုင့်တပ်တော်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ အများစုဟာ စစ်တွေမြို့နယ်က ဖြစ်ပြီး မိသားစုစား ဝတ်နေ ရေးအတွက် ကုလာ;တန်မြစ်အတွင်း ရုန်းကန်လှုပ်ရှားနေရတဲ့ လက်လုပ်လက်စား လှေသမား တွေနဲ့ ခရီးသည်တွေ ဖြစ်ပါတယ်။ဖမ်းဆီးခံထားရသူတွေ ထဲက တဦးဖြစ်တဲ့ စစ်တွေမြို့နယ် ဆတ်ရိုးကျ ကျေးရွာက လှေသမားရဲ့ မိသားစုဝင်တဦး ကတော့ သူဟာ စစ်တွေ ကလားတန်မြစ်အတွင်းမှာ လှေအငှားလိုက်ရင်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ ပြောပါတယ်။
“ မိသားစု ဆွေမျိုးထဲက ဆိုရင် ၃ယောက် ၄ယောက် လောက်တော့ ပါတာပေါ့၊ ဘာကြောင့် ဖမ်းသွားတယ်ဆိုတော့ ကျနော်တို့ က အငှားလိုက်ရင်းနဲ့ အဲမှာ ဖမ်းတာ၊ လမ်းတဝက်မှာ အဖမ်းခံရတာ၊ သူတို့ ကတော့ အမှတ် ၂ ရဲစခန်းမှာ လို့တော့ သိရတယ်။”
ဒါ့အပြင် နောက်ထပ်ဖမ်းဆီးခံရသူ စစ်တွေ ဒေသခံ တဦးရဲ့ အမျိုးသမီးကတော့ အပြင်ထွက်ပိုက်ဆံရှာ နေတဲ့သူ့ရဲ့အမျိုးသား အဖမ်းခံထားရတာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်ပြောပါတယ်။
“ ဒီမှာက ကလေးတွေက ငတ်နေပြီ၊ ထမင်းကလည်း နပ်မှန်အောင်မစားရဘူး၊ အရင်လို လည်း အလုပ်က မရှိတော့ဘူးလေ၊ အခုဆိုရင် ကလေးတွေက မုန့် ၃ဝဝ ဖိုး စားရတဲ့နေရာမှာ ၂ဝဝ ဖိုး ပဲ စားရတယ်၊ ကလေးတွေက အိမ်မှာ ငိုတဲ့သူငို၊ အဖေမရှိလို့ ရှာတဲ့သူရှာ၊ အမြန်ဆုံး လွတ်စေ ချင်ပြီ။”
လက်ရှိရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ကုန်လမ်း ရေလမ်း အားလုံးကို စစ်ကောင်စီက ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်ဆိုင်းသွားပြီး ဒေသတွင်း ကုန်စည်ရှားပါးတာတွေနဲ့ ဈေးအဆမတန် မြင့်တက်နေတာ တွေကြောင့် ပြည်သူတွေအနေနဲ့ စားဝတ်နေရေး အခက်ကြုံနေကြတာပါ။
အထူးသဖြင့် တနေ့စာ တနေ့ ရှာပြီး စားနေရတဲ့ နေ့စား အလုပ်သမားတွေ အနေနဲ့ ဒီလိုကာလမှာ စားဝတ်နေရေးအတွက် အတော်ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီအနေနဲ့ အခုလို ဖမ်းဆီးတာတွေ မလုပ်သင့်သလို ဖမ်းဆီးထားသူတွေ ကိုလည်း အမြန်ဆုံးပြန် လွတ်ပေးစေချင်တယ်လို့ လက်ရှိ စစ်တွေအမှတ် ၂ ရဲစခန်းမှာ ဖမ်းဆီးခံထားရသူ တဦးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
“ ပြောချင်တာကတော့ ကျနော်တို့ တရက်လုပ် တရက်စား ဘဝတွေက အဆင်တော့ မပြေဘူးပေါ့၊ အမြန်ဆုံးတော့ လမ်းတွေ ဘာတွေ ဖွင့်ပြီးတော့ အဆင်ပြေချင်တယ်၊ ဖမ်းဆီး တာတွေ ဘာတွေ လုပ်ရင်လည်း ကျနော်တို့ တရက်လုပ်မှ တရက်စားရတဲ့ ဘဝကဘယ် လိုလုပ် ရှင်သန် နိုင်မလဲ အဲတာမျိုးတွေ မလုပ်စေချင်ဘူး။”
ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန် နေတဲ့ ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ စတင်ခဲ့တဲ့နေ့က စပြီး စစ်ကောင်စီ တပ်စခန်း ၁၄ဝ ကျော်ကို AA ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထား တယ်လို့ AA ဘက်က ထုတ်ပြန်ထား ပါတယ်။
အခုလို စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီ အနေနဲ့ ရခိုင်မှာ ပြည်သူတွေကို ဦးတည် တိုက်ခိုက်တာတွေ၊ ဖမ်းဆီးတာတွေနဲ့ ခြိမ်းခြောက်တာတွေကို တိုးမြင့်လုပ်ဆောင်လာတာဖြစ်တယ်လို့လည်း ရခိုင်အရေး လေ့လာသုံးသပ်သူ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
“ တလအတွင်းမှာ အတိုင်းထက်အလွန် အဖမ်းခံရတာတွေ များလာတယ်၊ ပုဒ်မလည်း မရှိဘူး၊ တရားလည်းမစွဲဘူး၊ သက်သက် ဒါသူတို့ ခြိမ်းခြောက် အကြပ်ကိုင်တဲ့ အနေနဲ့ ဖမ်းဆီး ထားတာ လူတွေကို ဒုက္ခရောက်အောင်လုပ်ထားတဲ့ အစိတ်အပိုင်းတခုရဲ့ လုပ်ရပ် တွေပဲလို့ ပြောလို့ရပါတယ်။”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AAရက္ခိုင့်တပ်တော်ကြား ဒီကနေ့ အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက် ရှိနေဆဲပါ။ စစ်ကောင်စီအနေနဲ့ ပြည်သူတွေ နေထိုင်တဲ့ မြို့ပေါ် ကျေးရွာ ရပ်ကွက်တွေကို မီးရှို့တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ အဆက်မပြတ် လုပ်ဆောင်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံး တာတွေ ရှိနေသလို သိန်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရ တယ်လို့ AA ကသတင်းထုတ်ပြန်ထားတာပါ။
စစ်ကောင်စီကတော့ AAအနေနဲ့ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို အကာကွယ်အကွယ်ယူ တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ကျေးရွာတွေကို မီးရှို့တာတွေ မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရက တုန့်ပြန်ပြော ဆိုထားတာရှိပါတယ်။