သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးကို စစ်ကောင်စီ လေကြောင်းကနေ ၅ကြိမ်တိုက်ခိုက်


လားရှိုးမြို့ကို စစ်ကောင်စီလေကြောင်းကဗုံးကြဲခဲ့အပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)
လားရှိုးမြို့ကို စစ်ကောင်စီလေကြောင်းကဗုံးကြဲခဲ့အပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)

MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မြို့တော် လားရှိုးမြို့ကို စစ်ကောင်စီက ဒီကနေ့ နေ့ခင်း ၁နာရီကနေ ၂နာရီအကြားမှာ လေကြောင်းကနေ ၅ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ အထိအခိုက် အခြေအနေကိုတော့ မသိရသေးကြောင်း ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မြို့တော် လားရှိုးမြို့ကို စစ်ကောင်စီက ဒီကနေ့ နေ့ခင်း ၁နာရီကနေ ၂နာရီအကြားမှာ လေကြောင်းကနေ ၅ကြိမ်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ သီပေါကနေ လားရှိုးမြို့အဝင် မယ်ဟန်ရွာဘက်ကို တိုက်ခိုက်တာဖြစ်ကြောင်း ကနဦးသတင်းရရှိပေမဲ့ အထိအခိုက် အခြေအနေတော့ မသိရသေးပါဘူး။

MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ဒီရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာပါ။ ဒီကနေ့ တိုက်ခိုက်မှုအခြေအနေကို လားရှိုးမြို့ကနေ စစ်ရှောင်နေသူ တဦးက VOA ကို အခုလို ပြောပါတယ်။

“ ၁နာရီ ၄မိနစ်ကနေ ၁နာရီ ၄၅မိနစ်အထိ အဲဒီ ကြားထဲကနေ ၅လုံးပြည့်တဲ့အထိ ကြဲသွားတယ်လို့ ကြားတယ်လေ။ အားလုံး မယ်ဟန်မှာပဲ ကြဲသွားတာ။ ပြောမယ်ဆိုရင်တော့ မယ်ဟန်က သီပေါကနေ တက်သွားရင် လားရှိုးရဲ့ အဝင်ဖြစ်တယ်။ အဲဒီမှာ ကိုးကန့်တွေရဲ့ မြို့ဝင်ဂိတ် အဲဒါကို သူတို့က အဓိက ထားပြီး ကြဲတဲ့သဘောရှိတယ်ထင်တယ်။”

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ၅ကြိမ်တိုက်ခိုက်ခဲ့တဲ့အထိအခိုက် အခြေအနေကိုတော့ မသိရသေးကြောင်း ပြောပါတယ်။ ဒီလ ၂၃ရက်နေ့ ဗုဒ္ဓဟူးနေ့ကလည်း လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ တနေ့တည်း ၄ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနေ့က ပထမအကြိမ် တိုက်ခိုက်မှုမှာတော့ မယ်ဟန်ကျေးရွာအုပ်စု ခိုဆန်တန်ရွာရှိ ရိုးရာအရက်ချက် စက်ရုံ မီးလောင်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ပေမဲ့ လူအထိအခိုက်အခြေအနေကိုတော့ ထုတ်ပြန်တာ မရှိပါဘူး။

ရှမ်းမြောက်ဒေသက သတင်းတွေကို အစဉ်တစိုက်ဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနကတော့ ၂၃ရက်နေ့ တိုက်ခိုက်မှု ၄ကြိမ်အတွင်းမှာ အရပ်သား ထိခိုက်သေဆုံးသူ ၁၀ဦးခန့်ရှိကြောင်း ဖော်ပြပါတယ်။ ၂၂ရက်နေ့ မနက်အစောပိုင်းက လားရှိုးမြို့လယ် မန်ဆူဘုရားအနီး လေကြောင်းတိုက်ခိုက်မှုမှာတော့ အရပ်သား ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

MNDAA ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သြဂုတ်လ ၃ရက်နေ့က သိမ်းယူခဲ့ပြီးနောက် သြဂုတ်လ ၃၀ရက်ကနေ ဒီကနေ့အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၂၅ကြိမ်ခန့် ရှိနေပြီဖြစ်ပါတယ်။ ရှမ်းမြောက် တိုက်ပွဲအခြေအနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Forum

XS
SM
MD
LG