အမေရိကန်ပြည်ထောင်စုမှာရဖို့ခက်ခဲတဲ့ ပညာသင်ဆုကိုရလိုက်တဲ့အတွက် ပညာရှင်တယောက်ဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မှာဖြစ်သလို ဆောင်းပါးရှင်တယောက်အနေနဲ့ နိုင်ငံတကာ သတင်းစာကြီးတွေမှာ မြန်မာ့အရေးဆောင်းပါးတွေ ဆက်ရေးသွားမယ်လို့ ဒီနှစ် Paul & Daisy Soros Fellowship ပညာသင်ဆုရခဲ့သူ ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။ ငယ်ငယ်က နွမ်းပါးတဲ့ဒေသတခုမှာကြီးပြင်းခဲ့လို့ ပညာကောင်းကောင်းသင်ခွင့်မရခဲ့ပေမဲ့ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ်ရောက်လာတဲ့ နှစ်ပိုင်းအတွင်းမှာပဲ B.A ဘွဲ့ယူနိုင်ပြီး မကြာခင်မှာတော့ ထိပ်တန်းတက္ကသိုလ်ကြီးတခုမှာ Ph. D ဘွဲ့သင်ယူတော့မယ့် ကိုကျော်ဆန်းလှိုင်ရဲ့ ဖြတ်သန်းမှုတချို့ကို မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကမှ ဒုက္ခသည်အဖြစ် ရောက်လာခဲ့တဲ့ ရခိုင်တိုင်းရင်းသားလူငယ် ကိုကျော်ဆန်းလှိုင်ဟာ သိပ်မကြာခင် လပိုင်းအတွင်းမှာတော့ အမေရိကန်ထိပ်တန်းတက္ကသိုလ်ကြီးတခုဖြစ်တဲ့ Cornell တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ Ph.D ပညာကိုသင်ယူတော့မှာပါ။ ခုလို အခြေအနေမျိုးကို သူ လွယ်လွယ်ကူကူ ရခဲ့တာတော့ မဟုတ်ပါဘူး။
အမေရိကားကို စရောက်တဲ့ ၂၀၂၂ ခုနှစ်ထဲမှာပဲ ပထမအဆင့် B.A ဘွဲ့ရအောင် အပူတပြင်း ကြိုးစားခဲ့ရပါတယ်။ အခက်အခဲတွေ များလွန်းလို့ ကျောင်းတက်မယ့်အိပ်မက် မဖြစ်နိုင်ဘူးလို့တောင် တွေးမိတဲ့အချိန်တွေ ရှိတယ်လို့ ကိုကျော်ဆန်းလှိုင်က ပြောပြပါတယ်။
“ကျောင်းတက်ဖို့ ကျနော်ကတော့ တောက်လျှောက်လုပ်တာပေါ့။ အဲ့ဒါကြောင့် အမေရိကန်မှာရှိတဲ့တက္ကသိုလ် တခုချင်းစီ၊ တက္ကသိုလ်တွေက faculty member professor တွေ အနည်းဆုံး ၃၀ ကနေ ၅၀ လောက်အထိ ကြားမှာတော့ ရှိမယ်ထင်တယ်။ အကုန် အီးမေးပို့တာပေါ့။ သူတို့ကလည်း သူတို့တက္ကသိုလ်ကိုတက်နိုင်ဖို့ လုပ်ပေးချင်တယ်။ ဒါပေမဲ့ ပြဿနာက ဒီမှာလည်း သူတို့က education transcripts တွေ လိုတယ်။ ကိုယ်တက်ထားတယ်ဆိုတဲ့ဟာတွေ official စာ လိုတယ်ပေါ့။ အဲ့ဒါတွေမပါတော့ သူတို့က မလုပ်ပေးနိုင်ဘူးပေါ့။ အဲ့လို မလုပ်ပေးနိုင်ဘူးဆိုတာက ကျနော် ဖေဖော်ဝါရီလ (၂၀၂၂ ခုနှစ်) ရောက်ပြီးကတည်းကဆိုရင် ဒီဇင်ဘာလအထိအောင် ၈ လလောက်၊ ငါ ကျောင်းတက်လို့ရတော့မှာ မဟုတ်ဘူးဆိုတဲ့ အခြေအနေတောင် ရောက်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘယ်လိုမှ လုပ်လို့ မရဘူးလေနော်။ အဲ့ဒါနဲ့ ကျနော့် Hawaii တက္ကသိုလ်ကို ကျနော် အီးမေးပို့တယ်။ ကျနော့် အခြေအနေ ပြောပြတယ်။ East West Center ကိုလည်း အီးမေးပို့ပြီး ပြောပြတယ်။ သူတို့ကတော့ အိုကေ − ငါတို့ကြိုးစားပေးမယ်ပေါ့။ ဒါပေမဲ့ ဒါကို officially မင်းပြန်လျှောက် ဆိုလို့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျနော် ပြန်လျှောက်တယ်။ ဒီဇင်ဘာလ ၁၅ ရက်လောက် အထိတောင် ရမရ မသိရသေးဘူး။ ဒီဇင်ဘာ ၂၀ လောက်မှ တရားဝင် သိရတယ်။ ကျနော် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဒီစီက ထွက်လာပြီးတော့ Hawaii ကို ၁ ရက်နေ့ ရောက်တယ်ပေါ့။”
ပုံမှန်အားဖြင့် ၄ နှစ်လောက် အချိန်ယူလေ့လာရတဲ့ B.A ဘွဲ့ကို သူက တနှစ်ခွဲအတွင်းရအောင် ကြိုးစားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ Hawaii တက္ကသိုလ်မှာ B.A ပညာသင်ကြားနေချိန်မှာလည်း Ph.D ဘွဲ့ ဆက်ယူနိုင်ဖို့ ပြင်ဆင်မှုတွေ မနားတမ်း လုပ်ခဲ့သူပါ။ သူ့ရဲ့ မပြတ်အားထုတ်မှု အကျိုးရလဒ် ကတော့ အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည် ဒါမှမဟုတ် အကြောင်းအမျိုးမျိုးနဲ့ ခိုလုံခွင့်ယူထားတဲ့ လူငယ်တွေ ထောင်နဲ့ချီ လျှောက်ကြတဲ့အထဲက လူဦးရေ ဆယ်ဂဏန်းလောက်ကိုသာ ရွေးချယ်ပေးအပ်တဲ့ Paul & Daisy Soros Fellowship ပညာသင်ဆုကို ဒီနှစ် ၂၀၂၄ ခုနှစ်မှာ ရရှိလိုက်တာပါပဲ။
ဒါဟာဖြင့် ၂၀၁၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက လူငယ်တဦး ရတောင့်ရခဲ့ ဒီပညာသင်ဆုကို ပထမဆုံးအကြိမ် ပြန်ရတာဖြစ်သလို မြန်မာစာနယ်ဇင်းသမား တယောက်အနေနဲ့ကတော့ ကိုကျော်ဆန်းလှိုင်က ပထမဆုံး ရရှိတဲ့ပါ။ ဒီပညာသင်ဆုရလိုက်တဲ့အတွက် အထင်ကရ Cornell တက္ကသိုလ်ကြီးမှာ လာမယ့် သြဂုတ်လကစပြီး Ph.D ဘွဲ့အတွက် ကျောင်းစ တက်ရတော့မှာပါ။
“ကျနော်ကတော့ နိုင်ငံရေးသိပ္ပံနဲ့ပေါ့။ Cornell University ရဲ့ Department of Government ပေါ့။ ဒါပေမဲ့ သူက နိုင်ငံရေးသိပ္ပံနဲ့ အတူတူပဲ။ တချို့ကတော့ government လို့ခေါ်တယ်။ တချို့ကတော့ political science ပေါ့။ အဲ့ဒီမှာ ကျနော်က ဒီ Fall Semester မှာ စမှာပေါ့။ ဒီ ရထားတဲ့ scholarship နဲ့ပါ။”
ကိုကျော်ဆန်းလှိုင်ဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့က နွမ်းပါးတဲ့ ကျေးရွာငယ်လေးတခုမှာ မွေးဖွား ကြီးပြင်းခဲ့ပြီး မိဘတွေကလည်း အတန်းပညာ မတတ်ကြပါဘူး။ အခြေခံပညာကို ရခိုင်ပြည်နယ် ပရဟိတကျောင်းတခုမှာ သင်ယူခဲ့ရသူပါ။ ခုချိန်မှာ အမေရိကန်ပြည်ထောင်စုက အထင်ကရ တက္ကသိုလ်ကြီးတခုမှာ PhD ဘွဲ့ သင်ခွင့်ရမယ်လို့ မမျှော်လင့်ခဲ့ပေမဲ့လို့ ငယ်ငယ်ကတည်းက ပညာတတ်တယောက် ဖြစ်ချင်တာကတော့ သူ့ရဲ့ အိပ်မက်ပါပဲလို့ ကိုကျော်ဆန်းလှိုင်က ပြောပြပါတယ်။
“ပြောရရင် ကျနော့်အိမ်မှာ အဖေနဲ့အမေနဲ့က ကျောင်းမတက်ဖူးဘူး။ ကျနော့်အမေက ဈေးရောင်းတာပေါ့နော်။ ကျနော် ၄ တန်းရောက်တော့ ကျနော်တို့ရွာမှာက ၃ တန်းပဲ တက်လို့ရတယ်။ ၄ တန်းဆိုတာနဲ့ တခြားနေရာမှာ စာမေးပွဲသွားဖြေရတယ်။ ကျနော်တို့ဆီမှာက မူလတန်း ကျောင်းခွဲပဲ ရှိတာပေါ့။ အဲ့တော့ ၄ တန်းပြီးတော့ ကျနော်တို့အိမ်က ပိုက်ဆံမတတ်နိုင်တော့ဘူး။ ပိုက်ဆံလည်း မရှိဘူးပေါ့။ အဲ့တော့ ကျနော့်ကို နယ်ထဲမှာရှိတဲ့ ပရဟိတကျောင်းကို ပို့ပေးတာပေါ့။ အဲ့ဒီမှာ ကျနော် ၅ တန်းကနေ ၁၀ တန်းအထိ ကျောင်းတက်တာပေါ့။ ပရဟိတ ဘုန်းကြီးကျောင်းမှာ နေပြီးတော့ ၁၀ တန်းအထိ တက်ခဲ့တာပေါ့။ ဆိုတော့ ကျနော့် စိတ်ထဲမှာတော့ အမြဲတမ်း တခုရှိတယ်။ ဘာရှိလဲဆိုတော့ တနေ့ကျရင် ငါ နိုင်ငံခြားမှာ ကျောင်းတက်ရမယ်။ နိုင်ငံခြားဆိုတာ ဘယ်နိုင်ငံခြားလဲတော့ မသိဘူးပေါ့။ နိုင်ငံခြားမှာ ကျောင်းတက်ချင်တယ်ပေါ့။ အဲ့ဒီလိုမျိုးတော့ ရှိတာပေါ့။ အိမ်ကလူတွေကိုလည်း ကျောင်းပြီးအောင် လုပ်ပြချင်တယ်ပေါ့။ ကိုယ်ကလည်း ပညာရေးကို စိတ်ဝင်စားတယ်။ စူးစမ်း လေ့လာရတာကို ကြိုက်တယ်။ အဲ့တော့ ကျောင်းဆက်တက်တာက ငါ့အတွက် အကောင်းဆုံးဖြစ်မယ်ပေါ့။ အဲ့အချိန်မှာ ဆုံးဖြတ်လိုက်တာ။”
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းချိန်က ပြည်တွင်း သတင်းထောက်တဦးဖြစ်တဲ့ ကိုကျော်ဆန်းလှိုင်ဟာ သတင်းသမားတွေကို ဖမ်းဆီး ဖိနှိပ် ဖိအားပေးတာတွေ တိုးလာချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်နေစဥ်အတွင်း အလွတ်သတင်းသမားတယောက်အနေနဲ့ နိုင်ငံခြားသတင်းစာစောင်တွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ ရေးခဲ့သလို သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ လအတန်ကြာ ထိုင်းနိုင်ငံမှာနေခဲ့ပြီးတော့မှ ပညာရှင်တယောက်ဖြစ်ချင်တဲ့ သူ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ သူက ပြောပြပါတယ်။
ဒီလို အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားချိန်မှာ ရဖို့ခက်ခဲလှတဲ့ Paul and Daisy Soros Fellowship ပညာသင်ဆု ချီးမြှင့်ခံရတာက သူ့အတွက်တော့ အများကြီး အထောက်အကူ ဖြစ်စေတယ်လို့ ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။
“အများကြီး အထောက်အပံ့ ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ scholarship ဆု ရတယ်ဆိုတော့ PhD တက်ဖို့ program လျှောက်တဲ့အချိန်မှာ ဒါက တွန်းအားပေးတာပေါ့။ ကျောင်းက scholarship ကလည်း ၆ နှစ်စာကို အပြည့်ပေးတယ်။ ပေးပေမဲ့ ဒီမှာက GA (Graduate Assistant) ၊ TA (Teaching Assistant) ဆိုတာတွေ ရှိတယ်။ Teaching assistant လုပ်ရတာတို့ Research Assistant လုပ်ရတာတို့ အဲ့လိုပုံစံမျိုးတွေ ပါတာပေါ့။ ကျောင်းကတော့ ကျနော်က Full Scholarship နဲ့ ၂ နှစ်ရတယ်။ GA ၊ TA နဲ့က ၄ နှစ် လုပ်ရမယ်ပေါ့နော်။ ဒါပေမဲ့ ဒီ scholarship ရသွားတော့ ကျနော်က GA ၊ TA ၄ နှစ် လုပ်စရာ မလိုတော့ဘူး။ ၂ နှစ်ပဲ လုပ်ရတော့မယ်။ ကျောင်းက scholarship ၂ နှစ်ရယ်၊ ဒီက scholarship ၂ နှစ်ရယ်။ ၄ နှစ်စာ ကျနော်က စာရယ်၊ ကျနော် လုပ်ချင်တဲ့အရာတွေကို အဓိက ထားပြီးတော့ လုပ်လို့ရသွားတဲ့သဘော ဖြစ်တာပေါ့။ ဒါက အမှန်ပြောရရင် အမေရိကားမှာ အတော်ရှားတယ်။ အဲ့ဒီလိုမျိုး PhD Program မှာ ၄ နှစ်ကို လုံးဝ အလုပ် လုပ်စရာမလိုဘဲ စာနဲ့ ကိုယ်လုပ်ချင်တဲ့ စာရေးတာပဲဖြစ်ဖြစ်ပေါ့ တောက်လျှောက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရတယ်ဆိုတာကတော့ အရမ်းရှားတယ်။ အများကြီး အထောက်အကူ ဖြစ်တာပေါ့။”
ပညာကို ခက်ခက်ခဲခဲ ရအောင် သင်ယူခဲ့ရတဲ့သူ တယောက်အနေနဲ့ တခြားသော ပညာရေး အခွင့်အလမ်း နည်းပါးသူတွေ၊ ပညာသင်ခွင့်မရတဲ့ လူငယ်တွေကို တချိန်မှာ ပြန်လည် ကူညီသွားချင်တယ်လို့ ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။
“ကျနော့် ခေါင်းထဲမှာ ပထမ ဦးစားပေးအနေနဲ့ထားတာက ကျနော် ဒီ ၆ နှစ်အတွင်းမှာ ကျောင်းပြီးအောင် လုပ်မယ်။ ပြီးအောင် လုပ်ပြီးမှပဲ ဒုတိယအချက် အနေနဲ့ ကျနော်က ကျောင်းတကျောင်းလုပ်ချင်တယ်။ ဥပမာ − တက္ကသိုလ်တခုလို ပုံစံမျိုး ကိုယ့်ဒေသမှာ ကိုယ့်လိုကျောင်းတက်ဖို့ အခွင့်အလမ်းမရတဲ့သူတွေကို ကိုယ်ကြုံရတဲ့ ပုံစံမျိုး မဖြစ်ရအောင် လုပ်ချင်တယ်။ ဆိုလိုချင်တာက ငါ ကြိုးစားခဲ့တာပဲ၊ မင်းလည်း ဒီလိုပုံစံမျိုး ကြိုးစားဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ ကျနော်က လမ်း ချပေးပြီးတော့ ကိုယ်ရတဲ့ပညာရေး အခွင့်အလမ်းမျိုးရအောင် လုပ်ပေးချင်တာတော့ ဖြစ်ချင်တာကတော့ ငယ်ငယ်ကတည်းက ရှိပါတယ်။ ကျောင်းတကျောင်းတော့ လုပ်ချင်တယ်ပေါ့။ ဥပမာ − ၂၀၃၅ မတိုင်ခင်လောက်ပေါ့။ ဒါကတော့ ကျနော့်ရဲ့ second plan ပေါ့။ ဖြစ်လာနိုင်မလား မဖြစ်လာနိုင်ဘူးလား ဆိုတာကတော့ လက်ရှိ ကျနော် ဘယ်လို ပုံစံမျိုး ကြိုးစားမလဲ။ ဘယ်လောက် အထိအောင် ကျနော် ရောက်လာမလဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်မယ်လို့ ထင်ပါတယ်။”
အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် ရောက်လာပေမဲ့ အားငယ်စရာမလိုဘဲ ရည်မှန်းချက် ခိုင်ခိုင်မာမာနဲ့ ကြိုးပမ်း အားထုတ်ရင် အခွင့်အလမ်းတွေ ရှိနေတယ် ဆိုတာကိုတော့ ကိုကျော်ဆန်းလှိုင်က သာဓက တခုပါပဲ။ တနေ့မှာ သူ့ရည်မှန်းချက် အိပ်မက်တွေ အပြည့်အဝ အကောင်အထည် ပေါ်လာတဲ့အထိ အများကြီး ဆက် ကြိုးစားသွားရဦးမယ်လို့လည်း ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။
Forum