ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောခဲ့ပြီး စစ်တပ်အပေါ် လေယာဉ်သုံးလောင်စာဆီနဲ့ ငွေကြေးတွေဖြတ်တောက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ထပ်မံတောင်းဆိုလိုက်ပါတယ်။
"မြန်မာပြည်ကလူတွေရဲ့ အသက်တွေကိုကယ်တင်ဖို့ ဘာအတွက် အချိန်တွေ ထပ်စောင့်နေဦးမလဲ" ဆိုပြီးလည်း ၂၀၂၁ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့တဲ့ မြန်မာသံအမတ်ကြီးက လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို မေးခွန်းထုတ်ခဲ့ပါတယ်။ လူ့အသက်တွေ ထပ်မံမဆုံးရှုံးဖို့နဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေ ရပ်တန့်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဆုံးဖြတ်ချက် နောက်ဆက်တွဲ အရေးယူမှုတွေ စတင်ဆောက်ရွက်ဖို့ ဦးကျော်မိုးထွန်းက ကောင်စီကိုပန်ကြားခဲ့ပါတယ်။
လူထုအနေနဲ့ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေပြီးမြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေက ပြည်တွင်းစစ်ဖြစ်နေတာမဟုတ်ဘဲ တော်လှန်ရေး တရပ် ဆင်နွှဲနေတာဖြစ်ကြောင်းလည်း ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီမှာ တင်ပြပါတယ်။ လူထုက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်သားတွေ အုပ်ချုပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ဖို့ လုပ်ဆောင်နေတယ်လို့ ရှင်းပြခဲ့ပါတယ်။
စစ်တပ်ဟာ လူထုတော်လှန်ရေးကို တန်ပြန်အောင်နိုင်မယ့် အရည်အသွေး မရှိသလို တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းလည်း မရှိ၊ စီးပွားရေး တိုးတက်အောင်လည်း မလုပ်နိုင်ဘူးလို့ ထောက်ပြပါတယ်။ ဒီ စစ်တပ်နဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်း တည်ငြိမ်ရေးလည်း စွမ်းဆောင်နိုင်မှာမဟုတ်ကြောင်း ပြောပါတယ်။
အားလုံးပါတဲ့ ဖက်ဒရယ် ဒီမိုကရေစီ အရပ်သားအစိုးရတခုတည်းကသာ ဒီရည်မှန်းချက်တွေကို ပြည့်မီအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မြန်မာလူထုရဲ့ အသံကို နားထောင်ပြီး လုံခြုံရေးကောင်စီ အနေနဲ့ အရေးပါ အလုပ်ဖြစ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်သူလူထုရဲ့ အသက်တွေကိုကယ်တင်နိုင်ဖို့ အချိန်မကျန်တော့ကြောင်း ဦးကျော်မိုးထွန်းက ထပ်မံသတိပေးခဲ့ပြီး မနှစ်က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချက် အပြီးမှာလည်း စစ်အာဏာရှင်တွေဟာ လူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေကြောင်း ထောက်ပြပါတယ်။
မနှစ် ဒီဇင်ဘာ ၂၁ အထိ စစ်တပ်ကသတ်ဖြတ်လို့ သေဆုံးရတဲ့လူအရေအတွက်က ၂,၆၃၉ ဦး ရှိနေရာကနေ လက်ရှိမှာ အတည်ပြုထားတဲ့ အချက်အလက်တွေအရ ၄,၀၀၀ ရှိနေပြီဖြစ်လို့ ပြီးခဲ့တဲ့ ၈ လအတွင်းမှာ လူ ၁,၃၀၀ ကျော် ထပ်မံ သတ်ဖြတ်ခံရကြောင်း သံအမတ်ကြီးက အချက်အလက်တွေနဲ့ ကိုးကား ပြောဆိုပါတယ်။ အိမ်ခြေ ၇၅,၀၀၀ကျော် မီးရှို့ ဖျက်ဆီးခံရပြီး လူ ၂ သန်း အိုးအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေရပြီး လူ ၁၈ သန်းဟာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေကြောင်း ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ တံခါးပိတ် အစည်းအဝေးမှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အပြည့်အဝ အကောင်အထည်ဖော်ရေး လုံခြုံရေးကောင်စီက ထပ်မံတောင်းဆိုတာနဲ့ ဒီမိုကရေစီ လိုလားတဲ့ မြန်မာလူထုကို ထောင်ခံကြောင်း ပြသတာပေါ် မြန်မာသံအမတ်ကြီးက ကျေးဇူးတင်ကြောင်း ပြောခဲ့သလို ယူကေ၊ အမေရိကန်နဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတွေအားလုံးကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။