သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ ပထမအကြိမ်သီးခြားတွေ့ဆုံမှု အပြုသဘောဆောင်ဟု KIA သုံးသပ်


KIO နဲ့ အစိုးရတပ် တွေ့ဆုံဆွေးနွေးမှု ထုတ်ပြန်ချက် (KIO)
KIO နဲ့ အစိုးရတပ် တွေ့ဆုံဆွေးနွေးမှု ထုတ်ပြန်ချက် (KIO)

အစိုးရ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုတို့ရဲ့ ပထမဆုံး သီးခြား တွေ့ဆုံမှုအပေါ် အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုအဖြစ် ယူဆကြောင်း KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သလို နိုင်ငံရေး လေ့လာသူတွေကလည်း အလားတူ သုံးသပ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ သဘောတူညီချက် မရခဲ့ကြပေမဲ့ ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက်စလုံးက ဆန္ဒရှိကြောင်း ထုတ်ပြန်တဲ့အပေါ်မှာတော့ နောက်ပိုင်းမှာ ရလဒ် ကောင်းတွေ ထွက်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ တရုတ်နိုင်ငံ အာရှရေးရာ အထူး သံတမန်နဲ့ ကြားဝင်စေ့စပ်မှုအရ ဖေဖော်ဝါရီလ ၁ရက်နေ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကြာသပတေးနေ့က KIO က ပထမဆုံး သတင်း ထုတ်ပြန်ခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်မှာ KIO ဖက်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကိစ္စတွေ အပါအဝင် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲလျော့ချရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေး၊ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နဲ့ အညီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြောင်း၊ တပ်မတော်ဖက်က တပ်ရင်း ၁၄ဌာနချုပ်ကို ဖယ်ရှားဖို့နဲ့ တချို့ တပ်မဟာတွေ တည်ရှိတာကို အသိအမှတ်မပြုကြောင်း ဖိအားပေး ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

တွေ့ဆုံပွဲမှာ သဘောတူညီချက် မရခဲ့ကြပေမဲ့ ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ကို နှစ်ဖက်လုံးက ဆန္ဒ ရှိကြကြောင်းလည်း ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သုံးသပ်ရာမှာတော့ အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုအဖြစ် ယူဆကြောင်း KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး နော်ဘူက ပြောပါတယ်။

“ဆွေးနွေးပြီးမှပဲ ပြည်တွင်းစစ်ကတော့ နိဂုံးချုပ်ရမှာဖြစ်တဲ့အတွက် အခုလိုမျိုးတွေ့ဆုံဆွေးနွေးတာကတော့ ကောင်းတဲ့ဖက်မှာတော့ ရှိမယ်လို့ သုံးသပ်တာပေါ့။ သဘောကတော့ တစုံတရာ သဘောတူတာတွေ၊ ဆုံးဖြတ်တာတွေ မရရင်လည်းဘဲ နောက် ဆက်ပြီးတော့မှ ဆွေးနွေးပွဲတွေ တွေ့ဆုံပွဲတွေကတော့ ဆက်လုပ်ရမယ်ဆိုတဲ့ သူတို့ နှစ်ဖက်ရဲ့ သဘောတူညီချက်တွေ ရထားတယ်ဆိုတော့ ကောင်းတဲ့ဖက် ဟုတ်မယ်လို့တော့ သုံးသပ်တာပဲ။”

တပ်မတော်ဖက်က တပ်စခန်းတချို့ကို ဖယ်ရှားဖို့ ဆွေးနွေးခဲ့ရာမှာ KIO ဖက်က လက်မခံရင် တိုက်ပွဲအရှိန်တွေ ပိုမြင့်လာနိုင်မလားဆိုတဲ့ အပေါ်မှာတော့ -

“ အခုလောလောဆည်ကတော့ အဲဒီကိစ္စတွေ ဆုံးဖြတ်ဖို့တော့ မဟုတ်ဘူးပေါ့ဗျာ။ ပြန်ပြီးမှ တွေ့ဆုံ ဆွေးနွေးရမယ် ထင်တယ်။ အဲဒီကိစ္စကတော့၊ တခါတည်းနဲ့ အပြတ်လုပ်ဖို့ ဆိုတာကတော့ မလွယ်ဘူးပေါ့။ သူတို့ပြန်ညှိပြီးမှ အချင်းချင်း ဆွေးနွေးပြီးမှ အဖြေပေါ်လိမ့်မယ်လို့ ကျနေ်ာ အဲလိုပဲ ပြောလိုပါတယ်။”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ဖူးတဲ့ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ဥက္ကဌ ဦးခက်ထိန်နန်ကတော့ KIO ရဲ့ ဆွေးနွေးမှုဟာ ၂၀၁၁ကတည်း စတင်ခဲ့သလို အပစ်ရပ်စာချုပ် NCA ဆွေးနွေးစဉ်ကလည်း ပါဝင်ခဲ့တဲ့ အချက်ဖြစ်ကြောင်းနဲ့ တပ်မတော်ရဲ့ ဆွေးနွေးမှုကတော့ အချက်အသစ် ဖြစ်ကြောင်း သုံးသပ်ပြီး ဒီအချက် ၂ချက်ဟာ ဦးတည်ချက် ကွဲပြားနေကြောင်း ပြောပါတယ်။

ဒီမတူညီတဲ့အချက်အပေါ်မှာ အမြန်ဆုံးပြန်လည် တွေ့ဆုံဆွေးနွေးပြီး နည်းလမ်းရှာဖို့ လိုအပ်ကြောင်း ဦးခက်ထိန်နန်က ပြောပါတယ်။

“မတွေ့ဆုံတာထက် စာရင် တွေ့ဆုံတာကတော့ ဘာပဲဖြစ်ဖြစ် လမ်းကြောင်းရှာတယ်၊ နည်းလမ်းရှာတယ်ဆိုတဲ့ အနေအထားအရတော့ ကောင်းတာပေါ့။ ခန ခနတွေ့လေ၊ ခန ခန ဆွေးနွေးလေ ကောင်းလေပါပဲ။ ဒါပေမဲ့ ဆွေးနွေးတဲ့အချက်တွေကျတော့ လားရာမတူဘူးဖြစ်နေတာပေါ့။ နောက်ထပ်ထပ်တွေ့တော့မှပဲ လားရာတူနိုင်တဲ့ဟာတွေကို အချက်အလက်လေးတွေကို ဆွဲထုတ်ကြရမှာပေါ့။ ပြန်တွေ့ဆုံဖို့ ဆွေးနွေးဖို့ နှစ်ဦးနှစ်ဖက်လုံးက သဘောဆန္ဒရှိကြောင်း ပြောဆိုကြတယ်ဆိုတဲ့အချက်ကတော့ မြန်မြန်ပြန်ပြီးတော့ တွေ့ဆုံပြီးတော့ မြန်မြန်ပြန်ပြီးတော့ နည်းလမ်းရှာဖို့တော့ အရေးကြီးတယ်လို့ အဲလို မြင်မိတယ်။”

KIO နဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ ပတ်သက်ပြီး အစိုးရဖက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ ကချင်ပြည်နယ် တနိုင်း၊ ဆွမ်ပရာဘွမ်၊ မန်စီ၊ မိုးကောင်းနဲ့ မြစ်ကြီးနား မြို့နယ်တွေအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အစိုးရတပ်မတော်က လေကြောင်းကပါ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG