သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်းမော်မြို့နယ်တွင်း  စစ်ကောင်စီနဲ့ KIA တိုက်ပွဲ  စစ်ကောင်စီလေကြောင်းက တိုက်ခိုက်


ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်နေတဲ့ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ရွာ (ဇူလိုင် ၁၁၊ ၂၀၂၂/Crd: MIMU)
ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်နေတဲ့ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ရွာ (ဇူလိုင် ၁၁၊ ၂၀၂၂/Crd: MIMU)


[[Zawgyi/Unicode]]

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ရွာအနီးမှာ ဒီကနေ့ စစ်ကောင်စီတပ်နဲ့ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းကပါ ပစ်ခတ်တာတွေပါ ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့ညနေက ဝါးရှောင်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့ တနင်္လာနေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့သလို မွန်းလွဲပိုင်းမှာ လေကြောင်းက တိုက်ခိုက်ခဲ့တာပါ။ ဒီရက်ပိုင်းတွေ အတွင်းမှာ ကချင်ပြည်နယ် ဝိုင်းမော် ၊ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ KIA - PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ရွာအနီး နန်ဇော်ယန်မှာ KIA တပ်စခန်းကို စစ်ကောင် စီတပ်နဲ့ ဒေသခံပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဝိုင်းမော်အခြေစိုက် ခလရ ၅၈ ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီမနက် တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို တိုက်ပွဲဖြစ်ပွားရာ အနီးက ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ဖြစ်တာက ဒီ ဝါးရှောင်နဲ့ကတော့ သိပ်မဝေးတော့ဘူး။ နန်ဇော်ယန်ရွာဆိုတာရှိတယ်။ အဲဒီမှာ KIA Post တခု ရှိတယ်။ အဲဒီမှာ ဖြစ်တာဟုတ်တယ်။ မနေ့ကလည်း ၅ နာရီခွဲလောက်မှာ အဲဒီမှာ ဖြစ်တာဟုတ်တယ်။ မနက် ၁၀နာရီ ကျော်ကျော်လောက်ကနေ ၁၂ နာရီ အဲဒီဝန်းကျင်ပေါ့။ ရပ်သွားပြီ။ ၉ ချက်လောက် ပစ်တယ်။ လက်နက်ကြီးက ၅၈ ကနေပစ်တာပေါ့။ ကျနော်တို့ ကြားသလောက်ပေါ့။ အခုက စစ်အင်အား တော်တော် ဖြည့်ထားတာကို တွေ့ရတယ်။”

မနက်ခင်းကတိုက်ပွဲဟာ ၂ နာရီလောက်ကြာမြင့်ပြီး နေ့ခင်း ၁၂ နာရီ နောက်ပိုင်းမှာ ငြိမ်သက်ခဲ့ရာက မွန်းလွဲ ၂ နာရီလောက်မှာတော့ လေကြောင်းကပါ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သူက ညနေပိုင်းမှာ အခုလို ထပ်မံ ပြောပါတယ်။

“၂ နာရီထိုးခါနီးမှာ လေကြောင်းက တော်တော်လေးလာတိုက်တာ။ တစီးက ခနလေးလာပစ် သွားတယ်။ နှစ်စီးက အဲဒီမှာ နန်ဇော်ယန်ဆိုတဲ့နေရာမှာနော။ အဲဒီမှာ KIA တွေရဲ့ Post တခုရှိတယ်။ အဲဒီမှာ လှည့်ပတ်ပြီးမှ ပစ်နေတာ။ လေယာဉ် ၂ စီးနဲ့။ ၃ နာရီ ၅ မိနစ်လောက်ကျရင် သူတို့က ပြန်သွားကြတယ်။ မြင်နေရတယ်။ သူတို့ပစ်နေတာကို မြင်နေရတယ်။ လယ်ကွင်းထဲကနေ။ ဟတ်စကီးနဲ့ပစ်တာ။ ဟတ်စကီးနဲ့။ ဟတ်စကီး ၃ စင်းစလုံး။ ဂျက်ဖိုက်တာမဟုတ်ဘူး။”

ဒီတိုက်ပွဲကြောင့် အရပ်သားထိခိုက်မှုမရှိကြောင်း၊ တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ထိခိုက် မှုတော့ မသိရကြောင်း ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာရှိပေမယ့် အသေးစိတ် မသိရသေးကြောင်း ပြောပါတယ်။

“တိုက်ပွဲဖြစ်တာမှန်ပါတယ်။ စစ်ကောင်စီဘက်က ဒီစစ်ကြောင်းတွေ ထိုးလာလို့ ကျနော်တို့ ခုခံတိုက်ပွဲတွေ ရှိပါတယ်။ လေကြောင်းလာတယ်ဆိုတာတော့ ကြားပါတယ်။ ဒါပေမယ့် ပစ်ခတ်တဲ့အကြောင်းတွေ အဲဒီသတင်းတွေကတော့ အခုထက်ထိ မရသေးပါဘူး။”

ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်အတွင်းက KIA အရာရှိတဦးကို ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာမှာ ဒေသခံပြည်သူ့စစ်တွေကို ဖမ်းဆီး၊ သတ်ဖြတ်ခဲ့တဲ့နောက် နှစ်ဘက်အကြား စစ်ရေးတင်းမာလာပြီး ဒီလ ၉ ရက်နေ့မှာ စစ်အင်အား အလုံးအရင်းချထားလာကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီလ ၁၀ ရက်နေ့ တနင်္ဂနွေနေ့ မနက်အစောပိုင်းကတော့ KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ စစ်ကိုင်းတိုင်း၊ ကသာခရိုင် အင်းတော်မြို့နယ်က မဲဇာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ကြောင်း ဒေသခံတဦးက ပြောပါတယ်။

“မနက် ၃ နာရီ ၅၀ ကနေ စဖြစ်တာ။ မနက် ၈ နာရီထိုးကျတော့ ပြီးသွားတယ်ခင်ဗျ။ KIA နဲ့ PDF ပေါ့နော်။ စခန်းကို တိုက်တာ။ မဲဇာ ရဲစခန်းကို။ အဲဒီမှာ ပကဖထဲက ရဲဘော်တယောက်တော့ ကျတယ်ခင်ဗျ။ ပြီးတော့ အရပ်သား ကလေးတယောက် ကျတယ်။ ဟိုဘက်က ၂၀။ ၃၀ လောက်တော့ ကျမယ်ခင်ဗျ။ ”

ဒေသတွင်းသတင်းမီဒီယာတွေကတော့ မဲဇာရဲစခန်းမှာ ပူးပေါင်းတပ်စွဲထား စစ်ကောင်စီတပ်၊ ရဲနဲ့ ဒေသခံပျူစောထီး ၃၀ လောက် ကျဆုံးကြောင်း၊ PDF က တယောက်ကျဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရကြောင်းနဲ့ ရဲစခန်းအနီးနေအိမ်က အရပ်သား လူငယ်တဦးသေဆုံးကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အင်အား ၁၅၀ လောက်ရှိတဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တွေက ဒီလ ၁၀ ရက်နေ့ မနက် ၃ နာရီကနေ ၇ နာရီအထိ ၂ ကြိမ်လာရောက်တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်ရတဲ့အခြေအနေမရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့မှာလည်း ဒီနေ့မနက်ပိုင်းမှာလည်း ခရိုင်အုပ်ချုပ်ရေးရုံးမှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး တနင်္ဂနွေနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတဦးက ပြောပါတယ်။

“မိုးမိတ်အခြေအနေကတော့ မနက်ကတော့ ဗုံးနဲ့ ဝင်ပစ်သွားတယ်တော့ ကြားတယ်။ ခရိုင်ထွေအုပ်ရုံးထဲကို ပစ်တယ်လို့ ကြားတယ်။ ထွေအုပ်ဝန်ထမ်းတယောက် ထိတယ်လို့လည်း ကြားတယ်။ အမျိုးသမီးပေါ့။ တိုက်ပွဲကတော့ အဲဒီ မနေ့တုန်းက မနက် ၅ နာရီခွဲ၊ ၆ နာရီလောက်ကတည်းကနေ ပစ်နေကြတာပဲ။ လက်နက်ကြီးသံတွေ ကြားနေရတာ။ တစ်နာရီကျော် နှစ်နာရီလောက်တော့ ပစ်ကြမယ်ထင်တယ်။ အထက်ပိုင်းမှာလည်း ပစ်တာပဲ။ ဒီဘက်နားက စင့်ကင်ဘက် မှာလည်း ပစ်တာပဲ။ ဘယ်သူတွေ ဘယ်သူတွေ ပစ်မှန်းတော့ မသိဘူး။ အသံတော့ ကြားနေရတာပဲ။”

ဒေသတွင်း သတင်းမီဒီယာတချို့က တနဂ်နွေနေ့က တိုက်ပွဲဟာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်အကြား ဖြစ်ပွားတာလို့ ဖော်ပြကြပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူ̔ကြီးနော်ဘူကတော့ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို သတင်း မရရှိသေးကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ် မိုးမိတ်ဒေသမှာတော့ SSPP ရှမ်းတပ်ဖွဲ့နဲ့ TNLA တအန်း(ပလောင်) တပ်ဖွဲ့တွေလည်း လှုပ်ရှားနေတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်အတွင်းက စစ်ကောင်စီတပ်နဲ့ SSPP ကြားမှာ တိုက် ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==============


[[Unicode]]


















XS
SM
MD
LG