သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁ လကျော် ရေဘေးကြုံနေတဲ့ကရင်နီဒေသ


ကယားပြည်နယ် (သို့) ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက တိုင်ဖွန်း Yagi (ရာဂီ) ကြောင့် ရေဘေးဒဏ်သင့် ဘုရားဖြူရွာမှာ ဆန်အိတ်တွေကို ထမ်းသယ်နေတဲ့ လယ်သမားများ (စက်တင်ဘာ ၁၆၊ ၂၀၂၄)
ကယားပြည်နယ် (သို့) ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက တိုင်ဖွန်း Yagi (ရာဂီ) ကြောင့် ရေဘေးဒဏ်သင့် ဘုရားဖြူရွာမှာ ဆန်အိတ်တွေကို ထမ်းသယ်နေတဲ့ လယ်သမားများ (စက်တင်ဘာ ၁၆၊ ၂၀၂၄)

ကယားပြည်နယ်၊ ကရင်နီပြည်ထဲက ဒီးမော့ဆို၊ ရှားတောနဲ့ ဖရူဆိုမြို့နယ်တွေမှာ စက်တင်ဘာလ ဒုတိယပတ်ထဲက ရေကြီးခဲ့ပြီး တချို့နေရာတွေမှာ အခုရက်ပိုင်းအထိ တောင်ကျရေတွေ ကျနေဆဲဖြစ်ပါတယ်။ တလကျော် ရေဘေးဒဏ်ကြုံနေရတာကြောင့် ဒေသခံတွေ အထူးသဖြင့် စစ်ဘေးရှောင် ‌နေရေး သွားရေး ဒုက္ခရောက်နေကြပါတယ်။ လမ်း တံတားတွေပျက်စီးခဲ့တာကြောင့် မော်တော်ယာဉ်တွေပါ သွားလာဖို့ ခက်ခဲနေတဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

စက်တင်ဘာ ၉ ရက်ထဲက မိုးသည်းထန်စွာရွာပြီး ရေကြီးခဲ့တဲ့ ကရင်နီဒေသမှာ တလကျော်ကြာလာတဲ့ အထိရေဘေးဒုက္ခကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ တချို့နေရာတွေမှာ ရေပြန်ကျနေပေမဲ့ တချို့နေရာတွေမှာ အခုရက်ပိုင်းအထိ တောင်ကျရေတွေကျနေပါတယ်။ လွိုင်ကော်မြို့ အပါအဝင် ရေနစ်မြှုပ်ခဲ့တဲ့ နေရာမှာ ၂ ပေလောက် ရေပြန်ကျနေပါပြီ။ ဒါပေမယ့် လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့စပ်က မြစ်ချောင်းနဲ့နီးတဲ့ ကျေးရွာတွေက ရေလွှမ်းမိုးနေဆဲဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။ ရေပြန်ကျသွားပေမဲ့ ရေဘေးသင့်သူ အားလုံး အိမ်ပြန် နေထိုင်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ အကျပ်အတည်းတွေကြား ပြန်လည်ထူထောင်ရေးပြီးမြောက်ဖို့ ကြာအုံးမယ်လို့ IEC အတွင်းရေးမှူး(၂) ကိုဗညားက ပြောပါတယ်။

“တချို့နေရာမှာကတော့ နေလို့ရတဲ့အခြေအနေရှိတယ်။ တချို့နေရာကတော့ ပြန်နေလို့မရတဲ့ အခြေအနေမှာ ရှိတယ်။ ပြန်လည်ထူထောင်ရေး ကာလကို လုပ်ရအုံးမှာပေါ့နော်။ ကျနော်တို့ သန်းရှင်းရေးကိစ္စဖြစ်စေ၊ စိုက်ပျိုး မွေးမြူးရေးကိစ္စတွေ ဖြစ်စေ၊ နောက် အိမ်တွေ ပြန်ဆောက်မယ့်ကိစ္စတွေ ကြာအုံးမှာပါ။”

ရေဘေးကြောင့် စစ်ဘေးရှောင်တွေရဲ့ ယာယီတဲအိမ် အပါအဝင် နေအိမ် လေးထောင်ကျော်ပျက်စီးသွားပြီး စစ်ရှောင်နဲ့ ရွာသူရွာသား စုစုပေါင်း ၃ သောင်း ၅ ထောင်ကျော် ရေဘေးသင့် အရေးပေါ် ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ရေကြီးနစ်မြှုပ်မှုနဲ့ တောင်ကျချောင်းရေတွေကြောင့် နေအိမ်နဲ့ စပါးခင်းတွေ ပျက်စီးတဲ့ အပြင် ဒီးမော့ဆို၊ ရှားတောနဲ့ ဖရူဆိုမြို့နယ်ထဲမှာ လမ်း၊ တံတား ကြီးကြီးမားမား ပျက်စီးမှုနဲ့ ကြုံခဲ့ပြီး ကုန်စည်သယ်ဆောင်ဖို့နဲ့ အများပြည်သူ သွားလာဖို့ ခက်ခဲနေပါတယ်။ ပြန်လည်ပြင်ဆင်နိုင်ရေးတွေ လုပ်ဖို့ အခက်အခဲရှိနေတာကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ပြန်လည် ထူထောင်ရေးဌာန ဌာနမှူးကြီး ခွံမာတီးယာက ဗွီအိုအေကို ခုလို ပြောပါတယ်။

“နည်းနည်းပါးပါးပေါ့။ အသေးစားပြင်ဆင်မှုတွေပဲ လုပ်နိုင်သေးတာပေါ့လေနော်။ တချို့ လမ်းတံတားတွေက တော်တော်လေး ပျက်စီးမှုတွေ ကြီးပြီးတော့မှ ရန်ပုံငွေ ဘတ်ဂျက်တွေ အများကြီးသုံးရမယ့်ဟာတွေ ရှိတယ်။ ကြီးကြီးမားမားပျက်စီးတဲ့ လမ်းတံတားတွေကျတော့ ခုချိန်ထိကတော့ ပြင်ဆင်မှုက အရမ်းကြီးမလုပ်နိုင်သေးဘူး။ မလုပ်နိုင်သေးတဲ့အတွက်ကြောင့်မို့လို့ ကျေးရွာတခုနဲ့ တခု၊ (စစ်ရှောင်)စခန်းတခုနဲ့ တခု ချိတ်ဆက်သွားလာတဲ့အဖြစ်လောက်ကတော့ မော်တော်ယာဉ်အသေးဖြစ်တဲ့ ဆိုင်ကယ်တွေနဲ့ သွားလာတာမျိုးတော့ နည်းနည်းလေး အဆင်ပြေလာပြီး ဒါပေမယ့် ဒီမြို့နယ် ဒေသတခုနဲ့တခု ကူးသွားဆက်ဆံလာတဲ့ တချို့လမ်းတံတားအကြီးအစားတွေကတော့ မရသေးဘူးပေါ့လေနော်။”

အခုလို ပျက်စီးသွားတဲ့ လမ်းတွေဟာ တပိုင်တနိုင် ကူးသန်းရောင်းဝယ်ရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ စစ်ဘေးရှောင်အတွက် စားနပ်ရိက္ခာသယ်ပို့ဆောင်ရေးအတွက် အရပ်သားပြည်သူတွေ အားထားနေရတာဖြစ်ပါတယ်။ သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့ လမ်းတံတား ပြုပြင်မှုနဲ့ နယ်ဘက်ဒေသက ရေဘေးသင့်သူတွေအတွက် ကူညီထောက်ပံ့ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။

Forum

XS
SM
MD
LG