ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီဒေသအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ K8 အမျိုးအစား ဂျက်တိုက်လေယာဉ်ကို ကရင်နီ တပ်ပေါင်းစုက နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပစ်ချနိုင်ခဲ့ပြီးတဲ့နောက် လေယာဉ်မှူး ၂ ဦးထဲက တဦးကို ဖမ်းဆီးရမိထားပြီလို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်ဘီးထူးက ဗွီအိုအေကို ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။
ဖမ်းမိထားတဲ့ ဗိုလ်မှူး ခိုင်သန့်မိုးကို စစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်ပြီးရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့လည်း ခွန်ဘီးထူးက ပြောပါတယ်။ သူ့ကို ဖမ်းဆီးရမိမှုနဲ့ နောက်ဆက်တွဲသတင်းတွေကိုတော့ မကြာခင်မှာ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
အပြစ်မဲ့ လူထုအပေါ် ဗုံးကြဲ သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်သား စစ်လေယာဥ်မှူး ဗိုလ်မှူး ခိုင်သန့်မင်း (စစ်တက္ကသိုလ် အပတ်စဥ် ၄၄) ကို ဖမ်းဆီးရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
KNDF နဲ့ တပ်ပေါင်းစုရဲ့ ၁ လေးလုံး စစ်ဆင်ရေးအတွင်း K8 ဂျက် တိုက်လေယာဉ်ကို ပစ်ချခဲ့ပြီးနောက် လေယာဉ်မှုးနဲ့ တွဲဖက်လေယာဉ်မှူးတို့ဟာ လေထီးနဲ့ ခုန်ချ ထွက်ပြေးခဲ့တာပါ။ ပျက်ကျသွားတဲ့ လေယာဉ်အပိုင်းအစတွေကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ သံတောင်ကြီးမြို့နယ်ထဲမှာ ရှာဖွေတွေ့ရှိကြောင်းလဲ NUG က သတင်းထုတ်ပြန်ထားတာပါ။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တိုက်လေယာဉ်ဟာ ပစ်ချခံရတာမဟုတ်ကြောင်းနဲ့ လေ့ကျင့် ပျံသန်းနေစဉ်မှာ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ ပြောဆိုထားပါတယ်။ အဲဒီလေယာဉ်မှူးတွေနဲ့ အဆက်အသွယ် ရှိနေတယ်လို့လည်း ဆိုပါတယ်။ ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ဝန်ထမ်းတွေ၊ မိသားစုဝင် ၂၀၄ ဦးကို ဘေးအန္တရယ်ကင်းရာ ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က မနေ့ကသတင်း ထုတ်ပြန်ထားပါတယ်။
လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ် ဉီးအောင်ခင်မြင့်ကလည်း သူ့အနေနဲ့ တခြားဝန်ထမ်းတွေနဲ့ အတူ ကျန်းကျန်းမာမာနဲ့ ရှိနေကြောင်း ပြောဆိုတဲ့ ဗွီဒီယိုကိုလည်း IEC က ထုတ်ပြန်ထားပါတယ်။