သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း မိုးကြီး ရေလွှမ်း


ကရင်ပြည်နယ် ဘားအံ့မြို့ ရေကြီးနေသောမြင်ကွင်း (ဓာတ်ပုံ-တင့်ထူးဝေ)
ကရင်ပြည်နယ် ဘားအံ့မြို့ ရေကြီးနေသောမြင်ကွင်း (ဓာတ်ပုံ-တင့်ထူးဝေ)

မြန်မာနိုင်ငံနေရာတော်တော်များများမှာ ရေကြီးရေလျှံတာတွေဖြစ်နေပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အရင်နှစ်တွေကထက် ရေပိုတက်လာတယ်လို့ အစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။ မွန်ပြည်နယ်၊ ဘီးလင်း၊ ဘားအံ့၊ မြဝတီလမ်းပိုင်းတို့မှာတော့ လမ်းရေကျော်တာတွေ ဖြစ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ဇူလိုင် ၂၀ ရက်က စတင်ပြီး ဒီကနေ့အထိ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပြီး ကရင်ပြည်နယ်မှာ ရေဘေးသင့်ပြည်သူ ၁၆,၀၀၀ ကျော်နေပြီလို့ ကယ်ဆယ်ရေးတာဝန်ရှိ သူတွေက ပြောပါတယ်။ ဒီနေ့မှာတော့ ပဲခူး၊ ရွှေကျင်နဲ့ မဒေါက်မြို့နယ်တွေမှာ ရေကြီးရေလျှံတာတွေ ဆက်လက်ဖြစ်ပေါ်နေပြီး မွန်ပြည်နယ် ဘီးလင်းမြို့မှာတော့ အရင်ရက်တွေကထက် ရေပိုတက်လာတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အခုလိုပြောပါတယ်။

မဒေါက်မြို့ရေလွှမ်းမိုးနေတဲ့ မြင်ကွင်း (MOI)
မဒေါက်မြို့ရေလွှမ်းမိုးနေတဲ့ မြင်ကွင်း (MOI)

"အခုလက်တလောကတော့ အဲ့ကိစ္စတွေပဲ ကျနော်တို့သွားနေတာ။ အခုပထမတုန်းက အဲ့ဒီ ကရင်နဲ့မွန်မှာ ဖြစ်တယ်။ ဖြစ်ပြီးတော့ အခုမွန်မှာဆိုရင် ဒီနေ့မှာနည်းနည်းလေး ပိုဖြစ်လာတယ်။ ဘီးလင်းမှာ နည်းနည်း ပိုဖြစ်တယ်။ အခုမဒေါက်နဲ့ရွှေကျင်မှာ ဖြစ်တယ်။ မဒေါက်မှာလည်း နည်းနည်းပို တက်လာတယ်။ ရွှေကျင်မှာလည်း နည်းနည်းလေး ပိုများလာတယ် အရင်ရက်ကထက်စာရင် အဲ့ဒါပဲ နောက်ပြီးတော့ ပဲခူး၊ ပဲခူးမှာလည်း ကျနော်တို့ရောက်ခဲ့တယ်ဆိုတော့ ၃ နေရာပေါ့။ ကျနော်တို့ ဒီနေ့ရောက်တာ။ အဲ့ဒါပဲ ပဲခူးရယ်၊ ရွှေကျင်ရယ်၊ မဒေါက်ရယ်မှာ များတယ်။ မွန်ဘက်မှာက ခုနက ပြောတဲ့ ဘီးလင်း၊ ဘီးလင်းမှာ နည်းနည်းပိုပြီး များလာတယ်။ ရေဘေးနဲ့ပတ်သက်ရင် အဲ့ဒီဟာပဲ။ အဲ့ အတွက်ကို ကျနော်တို့ကနေပြီးတော့ တကယ် အရမ်းဆိုးရွားနေတယ်ဆိုတာ နည်းနည်းပိုပြီးတော့ ရေကြီးတာတွေက ပျံ့ပျံ့နှံ့နှံ့ဖြစ်လာတယ်ပေါ့နော်။ ရေကပြန်မကျသေးတာပဲ။ ပြန်မကျဘဲနဲ့ နည်းနည်း ပိုများလာတယ်။ အဲ့သဘောပဲ။"

လမ်းပန်းဆက်သွယ်ရေး အခြေအနေကိုတော့ ဘားအံ့ဒေသခံ ကိုတင့်ထူးဝေက အခုလိုဆိုပါတယ်။

ကရင်ပြည်နယ် ဘားအံ့မြို့ ရေကြီးနေသောမြင်ကွင်း (ဓာတ်ပုံ-တင့်ထူးဝေ)
ကရင်ပြည်နယ် ဘားအံ့မြို့ ရေကြီးနေသောမြင်ကွင်း (ဓာတ်ပုံ-တင့်ထူးဝေ)

"ကရင်အပိုင်ထဲမှာဆိုရင် မော်လမြိုင် ဘားအံ့လမ်းပိတ်သွားပြီ။ လက်ရှိမှာ ရန်ကုန်-ဘားအံ့လမ်း ပိတ်သွားပြီ။ မော်လမြိုင်-ဘားအံ့လမ်းကလည်း ရေက ကားဖြတ်လို့မရတော့ဘူး။ ကားတွေနားသွားပြီ။ မြဝတီလမ်းကလည်း ပိတ်နေတဲ့ သဘောရှိတာပေါ့။ ဟိုဘက်ခြမ်းမှာဆိုရင်လည်း မြိုင်ကြီးငူ ဒုက္ခသည် စခန်းတို့လည်း မြုပ်ပေါ့။ ဘားအံ့ကနေသွားရင် ရွှေဂွန်းတို့၊ လှိုင်းဘွ့ဲတို့ လှိုင်းဘွဲ့ဆိုလည်း ဘားအံ့ ရေမတက်ခင်ကတည်းက တမြို့လုံးမြုပ်နေတာ အခုဆိုပိုမြုပ်ပြီပေါ့။”

ပဲခူးတိုင်းမှာတော့ ပဲခူး၊ ရွှေကျင်နဲ့ မဒေါက် တို့မှာ ရေကြီးရေလျှံနေပါတယ်။ ဒီကနေ့မှာတော့ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်သွားပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေတွေဝင်ရောက်လာတဲ့အတွက် ပဲခူးမြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေး စခန်း ၁၉ ခုဖွင့်လှစ်ထားပြီး လူဦးရေ ၁ သောင်းကျော် ရေဘေး ဒုက္ခကို ခံစားနေရပါတယ်။

ရေကြီးရေလျံတာကြောင့် ကလေးတယောက် သေဆုံးခဲ့တယ်လို့ ပဲခူးရေဘေးနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦး ကိုတင်စိုးကတော့ အခုလိုပြောပါတယ်။

“ပဲခူးမြစ်ရေက စိုးရိမ်ရေအမှတ်က ၈၈၀ လေ။ ၈၈၀ မှာ စိုးရိမ်ရေအမှတ်။ အခု ၈၈၀ ကို ကျော်သွားတဲ့အတွက် ကယ်ဆယ်ရေး စခန်းတွေ ဖွင့်လိုက်ရတာလေ။ တနေ့ကတော့ ကလေးတယောက်၊ ကလေးငယ်လေးပေါ့ လေးနှစ်သမီးလေး တယောက်တော့ လှေကားပေါ်ကနေ ရေထဲ ပြုတ်ကျပြီး သေသွားတယ်လို့ ကျနော်တို့သိရတယ်။”

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ပဲခူး၊ ရွှေကျင်နဲ့ မဒေါက်တို့မှာ မိုးရေချိန်မြင့်များနေပြီး စိုးရိမ်ရေအမှတ်ထက် ကျော်လွန်တည်ရှိနေမှာ ဖြစ်တဲ့အတွက် အနိမ့်ပိုင်း ရပ်ကွက်တွေမှာ နေထိုင်သူတွေကို ရေးဘေး လွတ်ရာကို ပြောင်းရွှေ့ဖို့ အသိပေးနှိုးဆော်ထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG