ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ဒီလ ၁၅ရက်နေ့က အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြားမှာ တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဖက်က KUNဖက်က စစ်ဆေးရေးဂိတ်ကို မီးရှို့ခဲ့ပါတယ်။ KNU ဖက်ကတော့ တပ်မတော်ဖက်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့နဲ့ တပ်တွေ ပြန်လည်ရုတ်သိမ်းဖို့ တောင်းဆိုထားပါတယ်။ လက်ရှိ ဖာပွန်ခရိုင်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဖာပွန်ခရိုင်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အကြားမှာ ဒီလ ၅ရက်နေ့ကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာပါ။ ဒီလ ၈ရက်နေ့နောက်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ရာက ၁၅ရက်နေ့နေ့ခင်းမှာတော့ တိုက်ပွဲတကြိမ်ထပ်မံဖြစ်ပွားခဲ့တာပါ။
ကြာသပတေးနေ့က တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ဖာပွန်ခရိုင်အခြေစိုက် KNU တပ်မဟာ ၅ က စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစောကလယ်ဒိုက အခုလို ပြောပါတယ်။
“ ၁၅ရက်နေ့ နေ့လည် ၁၂နာရီ မိနစ် ၃၀မှာ ကျနော်တို့ဖက်က ဝါစောခိုနဲ့ မယ်ထီးခီးကြားမှာ ဂိတ်တခုထားတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ မိနစ် ၂၀နီးနီးလောက်ပေါ့ အဲလောက်ကြာတာပေါ့။ အဲဒီ ကျနော်တို့ ဂိတ်မှာ ထိုင်တဲ့လူတွေက ဆုတ်သွားပြီးတော့ အစိုးရတပ်ဖက်က ဂိတ်မှာရှိတဲ့ တဲတို့ဘာတို့ ခြံစည်းရိုးတို့ကို မီးရှို့ပစ်လိုက်တယ်လေ။ အဲလို လုပ်တယ်။”
ဗိုလ်မှုးစောကလယ်ဒိုက တိုက်ပွဲဖြစ်ပွားရတဲ့ အကြောင်းရင်းကို အခုလို ဆက်ပြောပါတယ်။
“ တပ်မှုးတွေရဲ့ ပြောပြချက်အရပေါ့လေ။ မောလခိုးစခန်းမှာထိုင်နေတဲ့ ခမရ ၂၀၃က လူတွေက ဒီ သရောဘူကို သွားချင်တယ်လို့ ပြောတယ်။ ကျနော်တို့ လူဖက်ကနေပြီးတော့ ခွင့်မပြုဘူး မသွားပါနဲ့ အဲဒီဖက်ကို အဲလိုပြောတဲ့အခါကျ သူတို့က ဟိုးအထက်အမိန့်အရ သူတို့ သွားရမယ်တဲ့။ မသွားလို့ မဖြစ်ဘူးတဲ့။ မသွားနဲ့ ခင်ဗျားတို့ လာလို့ ရှိရင်တော့ ကျနော်တို့ ပစ်မှာပဲ အဲလို သူတို့ကို ပြောတယ်။ အေးပစ်ရင်လည်း ပစ်ပါစေ။ ပစ်ရင်လည်း ငါတို့လည်း မင်းတို့ကို ပြန်ပစ်မယ်ဆိုပြီးတော့ လာဝိုင်းတာပေါ့လေ။ ဝိုင်းတော့ ခြံစည်းရိုးနားလည်း ရောက်တဲ့အခါကျ ကျနော်တို့ လူဖက်က ပစ်တာပေါ့။ ပစ်တော့ သူတို့ ပြန်ပစ်တယ်။”
KNU ဖက်က ဖာပွန်ခရိုင်အတွင်းမှာ လက်ရှိတင်းမာမှုတွေ ဖြစ်ပေါ်နေရတာဟာ တပ်မတော်ဖက်က စစ်ရေးအတွက် ရည်ရွယ်ပြီးလမ်းဖောက်လုပ်ဖို့ ဆောင်ရွက်လာတာကြောင့်ဖြစ်ကြောင်းနဲ့ ဒီအတွက် နှစ်ဖက်သဘောတူညီချက် မရသေးမီ တပ်အင်အားတိုးချဲ့ လာတာကြောင့် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသလို စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့နဲ့ တပ်တွေ ပြန်လည်ရုတ်သိမ်းဖို့ တောင်းဆိုထားပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်ဖက်ကို မေးမြန်းဖို့ ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
တစ်နိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာကတော့ ဖာပွန်ခရိုင်မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုအပေါ် အခုလို သုံးသပ်ပါတယ်။
“ တစုံလုံးကို ကြည့်ရင် မနှစ်ကလည်း KNLA က တပ်မှုးကြီးများ ညီလာခံ တခုလုပ်တာ သတင်းကြားလိုက်တယ်ထင်တယ်။ အဲဒီ တပ်မှုးညီလာခံက ထွက်တဲ့ ရလဒ်က သိပ်ပြီး အပြုသဘောမဆောင်ဘူးလေဗျာ။ သတိထားမိမှာပေါ့။ နောက်တခါ KNU ဦးဆောင်နေတဲ့ PPST ဆိုတာ ရှိတယ်ဗျ။ အဲဒီ PPST ရဲ့ ဇန်နဝါရီ ၁၁- ၁၂ကြေညာချက်ကို တခါပြန်ကြည့်၊ အဲဒီကြေညာချက်ကလည်း အပြုသဘောမဆောင်ဘဲနဲ့ ရှမ်းနဲ့ ရခိုင်က အမျိုးသားအဆင့် မလုပ်ရရင် မလုပ်ဘူး။ Confrontation ကို တင်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ အလုပ်ဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ချဉ်းကပ်မှုထက်ကို ပြဿနာရှာမယ့် ချဉ်းကပ်မှုမျိုးကို နည်းနည်းမြင်ရတယ်ဗျ။ ကျနော်တို့ကိုယ်တိုင်လည်း အဲသလို မြင်တယ်။ အဲဒါ အဲဒီအပေါ်မှာ တပ်ကလည်း သူ့လမ်းကြောင်းနဲ့ သူတုံ့ပြန်တာလည်း ဖြစ်နိုင်တာပေါ့ဗျာ။”
KNLA ဟာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ဖြစ်ပြီး PPSTကတော့ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်က ကျင်းပတဲ့ KNLA တပ်မှုးညီလာခံက NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ လက်နက်ဖြုတ်သိမ်းရေးကို ဦးတည်နေတဲ့အတွက် လက်မခံကြောင်း ဆုံးဖြတ်ခဲ့သလို PPST ရဲ့ ကြေညာချက်ကတော့ လူထုတွေ့ဆုံပွဲတွေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်မှသာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးဆက်လက် ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီအခက်အခဲတွေ ကျော်လွန်ဖို့ အတွက် ဗိုလ်မှုးကြီးခွန်ဥက္ကာက အခုလို ပြောဆိုပါတယ်။
“ NCA အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ NCA အကောင်အထည်ဖော်ခြင်းကို ကျနော်တို့ ပြန်စရမှာပေါ့။ ”
လောလောဆည်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို မေလဆန်းပိုင်းမှာ ကျင်းပဖို့ ပြင်ဆင်နေပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေ ကျင်းပရေးဟာ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေအကြား ပြန်လည် ညှိနှိုင်းရမယ့် အခြေအနေတွေ ရှိနေတာဖြစ်ပါတယ်။