သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု ဖော်ထုတ်ပေးဖို့ သမ္မတထံ KBC ပန်ကြား


(Photo Credit: Kachin Baptist Churches)
(Photo Credit: Kachin Baptist Churches)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းမှာ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့အမှုကို ကိုင်တွယ် ဖြေရှင်းပေးဖို့အတွက် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် KBC က နိုင်ငံတော်သမ္မတဆီကို တင်ပြ တောင်းဆိုထားပါတယ်။

ဒီလိုတင်ပြရတာဟာ ဒီအမှုကို တနှစ်ကျော်ကြာတဲ့အထိ မဖော်ထုတ်နိုင်တာကြောင့် ဖြစ်တယ်လို့ KBC အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦးဟာ မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးရွာမှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ညက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဆက်လက် ဖော်ထုတ်ဖို့အတွက် နိုင်ငံတော်သမ္မတနဲ့ တာဝန်ရှိသူတွေကို တောင်းဆိုထားကြောင်း KBC အသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလပ်ဆမ်ဆွန် က ပြောပါတယ်။

“မနေ့က တင်လိုက်ပြီ။ ကျနော် အဓိကတော့ သမ္မတကို လိပ်စာတပ်တာပေါ့နော်။ ၁ နှစ်ကျော် အရင် အစိုးရလက်ထက်မှာ ဘာမှ အဖြေမရခဲ့ဘူးပေါ့။ မရတော့ အခု အစိုးရက အသစ်ဖြစ်လာပြီဆိုတော့ သမ္မတကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ အကြောင်းကြားရဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ ဒါက အင်မတန်မှပဲ တရားစီရင်ရေးဆိုင်ရာ ဥပဒေကြောင်းနဲ့ ဆိုင်တော့ ဒီအမှုကို ပြန်ပြီးမှ တင်ပြတဲ့သဘောနဲ့ ဘယ်သူ့ဆီမှာ တာဝန်ရှိတယ်ဆိုတာကို တင်ပြခြင်းဖြစ်ပါတယ်။ ကျနော်တို့က စာကိုတော့ သမ္မတဆီ တရားဝင် စာတိုက်ကနေ အမြန်ချောပို့ မှတ်ပုံတင်စာနဲ့ ပေးပို့တယ်ဆိုတော့ ရမယ်။ ရပြီးမှ တခုခု ထူးခြားလာမယ်လို့တော့ မျှော်လင့်တယ်။”

ဒီတောင်းဆိုစာကို တနင်္လာနေ့က ပေးပို့တာဖြစ်ပြီး၊ ဒုသမ္မတ ၂ ဦး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်တွေအပြင် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ခရစ်ယာန် ဘာသာရေးဆိုင်ရာ အသင်းအဖဲ့ွတွေကို မိတ္တူ ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တရားခံ ပေါ်ပေါက်ရေးအတွက်ဆိုရင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ လိုအပ်နေတယ်လို့ မြန်မာလူ့အခွင့်အရေး ပညာပေးအဖွဲ့တခုဖြစ်တဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

“သံသယဖြစ်လောက်တဲ့သူတွေကို စစ်ဆေးတဲ့ဟာမျိုး ရှိတယ်လို့ ကျနော်တို့ သိရတယ်။ ကျူးလွန်တဲ့နေရာမှာ ခိုင်မာသော သက်သေတွေရဖို့အတွက် လုပ်ဆောင်ပေးဖို့ လိုအပ်သလို၊ မျက်မြင်သက်သေတွေ စိုးရိမ်နေရသော အကြောင်းအရင်းတွေကနေ ကာကွယ်ပေးတဲ့ witness protection ဆိုတဲ့အပိုင်းကို ကျနော်တို့ လုပ်ဖို့ လိုအပ်တယ်။ အားလုံးကို လွတ်လွတ်လပ်လပ်နဲ့ စုံစမ်းနိုင်တဲ့ အနေအထားမျိုး ရှိဖို့ လိုအပ်တယ်။ အဲဒါ အဓိကအချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာက စုံစမ်းတဲ့နေရာတွေမှာ စစ်ဆေးတဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အားနည်းနေတာ တွေ့ရတယ်။ တချို့လူတွေက ဒီဟာကို သက်သေထွက်ဆိုဖို့၊ ဒီဟာနဲ့ပတ်သက်ပြီး ပြောကြားဖို့ ကြောက်နေခြင်းကိုယ်တိုင်က အမှုမှန်ပေါ်ပေါက်ဖို့အတွက် အရမ်းကို ခက်ခဲပါတယ်။”

မြန်မာနိုင်ငံမှာ အလားတူအဖြစ်မျိုးတွေ ထပ်မံ မပေါ်ပေါက်စေဖို့ဆိုရင် တရားဥပဒေစိုးမိုးမှု ရှိဖို့ လိုအပ်ကြောင်းလည်း ထောက်ပြပါတယ်။

“တရားစီရင်တဲ့နေရာမှာ ထက်မြက်သော၊ တိကျသော၊ မျက်နှာလိုက်မှုမရှိသော စီရင်ချက်ဖြစ်ဖို့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်သော တရားစီရင်ရေးက အရမ်း အရေးကြီးတယ်။ အခု ကျနော်တို့ မဏ္ဍိုင်ကြီး ၃ ခုနဲ့ ပတ်သက်ပြီးတော့ ဒီလွှတ်တော်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကြားထဲမှာ တယောက်နဲ့တယောက် အပြန်အလှန် ဘယ်လို ထိန်းညှိမလဲဆိုတာ ရှိပေမဲ့ တရားဥပဒေကဏ္ဍက သီးသန့်လွတ်နေတယ်ဗျ။ တရားဥပဒေမှာ ခုနကလို တရားဥပဒေ စိုးမိုးမှု မရှိတဲ့ကိစ္စကိုသာ ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးတဲ့နေရာမှာ နည်းနည်းလေး အားနည်းနေတာ။ အဲတော့ ကဏ္ဍသုံးခု လွတ်လပ်မှု တခုနဲ့တခု အပြန်အလှန် ထိန်းညှိမှုကို လုပ်ဆောင်တဲ့အချိန်မှာ တရားဥပဒေစိုးမိုးရေး ကဏ္ဍကိုလည်း သီးခြား လွတ်လပ်ပြီးတော့ အပြန်အလှန် ထိန်းညှိနိုင်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို အုပ်ချုပ်တဲ့သူတွေကော၊ တရားဥပဒေပြုတဲ့ လွှတ်တော်တွေပါ ထည့်သွင်းစဉ်းစားဖို့ အများကြီး လိုအပ်နေပါတယ်။”

ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC ကတော့ မကြာမီရက်တွေအတွင်းမှာ နိုင်ငံတော်သမ္မတဆီ ပေးပို့တဲ့စာကို ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ ဒီလ ၉ ရက်နေ့ကတော့ အမှုအခင်း ဖြစ်ပွားတဲ့အချိန်က ကောင်းခါးရွာအနီးမှာ စခန်းချတဲ့ တပ်မတော်စစ်ကြောင်းက တာဝန်ရှိသူတွေကို စုံစမ်းမေးမြန်းနိုင်ဖို့အတွက် ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးတွေဆီကို တောင်းဆိုစာ ပေးပို့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG