ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ် လိုင်ဇာမြို့အနီးမှာ ဒီကနေ့ မနက်အစောပိုင်းက အစိုးရတပ်မတော်ဖက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကချင်တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ ဒီရက်ပိုင်းတွေအတွင်းတွေမှာ လိုင်ဇာအနီးမှာ လက်နက်ကြီးနဲ့ပစ်ခိုက်တိုက်ခိုက်တာတွေ ရက်ခြားဆိုသလိုဖြစ်လာနေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထိခိုက်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က နှစ်ဖက်တပ်တွေအကြား အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဟူးနေ့က ငြိမ်သက်နေခဲ့တဲ့ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြားမှာ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်တာတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့တိုက်ခိုက်မှုကတော့ အစိုးရတပ်မတော်ဖက်က လိုင်ဇာမြို့အနီးက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။
“ဒီမနက် ၆ နာရီခွဲအချိန်လောက်မှာ ဒီလိုင်ဇာနဲ့ နီးတဲ့နေရာမှာ လက်နက်ကြီးနဲ့ ပစ်ကြတာတွေ ရှိပါတယ် ဟုတ်ကဲ့။ လက်နက်ကတော့ ၈၁ မမ လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ ရဲဘော်တွေ ထိခိုက် ဒဏ်ရာရတာတွေ ရှိပါတယ်။ ၄ ယောက်လောက်ထိတယ် ဒါပေမယ့် စိုးရိန်ရတဲ့ အဆင်တော့ မရှိပါဘူး။ အားလုံးကတော့ ဆေးရုံမှာ ဆေးကုသမှုကို ခံယူနေတယ် အဆင်ပြေပါတယ်။”
ဒီလိုတိုက်ခိုက်တာတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးတာတွေအပေါ်မှာ အလှမ်းကွာဝေးစေမယ့် အခြေအနေ ဖြစ်လာကြောင်း ဒုဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။
“ဒီတပ်မတော်ဘက်က အခုလိုမျိုးတိုက်ပွဲတွေ ဆင်နွဲတယ်ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေအတွက်ကတော့ စိုးရိမ်စရာတွေ ရှိပါတယ်။ ကျနော်တို့ဆီမှာ တိုက်ပွဲတွေဆင်နွဲတယ်ဆိုတာကတော့ ငြိမ်းချမ်းရေးနဲ့တော့ အလှမ်းဝေးနေသလားလို့ပေါ့နော် စဉ်းစားမိပါတယ်။”
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး မေးမြန်းဖို့ တပ်မတော်ပြောခွင့်ရသူကိုဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ဥက္ကဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးခက်ထိန်နန်ကတော့ နိုင်ငံရေးဆွေးနွေးနေစဉ်မှာ ဒီလို တိုက်ခိုက်တာတွေဖြစ်နေရင် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှာဖြစ်ကြောင်း ပြောဆိုပါတယ်။
“ကျနော်တို့ကတော့ ဒီမှာ တောက်လျှောက် အားလုံးက ကြိုးစားဆွေးနွေးနေကြတာပေါ့လေ။ ပြီးရင် NCA နဲ့ ပတ်သက်တဲ့ဟာ နောက် Political framework နဲ့ ပတ်သက်တာတွေလည်း review လုပ်တာတွေလည်း စေ့စပ်နိုင်ဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ အောက်ခြေမှာတော့ တိုက်ပွဲတွေဖြစ်နေတယ် ခပ်စိပ်စိပ်လည်းဖြစ်နေတယ်ဆိုတဲ့အတိုင်းအတာက အနည်းနဲ့အများကတော့ ငြိမ်းချမ်းရေးကို ရှေ့ဆက်ပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ ထိခိုက်စေမှာပဲ၊ ဒီလိုဖြစ်နေတဲ့ကိစ္စကတော့ အစိုးရအတွက်ရော ၊ လက်မှတ်ထိုးပြီးသားအဖွဲ့တွေအတွက်ရေ၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအတွက်ရော အထူးသဖြင့် ပြည်သူတွေအတွက်ရော အခက်အခဲအများကြီးဖြစ်စေတာပေါ့။ ကျနော်တို့ အားလုံးမျှော်လင့်ချက် ၊ ပြည်သူတွေအားလုံးလိုလားတဲ့ ငြိမ်းချမ်းရေး ကလည်း မရနိုင်ဘူးလေ။”
ဒီရက်ပိုင်းတွေအတွင်းမှာ ကချင်ပြည်နယ်အတွင်းမှာ ပစ်ခတ်တာတွေ ရှိနေသလို ကရင်ပြည်နယ် အတွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။
ဒီလ ၁၃ရက်နေ့ကတော့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးကို အစိုးရကိုယ်စားလှယ်နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေ ရန်ကုန်မှာ ၃ရက်ကြာဆွေးနွေးနေပါတယ်။
ဒီဆွေးနွေးပွဲမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းဖို့၊ ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ အချက်အလက်တွေ စုစည်းထားရှိရေး။ နယ်မြေသတ်မှတ်ရေးနဲ့ မြေမြုပ်မိုင်းရှင်းလင်းရေးတွေကို ဆွေးနွေးနေကြပါတယ်။