ကချင်ပြည်နယ် တနိုင်းမြို့နယ်က နမ့်ဂွမ်မှော်မှာ ပိတ်မိနေသူ ၂ထောင်လောက်ကျန်ရှိနေပြီး သောက်ရေနဲ့ စားနပ်ရိက္ခာပြတ်လပ်နေသလို ပြင်ပနဲ့ ဆက်သွယ်ဖို့ပါ အခက်အခဲတွေရှိနေတယ်လို့ တနိုင်းမြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ကူညီနေသူတဦးက ပြောပါတယ်။ လောလောဆည်မှာ ပိတ်မိနေသူ ၃ထောင်ကျော်ရှိရာက လူ ၁ထောင်ကျော်လောက် ပြင်ပကို ရောက်ရှိလာပြီဖြစ်ပါတယ်။ တနိုင်းဒေသက စစ်ရှောင်တွေရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
တနိုင်းဒေသက ရွှေနဲ့ ပယင်းတူးဖော်ရာ နမ့်ဂွမ်မှော်မှာ ဒီလ ၂၇ရက်နေ့က အစိုးရတပ်မတော်က ဝင်ရောက်ရှင်းလင်းခဲ့တဲ့နောက် အဲဒီမှာ နေထိုင် အလုပ်လုပ်ကိုင်နေသူ လူ ၃၄၀၀လောက်ဟာ တိုက်ပွဲတွေအကြားမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလ ၂၉ရက်နေ့မှာတော့ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးပိုင်း လူ ၈၀၀လောက်ကို တပ်မတော်က တိုက်ပွဲဖြစ်ပွားရာဒေသက ထွက်ခွာခွင့်ပေးခဲ့ပြီး ၃၀ရက်နေ့မှာတော့ ကျန်ရှိတဲ့ အမျိုးသားတွေအပါအဝင် လူ ၄၀၀လောက်ကို ထပ်မံထွက်ခွာခွင့်ပေးခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ လူ ၂ထောင်လောက်ကျန်ရှိနေပြီး သူတို့နဲ့ နောက်ဆုံးဆက်သွယ် ရရှိတဲ့ အခြေအနေကို စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဆိုင်းခွန်က အခုလို ပြောပါတယ်။
“ ခုနက ၁၁နာရီအထိကတော့ တပ်ဖက်က အဆက်အသွယ်လည်း မလာဘူး။ ဟိုကနေ လူထုကပဲ သွားရမလား။ လူထုကြားမှာ စည်းတားထားတယ်။ အဲဒီကနေ မကျော်နဲ့ ဘာညာလုပ်ထားတယ်လေ။ သူတို့စခန်းကြားမှာ။ အဲဒါမျိုးလုပ်ထားတဲ့အခါကျတော့ ဟိုမှာရှိတဲ့လူတွေက သွားရမယ်ဆိုရင်လည်း အန္တရာယ်က ရှိ။ ဘယ်လိုလုပ်မလဲမသိဘူး။ ဟိုမှာ လူတွေက ၁၁နာရီထိလည်း မလွှတ်ဆိုတော့ စိတ်ပူ။ သူတို့မှာက ရေပြတ်၊ ထမင်းပြတ်၊ ပါတဲ့ဖုန်းတွေလည်း မီးအားကုန်တော့ သူတို့လည်း ကြာကြာ မပြောနိုင်တော့ဘူး။ ဒီမှာ အခုအထိ အဆက်အသွယ်မရဘူး။ ”
စစ်ရှောင်တွေ ထွက်ခွာရမယ့် လမ်းခရီးမှာ မြေမြုပ်မိုင်းတွေ ရှိနေတာကြောင့် ကျန်ရှိနေသူတွေအတွက် စိုးရိမ်ကြောင်းလည်း ပြောပါတယ်။
ကိုဆိုင်းခွန်ဟာ ၃၀ရက်နေ့ညက နမ့်ဂွမ်မှော်ကနေ တနိုင်းမြို့ကို ရောက်ရှိလာပြီး ကျန်ရှိနေသူတွေ အဆင်ပြေပြေ ထွက်ခွာနိုင်ဖို့အတွက် တနိုင်းမြို့က ဘာသာရေး အဖွဲ့အစည်းတွေ၊ မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC နဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တို့ကို ဆက်သွယ် ဆောင်ရွက်နေပါတယ်။
တနိုင်းမြို့က ဘာသာရေး အဖွဲ့အစည်းတွေက အာဏာပိုင်တွေနဲ့ညှိနှိုင်းပြီး ကူညီဆောင်ရွက်နေတဲ့ အခြေအနေကို ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဦးနော်တောင်က အခုလို ပြောပါတယ်။
“ ကျနော်တို့က ဒီကနေ စက်လှေလွှတ်ပေးရုံကလွဲလို့ တခြားကိစ္စ လုပ်လို့ မရဘူးဗျ။ ဟိုမှာစိစစ်ပြီးမှ အပေါက်ဝကို သူတို့အစီအစဉ်နဲ့ သူတို့ ရောက်လာတဲ့သူတွေကို စက်လှေကနေ ဒီကို တင်နိုင်အောင် ကျနော်တို့ စက်လှေလွှတ်ပေးရတယ်ခင်ဗျ။ ဒီအပေါက်၀ ရောက်တဲ့လူတွေကျတော့ ဒီကနေ ထမင်းထုပ်တွေ ဘာတွေ ပို့ပေးတယ်။ ဒါပေမဲ့ အဲဒီထမင်းထုပ်ကို ဟိုမှာ တကယ့် ပိတ်မိနေတဲ့သူတွေကို ပို့ပေးဖို့ ကျနော်တို့ အကူအညီ တောင်းပေမဲ့လည်း စစ်တပ်က ခွင့်မပြုဘူးလို့ ပြောတယ်ခင်ဗျ။”
အပေါက်ဝဆိုတာ နမ့်ဂွမ်မှော်ကနေ ခြေလျင်ခရီး တနာရီနီးပါးအကွာမှာရှိတဲ့ စက်လှေဆိပ်ဖြစ်ပါတယ်။ အဲဒီစက်လှေဆိပ်ကနေ တနိုင်းဖက်ကို လာရင် လူတယောက်ကို စက်လှေခ ၁သောင်းပေး နေကြရကြောင်းလည်း ပြောပါတယ်။
မှော်အတွင်းမှာ ကျန်ရှိနေသူတွေ ကယ်ဆယ်နိုင်ရေးအတွက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က မြောက်ပိုင်းတိုင်း စစ်တိုင်းမှုးနဲ့ ညှိနှိုင်းနေသလို တနိုင်းမြို့နယ်က အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူ့လွှတ်တော်ဥက္ကဌ ဆီကို မေတ္တာရပ်ခံစာ ပေးပို့ထားပါတယ်။
ဒီကနေ့မှာလည်း တနိုင်းဒေသအတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောဆိုပေမဲ့ သီးခြား အတည်ပြုချက်တော့ မရရှိပါဘူး။