သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ John McCain အတွက် ဝါရှင်တန်ဒီစီမှာ ဂုဏ်ပြုမည်


ကွယ်လွန်သူ John McCain ကို လာရောက်ဂါရဝပြုသည့် အမေရိကန်ပြည်သူ တဦး
ကွယ်လွန်သူ John McCain ကို လာရောက်ဂါရဝပြုသည့် အမေရိကန်ပြည်သူ တဦး

တနှစ်ကြာ ဦးနှောက်ကင်ဆာ ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် John McCain ကို အာရီဇိုးနားနဲ့ ဝါရှင်တန်ဒီစီတို့မှာ အခမ်းအနားတွေနဲ့ ဂုဏ်ပြုကြမှာပါ။

အာရီဇိုးနား ပြည်နယ် လွှတ်တော်မှာ အထက်လွှတ်တော် အမတ် John McCain ရဲ့ ရုပ်အလောင်းကို ထားရှိပြီး သူ့ရဲ့ ၈၂ နှစ်မြောက် မွေးနေ့ ဖြစ်တဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ မိသားစုဝင်တွေ တက်ရောက်မယ့် ဂုဏ်ပြု အခမ်းအနား ကျင်းပမှာပါ။ ပြည်နယ် လွှတ်တော်မှာ အများပြည်သူလည်း လာရောက် ဂါရဝပြုနိုင်မှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာတော့ North Phoenix Baptist ခရစ်ယာန် ဘုရားကျောင်းမှာ သီးသန့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီနောက် သောကြာနေ့မှာတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ အလံတွေတွေ တိုင်တဝက်လွှင့်ထူထားတဲ့ မြို့တော်ဝါရှင်တန် ဒီစီက လွှတ်တော် အဆောက်အအုံမှာ John McCain ရဲ့ ရုပ်အလောင်းကို ထားရှိမှာ ဖြစ်ပါတယ်။ အများပြည်သူလည်း လာရောက် ဂါရဝပြုခွင့် ရမှာပါ။ အခုလို အထက်လွှတ်တော် အမတ် McCain ကို လွှတ်တော်ခန်းမကြီးမှာ ထားရှိ ဂုဏ်ပြုမှုဟာဆိုရင် အထူးချွန်ဆုံး နိုင်ငံသားတွေ အဖြစ် ဝါရှင်တန်ဒီစီက လွှတ်တော်အဆောက်အအုံ ခန်းမကြီးမှာ ထားရှိ ဂုဏ်ပြုခံရတဲ့ ၁၃ ဦးမြောက် အထက်လွှတ်တော် အမတ်လည်း ဖြစ်ပါတယ်။

စနေနေ့မှာတော့ ဒီစီက Washington National Cathedral မှာ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပတာမှာတော့ သမ္မတဟောင်းတွေ ဖြစ်တဲ့ Barack Obama နဲ့ Geroge W. Bush တို့ စကားပြောမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အထက်လွှတ်တော် အမတ် John McCain ရဲ့ ရုပ်အလောင်းကိုတော့ မယ်ရီလန်း ပြည်နယ် Annapolis က အမေရိကန် ရေတပ် အကယ်ဒမီ သချိုင်းမှာ မြှုပ်နှံမှာပါ။ သူ့ရဲ့ အုတ်ဂူထားရှိမယ့် နေရာက Severn မြစ်ကို အပေါ်စီးက မြင်တွေ့နေရပြီး သူ့ရဲ့ ရေတပ် အကယ်ဒမီတက်ရောက်ခဲ့စဉ်က အချစ်ဆုံး သူငယ်ချင်း ဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Chuck Larson ရဲ့ အုတ်ဂူဘေးမှာ ထားရှိမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG