သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ John McCain အပေါ် မြန်မာလှုပ်ရှားသူတွေအမြင်


အထက်လွှတ်တော်အမတ် John McCain
အထက်လွှတ်တော်အမတ် John McCain

အမေရိကန်ပြည်ထောင်စုမှာ အများကလေးစားကြည်ညိုတဲ့နိုင်ငံရေးသမားလည်းဖြစ် ကိုယ်ကျိုးစွန့် စစ်သူရဲကောင်းတဦးလည်းဖြစ်ခဲ့သူ အမေရိကန်ပြည်ချစ်ပုဂ္ဂိုလ်တဦးဖြစ်တဲ့ အထက်လွှတ်တော်အမတ် John McCain ကွယ်လွန်သွားခဲ့ပါပြီ။ ဦးနှောက်ကင်ဆာရောဂါ ခံစားခဲ့ရပြီးနောက်၊ အသက် ၈၁နှစ်အရွယ် Mr.McCain မနေ့ စနေနေ့က ကွယ်လွန်သွားခဲ့တာပါ။ အထက်လွှတ်တော်အမတ် McCain ဟာ သူ့ဘဝတလျှောက် အမေရိကန်ပြည်သူတွေအတွက် အပြည့်အ၀ တာဝန်ထမ်းခဲ့သလို၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ ပြုပြင်ပြောင်းလဲရေးအတွက်ပါ တ်တတ်ကြွကြွ ထောက်ခံအားပေး ကူညီခဲ့သူ တဦးဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ် McCain ရဲ့ ရပ်တည်စွမ်းဆောင်ခဲ့မှုအချို့နဲ့ သူ့အပေါ် မြန်မာအရေးလှုပ်ရှားသူတွေရဲ့အမြင်တွေ ကိုသားညွန့်ဦးက စုစည်း တင်ဆက်ပေးပါမယ်။

“ ကျနော်တို့ဟာ ကောင်းချီးပေးခံရတဲ့သူတွေပါ၊ ဘာမဆို ဖြစ်နိုင်တဲ့ မြေ - လွတ်လပ်တဲ့မြေပေါ်မှာ နေထိုင်နေကြသူတွေပါ။”

အမေရိကန်ပြည်ထောင်စုရဲ့ တန်ဖိုး၊ အမေရိကန်ပြည်ထောင်စုရဲ့ ပြည့်ဝတဲ့စွမ်းပကားကို သူ့ရဲ့နောက်ဆုံးအချိန်ကာလ ပြီးခဲ့တဲ့ လပိုင်းကပဲ ရီပတ်ပလင်ကန် အထက်လွှတ်တော်အမတ် John Sidney McCain က ပြောသွားခဲ့တာပါ။ ရီပတ်ပလင်ကန် သမတ Donald Trump လက်ထက် လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ အခြေအနေကိုလည်း သူက ပွင့်ပွင့်လင်းလင်းကို ဝေဖန်ခဲ့ပါသေးတယ်။

“ လိုအပ်ချက်တွေရှိနေတဲ့ ကမ္ဘာကြီးရဲ့အခြေအနေမှာ ကျနော်တို့ ဦးစီးဦးဆောင်လုပ်ရမယ့် တာဝန်တွေကို ငြင်းဆန်ဖို့၊ ပြဿနာတွေကို ဖြေရှင်းတာထက် အပြစ်ရှာဖို့ လိုလားသူတွေကြောင့် မမှန်ကန်တဲ့ အမျိုးသားရေးဝါဒဆိုတာကြီး ဖြစ်လာနေပါတယ်။”

နိုင်ငံရေးသမိုင်းပညာရှင် Allan Lichtman ကတော့ Mr.McCain ဟာ တကယ့်ကို အမေရိကန်လူထုကို အကျိုးပြုခဲ့သူ သူရဲကောင်းစစ်စစ်ဖြစ်တယ်လို့ ဂုဏ်ပြုပြောဆိုပါတယ်။

“ John McCain ဟာ အမေရိကန်လူထုအတွက် တကယ့်ကို အလုပ်အကြွေးပြုခဲ့သူပါ။ သူဟာ အပြောကြီးတဲ့ အတုအယောင်သမားမဟုတ်ပါဘူး၊ တကယ့်ကို စစ်မှန်တဲ့ အမေရိကန်သူရဲကောင်းတဦးဖြစ်ခဲ့ပါတယ်။”

အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးတဦးရဲ့ သားဖြစ်သူ McCaini ဟာ ဗီယက်နာမ်စစ်ပွဲကာလမှာ ရေတပ်ရဲ့ လေသူရဲတဦဖြစ်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာတော့ မြောက်ဗီယက်နမ်တပ်တွေက သူ့လေယဉ်ပစ်ချခံပြီး ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ စစ်သုံ့ပန်းတဦးအဖြစ်နဲ့ ငါးနှစ်ကျော်ကြာ ညှင်းပမ်းနှိပ်စက်မှုတွေကိုလည်း ခံခဲ့ရပါတယ်။ ဗီယက်နာမ်ကနေ ပြန်လာပြီးနောက် ဆယ်စုနှစ်အတန်ကြာမှာတော့ ရီပတ်ပလင်ကန်ပါတီရဲ့ အထက်လွှတ်တော်အမတ် တဦးဖြစ်လာပါတယ်။ ဗီယက်နမ်မှာ အကျဉ်းချ ညှင်းပမ်းခံခဲ့ရပေမယ့်လို့၊ အမေရိကန် ဗီယက်နာမ်ဆက်ဆံရေးကောင်း ပြန်လည်တည်ဆောက်ဖို့အတွက် သူဟာ ဦးစီးကြိုးပမ်းခဲ့သူတဦး ဖြစ်ပါတယ်။ အတိတ်တုန်းက သူခံစားရတဲ့ ဖြစ်ရပ်တွေကြောင့် ဗီယက်နမ်ပြည်သူတွေအပေါ် သူ့အမြတ်တနိုးထားမှု မပျောက်ခဲ့ပါဘူးလို့ အထက်လွှတ်တော်အမတ် John McCain က ဗွီအိုအေကို ပြောခဲ့ဖူးပါတယ်။

“ အကျဉ်းထောင်အတွင်းမှာ ကျနော်ကို ညှင်းပမ်းနှိပ်စက်ခဲ့သူအချို့ရှိပါတယ်။ ဒီလူတွေကို ပြန်မတွေ့လိုတော့ပါဘူး။ ဒီလို ဖြစ်ခဲ့လို ဗီယက်နာမ်ပြည်သူတွေအပေါ် ချစ်ခင်မြတ်နိုးတဲ့ ကျနော်တို့ အမြင် ပြောင်းမသွားပါဘူး၊ သူတို့ဟာ ကျနော်တို့ကို လိုအပ်သလို ကျနော်တို့လည်း သူတို့ကို လိုအပ်ပါတယ်။”

အထက်လွှတ်တော်အမတ် Mr.McCain ဟာ အမေရိကန်ပြည်သူတွေအတွက်သာမက လွတ်လပ်မှုလိုလားတဲ့ ကမ္ဘာ့ပြည်သူတွေဖက်ကပါ ရပ်တည်ခဲ့သူ၊ တတ်ကြွလှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ် John McCain ဟာ မြန်မာနိုင်ငံတွင်း လွတ်လပ်မှု ပိုမိုတိုးတက်ရေးနဲ့ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးအတွက် ကာလရှည်ကြာ အားပေးထောက်ခံခဲ့သူတဦးဖြစ်တယ်လို့ ရန်ကုန် အမေရိကန်သံရုံးက သူ့ကွယ်လွယ်ခြင်း ဝမ်းနည်းအမှတ်တရစကား သံရုံးရဲ့ ဖေ့ဘုတ်လူမှုကွန်ယက်မှာ တင်ထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၂ ခုနှစ် အမျိုးသတ္တိရှင်များဆုရှင် လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဇင်မာအောင်ဟာ McCain Institute ရဲ့ ခေါင်းဆောင်မှုအစီအစဉ်မှာ ပါဝင်ခဲ့သူတဦးပါ။ အထက်လွှတ်တော်အမတ် Mr.McCain ဟာ မြန်မာပြည် ဒီမိုကရေစီအရေးလှုပ်ရှားမှု အတွက် နိုင်ငံတကာမျက်နှာစာမှာ ရော အမေရိကန်အစိုးရနဲ့ နိင်ငံရေး အသိုင်းအဝိုင်း မှာပါ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့သူတဦးဖြစ်တယ်လို့ မဇင်မာအောင်က ဗွီအိုအေကို သူ့အမှတ်တရ ပြောပြပါတယ်။ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားမှုမှာ ဆယ်စုနှစ်များစွာ ဦးဆောင်လှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ Equality Myanmar က ကိုအောင်မျိုးမင်းကတော့ သူ့ကွယ်လွန်တာဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် အားလျှော့စရာဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ ဒီ ဝါရှင်တန်ဒီစီမှာရှိတဲ့ လှုပ်ရှားမှုတွေ ၊ မြန်မာနဲ့ ပတ်သက်တဲ့ Hearing တွေမှာဆိုရင်သူက ဦးဆောင်တဲ့အပြင် ဒီဟာနဲ့ ပတ်သက်ပြီးတော့ တကယ့်ပြောကြားနိုင်တဲ့သူတွေ ပြောကြားနိုင်ဖို့အတွက် တင်ပြနိုင်ဖို့အတွက် အမြဲတမ်းကြိုးပမ်းခဲ့တာရှိတယ်။ နောက်တခု သူ့ကြိုးပမ်းမှုကတော့ မြန်မာနိုင်ငံအပေါ်မှာ ထူးခြားတဲ့ ဖြစ်စဉ်မှာမူတည်ပြီးတော့ ဥပဒေကြမ်းကြီးပေါ်ပေါက်လာဖို့အတွက် bill တွေပေါ်ပေါက်လာဖို့အတွက် ဒါကိုသူလုပ်ဆောင်ခဲ့တယ်။ မကြာမီကပဲ သူ့အနေနဲ့ နောက်ဆုံးတာဝန်ထမ်းဆောင်တဲ့ အတွင်းမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့အတွက် သူတင်သွင်းခဲ့တာလေးက မြန်မာနိုင်ငံအတွက်ထူးခြားပါတယ်။ နောက်တခုကတော့ ၂၀၁၁ မြန်မာပြည်လာခဲ့တဲ့ ခရီးစဉ်လေးက တခြား Senator တွေ တခြား Congressman တွေထက်ထူးခြားသွားတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ကို အမေရိကန်ကနေပဲ ဖိအားပေးတာမဟုတ်ပဲနဲ့ ကိုယ်တိုင်လာတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အပြင် ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်တွေရှိတဲ့နေရာကို လာရောက်ပြီးတော့ ကြားနာမှုတွေ နားထောင်မှုတွေ အခြေအနေသုံးသပ်မှုတွေလုပ်တာက သူ့နှလုံးသားထဲမှာ မြန်မာနိုင်ငံအရေးက တကယ့်ကိုထူးထူးခြားခြားပါဝင်တာကို ဖော်ပြပါတယ်။"

အထက်လွှတ်တော်အမတ် John McCain ဟာ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ပြီး၊ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းမှုအခြေအနေကို လေ့လာခဲ့ပါတယ်။ အခက်အခဲ စိန်ခေါ်ခဲချက်တွေပြည့်နေတဲ့ မြန်မာနိုင်ငံရေးကို အားပေးခဲ့တဲ့အပြင်၊ လူမှုရေးပိုင်းမှာဆိုလည်း HIV ဝေဒနာရှင်တွေ ကုသမှုပေးနေတဲ့ စင်တာတခုကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီ စင်တာကို ဦးစီးခဲ့တဲ့ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဖြူဖြူသင်းက အဲဒီတုန်းက အခြေအနေကို အခုလို ပြန်ပြောင်း ပြောပြပါတယ်။

"ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို စိတ်အားထက်သန်စွာနဲ့ ရောက်လာပြီးတော့ ကူညီခဲ့သလိုပဲ ကျမတို့ဒီလူမှုရေးကိစ္စတွေကိုလုပ်နေတဲ့ HIV center ကိုလည်းလာပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့နိုင်ငံအတွက်စိတ်ဓါတ်ခွန်အားတွေအများကြီးပေးနိုင်ခဲ့တယ်။"

အထက်လွှတ်တော်အမတ် John McCain ဟာ အမေရိကန်သမ္မတလောင်းအဖြစ် နှစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကြိုးပမ်းခဲ့ဖူးပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ သမ္မတ Barack Obama နဲ့ အတူ ယှဉ်ပြိုင်ရတာပါ။ စည်းရုံးရေးမဲဆွယ်ပွဲတွေမှာ ပြိုင်ဖက်သမတလောင်းကို ထိုးနှက်ဝေဖန်တာအစား၊ သမ္မတအိုဘားမားအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြောဆိုမှုတွေကို ကာကွယ်ပြောဆိုတာ လုပ်ခဲ့ပါသေးတယ်။ လက်ရှိ သမ္မတ Donald Trump ရဲ့ မူဝါဒတွေနဲ့ပတ်သက်လို့ သူမကွယ်လွန်ခင်မှာ အတော်လေး ဝေဖန်ခဲ့ပါတယ်။ ရီပတ်ပလင်ကန်ခေါင်းဆောင်တဦးဖြစ်တဲ့ Mr.McCain ဟာ တကယ်တော့ ဒီမိုကရက်တွေအတွက်ရော ရီပတ်ပလင်ကန်တွေအတွက်ပါ ကြည်ညိုလေးစားရသူတဦး ဖြစ်ပါတယ်လို့ ဒုတိယသမ္မတဟောင်း Joe Biden က ပြောပါတယ်။

“ သတ္တိစွမ်းပကားရော၊ နိုင်ငံအပေါ် သစ္စာစောင့်သိမှုအရပါ ဘယ်လိုမှ ဖော်ပြလို့မရပါဘူး” လို့ ဒီမိုကရက် ဒုသမ္မတ ဟောင်း Joe Biden ပြောသွားတာပါ။

ကွယ်လွန်သူ အထက်လွှတ်တော်အမတ် John McCain ဟာ တိုင်းပြည်နဲ့အမေရိကန်လူထုအတွက် သူစွမ်းဆောင်ခွင့်ရခဲ့တဲ့အပေါ်မှာ ဂုဏ်ယူမဆုံးရှိခဲ့သူပါ။

“ ကျနော် ကမ္ဘာမြေပေါ်မှာ ကံကောင်းဆုံးလူတယောက်ပါ။ အမေရိကန်ပြည်သူတွေ အကျိုးစီးပွားကို ထမ်းဆောင်ခွင့်ရခဲ့တာမို့ပါ။”

ဒါကြောင့်လည်း သူကွယ်လွန်သွားပေမယ့် အမေရိကန်ပြည်သူတွေအနေနဲ့ သူ့ကို အမှတ်တရ အောက်မေ့မှုတွေနဲ့ ဝမ်းနည်းကြေကွဲနေကြမှာပါ။ သူဟာ အမေရိကန်ပြည်သူတွေအကြားမှာ ရှိနေဦးမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG