ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေး ဒဏ်ခတ် အရေးယူ တဲ့နည်းနဲ့ ပြေလည်မယ်လို့ မယူဆတာကြောင့် အဲဒီလို အရေးယူတာတွေကို သဘောမတူဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr.Ichiro MARUYAMA ကပြောပါတယ်။ ဒါကြောင့်လည်း ဂျပန်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ပူးပေါင်းပြီး ဒီ အကျပ်အတည်းပြေလည်ရေး ကူညီပံ့ပိုးတဲ့နည်းနဲ့သာ လုပ်ဆောင်နေတယ်လို့လည်း ဂျပန်သံအမတ်ကြီးက ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှာ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဂျပန် သံအမတ်ကြီးကို သီးခြား တွေ့ဆုံ မေးမြန်းထားပါတယ်။
ကိုကျော်ကျော်သိန်း။ ။ ရခိုင်ပြည်မှာ ဖြစ်နေတဲ့အကျပ်အတည်း ၊ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း အပေါ်မှာ ဂျပန်နိုင်ငံရဲ့ ယေဘုယျသဘောထားလေး အရင်ဆုံးသိပါရစေ။
ဂျပန် သံအမတ်ကြီး။ ။ ဟုတ်ကဲ့ ရခိုင်ပြည်နယ်ကိစ္စက အင်မတန်မှ ကြီးမားတဲ့ အခက်အခဲ မြန်မာအစိုးရနဲ့ မြန်မာတိုင်းပြည်အတွက် ကြီးမားတဲ့ အခက်ဆုံး ပြဿနာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက အကုန်သိကြတဲ့အတိုင်း သိပ်ရှုပ်ထွေးတဲ့ ကိစ္စဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ဟိုးအရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကိစ္စက အင်မတန်ရှုပ်ထွေးတဲ့ အတွက် အရင်အစိုးရလည်း လုံးဝမဖြေရှင်းနိုင်ဘူး။ အခုက ဒီလောက်ကြီးမားတဲ့ ကိစ္စဖြစ်သွားပါတယ်။ ဒါကြောင့်ကျနော်တို့ကတော့ အဲဒါကို မူတည်ပြီးတော့ မြန်မာအစိုးရနဲ့ ကျနော်တို့ပူးပေါင်းပြီးတော့ အကောင်းဘက်ကိုသွားနိုင်အောင် ဘယ်လောက်လုပ်နိုင်မလဲဆိုတာကို အတူတူ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။
ကိုကျော်ကျော်သိန်း။ ။ခုနက သံအမတ်ကြီးပြောသွားတဲ့အထဲမှာလည်း ပါတယ်။ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေ ကုလသမဂ္ဂအပါအဝင် တခြားအစိုးရတွေ ၊ အနောက်နိုင်ငံအစိုးရတွေ အထူးသဖြင့်ပေါ့နော် အခုတော့ အာဆီယံနိုင်ငံတွေလည်း ပါလာပါတယ်။ ဖိအားပေးမယ် အဲဒါအပြင်ကို ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ နာမည်တပ်ကြတယ်၊ အမျိုးအမည်သက်မှတ်ကြတယ်။ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု(Ethnic Cleansing) ၊ လူမျိုးဖြုတ်သတ်ဖြတ်မှု Genocide ဆိုပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း အမေရိကန် လွှတ်တော်ထဲမှာ အမေရိကန်အစိုးရကို Genocide လို့သတ်မှတ်ဖို့ ဆိုပြီးတွန်းတာတွေ ၊ ဥရောပမှာလည်း လူမျိုးဖြုတ်သတ်ဖြတ်မှုုဖြစ်တယ်လို့ တွန်းတာ နာမည်ခေါင်းစဉ်တပ်ပြီးတော့ တွန်းတာတွေရှိပါတယ်။ သံအမတ်ကြီး အနေနဲ့ အဲလိုသတ်မှတ်ခေါ်ဆိုတဲ့အပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။
ဂျပန် သံအမတ်ကြီး။ ။အခုအရေးကြီးတာက မြန်မာအစိုးရက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်ခင်ဗျ။ အဲလို ဖွဲ့စည်းပြီးတော့ အခုစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ နိုင်ငံခြားသား ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ မှာ ဂျပန်လူမျိုးတွေပါတယ်၊ ဖိလိပိုင်နိုင်ငံသားတယောက်ပါတယ်။ မြန်မာကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေလည်းပါပါတယ်။ အဲဒါက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ဘာဖြစ်သလဲဆိုတာကို သူတို့ စုံစမ်းနေပါတယ်။ ဒါကြောင့် စုံစမ်းနေတဲ့ ရလဒ်ကို မူတည်ပြီးတော့ ဆက်ပြီးမြန်မာနိုင်ငံ ရခိုင်ကိစ္စကို ဆွေးနွေးချင်ပါတယ်ခင်ဗျ။
ကိုကျော်ကျော်သိန်း။ ။ မြန်မာနိုင်ငံအပေါ် ရခိုင်ကိစ္စနဲ့ ဆက်စပ်ပြီးတော့ အပြင်းအထန်ဖိအားပေးဖို့ အထူးသဖြင့် အခုဆိုရင် ဥရောပသမဂ္ဂက GSP လို့ခေါ်တဲ့ အထူးအခွင့်အရေးကို ရုပ်သိမ်းဖို့ စဉ်းစားနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ကွန်ဂရက်လွှတ်တော်က ပစ်မှတ်ထားပြီးတော့ အရေးယူတဲ့ ဒဏ်ခတ်မှုတွေ ချဖို့အတွက်တွန်းအားပေးနေတာတွေရှိပါတယ် ဆိုတော့ ဒီလိုမျိုး ဒဏ်ခတ်အရေးယူမှုတွေ မြန်မာနိုင်ငံအပေါ် ပေးဖို့ ချဖို့လုပ်နေတဲ့အပေါ်မှာရော သံအမတ်ကြီး ဘယ်လိုသဘောထားရှိပါသလဲ။
ဂျပန် သံအမတ်ကြီး။ ။ အမေရိကန်နိုင်ငံ ၊ တခြားအနောက်နိုင်ငံများနဲ့ ကျနော်တို့က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ရည်ရွယ်ချက်က အတူတူဖြစ်ပါတယ်။ ကျနော်တို့ ဂျပန် နဲ့ အနောက်နိုင်ငံရည်ရွယ်ချက်က ဘာလဲဆိုတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပိုပြီးတော့ ဒီနိုင်ငံက ဒီမိုကရေစီဖြစ်အောင် ၊ နောက်ပြီးတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်အောင် ၊ ပြီးတော့ ဒီမိုကရေစီဖြစ် စီးပွားရေးတိုးတက် ပြီးတော့ ဒေသခံ ပြည်သူလူထုများ စိတ်ချမ်းသာမှုရအောင် အဲဒါကျနော်တို့ ဂျပန်အစိုးရရဲ့ ၊ အမေရိကန်အစိုးရရဲ့၊ အနောက်နိုင်ငံတွေရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်ကို ဘယ်နည်းနဲ့ အကောင်အထည်ဖော်မလဲဆိုတာက အရေးကြီးပါတယ်။ ဒါကြောင့် အဲဒီရည်ရွယ်ချက်ကို ဖိအားပေးမယ် အရေးယူမယ် ၊ ဖြစ်နိုင်မယ်ဆိုရင် ကျနော်တို့ အတူတူလုပ်ပါမယ်။ ဒါပေမယ့် တကယ်ဖြစ်နိုင်မလား မေးခွန်းတခုရှိပါတယ်။ ဒါကြောင့်ကျနော်တို့က အဲဒါကို မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။မြန်မာနိုင်ငံကို ဖိအားပေး၊ အရေးယူတယ်ဆိုတာကတော့ ကျနော်တို့ရည်ရွယ်နေတဲ့ ဒီတိုင်းပြည်တိုးတက်ဖို့ ဒီမိုကရေစီဖြစ်အောင်အကောင်အထည်မဖော်နိုင်ဘူး။ ဒါကြောင့် အဲဒီလိုနည်းလမ်းကို ကျနော်တို့သဘောမတူနိုင်ပါဘူး။
ကိုကျော်ကျော်သိန်း။ ။ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲမေးခွန်းကတော့ သံအမတ်ကြီးပြောသွားတဲ့အထဲမှာလည်းပါပါတယ်။ ဂျပန်က မြန်မာနဲ့ ပူးပေါင်းပြီးတော့ အကူအညီပေးနေတယ် လုပ်နေတယ်ဆိုတာ။ ကျနော့်ကို ဂျပန်နိုင်ငံအနေနဲ့ ရခိုင်ကိစ္စပေါ့လေ ၊ ဒီအတွက် ကူညီလုပ်ဆောင်ပေးနေတာလေး အဓိကတချို့ပြောပြပါလား။
ဂျပန် သံအမတ်ကြီး။ ။ကျနော်တို့က အဓိကတော့ ၂ ခုရှိပါတယ်။ ပထမတခုက တကယ်ဟိုဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်များ မြန်မာပြည်ကို ပြန်လာတဲ့အခါမှာ သူတို့နေဖို့အိမ် နောက်ပြီးတော့ စားနပ်ရိက္ခာတွေလိုအပ်တယ်ဆိုရင် ကျနော်တို့ မြန်မာအစိုးရနဲ့ ပေါင်းပြီးတော့ ၊ ဒါမှမဟုတ်ရင် ကုလသမဂ္ဂကနေ တဆင့်အကူအညီပေးဖို့ဆိုတာကို အဲဒါကို ဆက်ပြီးတော့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂနဲ့ ဆွေးနွေးနေပါတယ်။ အဲဒါက ပထမအချက်ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ကျနော်တို့က အရေးကြီးတာက အခုကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအစိုးရက ဒီကိစ္စကို ဖြေရှင်းနိုင်အောင် ကြိုးစားနေတာကို နိုင်ငံတကာ ယုံကြည်မှု ရဖို့က အရေးကြီးပါတယ်။ နိုင်ငံတကာ ယုံကြည်မှု ရဖို့အတွက် ဘာအကူအညီပေးနိုင်မလဲ ၊ ဘာပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာကို အမြဲတမ်း မြန်မာအစိုးရနဲ့ ဆွေးနွေးနေပါတယ်။ ဥပမာပြောမယ်ဆိုရင် တကယ်ဟိုဘက်က ပြန်လာမယ်ဆိုရင် ကျနော်တို့က မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ UNHCR ၊ UNDP နဲ့ MOU ကိုလက်မှတ်ထိုးလိုက်တာ။ အဲဒီလက်မှတ်ထိုးလိုက်တဲ့ MOU ကို ၃ ဖွဲ့စလုံးပူးပေါင်းပြီး အကောင်အထည်ဖော်နိုင်အောင် ကျနော်တို့ ဂျပန်အစိုးရဘက်က အကူအညီပေးနိုင်တဲ့ဟာဆိုရင် ဆက်ပြီးတော့ အကူအညီပေးပါမယ်။ ဒါကြောင့်ကျနော်တို့ အဓိကလုပ်နေတာကတော့ ခုနက အဲဒီ ၂ ချက်ဖြစ်ပါတယ်ခင်ဗျ။
ဒီ သီးခြားတွေ့ဆုံမေးမြန်းခန်း အပိုင်း (၂) ကို နောက်ရက်မှာ ဆက်လက် ထုတ်လွှင့်မှာဖြစ်ပြီး အဲဒီအပိုင်းမှာတော့ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဂျပန်နိုင်ငံရဲ့အမြင်၊ အကြံပြုချက် စတာတွေကို နားဆင်ကြရပါမယ်။