ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အင်အားပြင်းငလျှင်လှုပ်ခတ်သွားတဲ့ဂျပန်နိုင်ငံ မြောက်ပိုင်းက Hokkaido ကျွန်းမကြီးမှာ ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဒီကနေ့ ဆက်ပြီးလုပ်ကိုင်နေပါတယ်။ ကြာသပတေးနေ့က ပြင်းအား ၆.၇ အဆင့် ငလျှင်လှုပ်ခဲ့တာမှာ အတော်ထိခိုက်ပျက်စီးသွားတဲ့ Sapporo မြို့ထဲက လမ်းတွေ၊ ကားတွေ၊ အဆောက်အအုံတွေပေါ်မှာ ရွှံတွေတင်နေပါသေးတယ်။
မြို့ရဲ့ အချို့အပိုင်းတွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ရပြီး အိမ်တွေပြိုပြီး လမ်းတွေလည်း ပျက်စီးခဲ့သလို အိမ်တချို့လည်း မြေအောက်ရောက်သွားခဲ့တာပါ။ ကျွန်းတခုလုံးအတွက် သယ်ယူပို့ဆောင်ရေးစနစ်နဲ့ လျှပ်စစ်မီးတွေပြန်ရအောင် တာဝန်ရှိသူတွေ ဆက်ပြီးလုပ်ကိုင်နေတာပါ။ လူပေါင်း ၅ သန်းခွဲလောက်နေထိုင်တဲ့ ကျွန်ပေါ်က အိမ်ခြေတဝက်လောက်ကိုတော့ မီးပြန်ပေးနိုင်ပါပြီ။သောကြာနေ့ထိ အတည်ပြုထားတဲ့စာရင်းအရ ငလျှင်ကြောင့် သေဆုံးသူပေါင်း၃၅ ဦးထက်မနည်းရှိသွားပြီဖြစ်ပြီး ၅ ဦးကတော့ သေဆုံးသူစာရင်းထဲ မပါသေးဘူးလို့ ဂျပန်အစိုးရပိုင် NHK သတင်းကဖော်ပြပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်သားပေါင်း ၄ သောင်းတို့ကလည်း မြေကော်စက်တွေ၊ အနံ့ခံခွေးတွေ၊ ရဟတ်ယာဉ်ပေါင်း ၇၅ စီးနဲ့ အသက်ရှင်ကျန်ရစ်သူတွေကိုလိုက်လံရှာဖွေနေတယ်လု့ိ ထိပ်တန်း အစိုးရ ပြောခွင့်ရသူက ဆိုပါတယ်။ ငလျှင်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၆၀၀ ထက်မနည်းရှိတယ်လို့လည်း ဒေသတွင်း သတင်းတွေကပြောပါတယ်။