(Zawgyi / Unicode)
ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်သစ် တက်လာပေမဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒ အပြောင်းအလဲ ကြီးကြီးမားမား ရှိမှာ မဟုတ်ဘူးလို့ ဂျပန်နိုင်ငံက မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
ဂျပန်အနေနဲ့ မြန်မာနိုင်ငံ ပြဿနာတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်တာမျိုး လုပ်မယ်လို့ မမြင်ရပေမဲ့ အမေရိကန်လို အနောက်နိုင်ငံတွေရဲ့ မူဝါဒအပေါ်လိုက်ပြီး ဆက်ဆံသွားမယ်လို့ ပြောကြပါတယ်။ ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ မြန်မာ အပေါ်ထားမယ့် မူဝါဒ ဘယ်လိုရှိနိုင်မယ်ဆိုတာ ရန်ကုန်ကလာတဲ့ သတင်းကို မသိင်္ဂ ီထိုက်က တင်ပြပါမယ်။
ဂျပန်အာဏာရအစိုးရ Liberal Democratic ပါတီ LDP ရဲ့ ဝန်ကြီးချုပ်အဖြစ် Mr. Fumio Kishida အောက်တိုဘာ ၄ ရက်နေ့က စတင်တာဝန်ယူပါတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဝန်ကြီးချုပ်သစ် Kishida ဟာ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်က လာရောက်ခဲ့ဖူးပါတယ်။
သူဦးဆောင်တဲ့ လက်ရှိဂျပန်အစိုးရဟာ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမှုရှိသလို မြန်မာစစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ စီးပွားရေးလုပ်ငန်းတွေမှာ ဂျပန်အစိုးရ ခေါင်းဆောင်ပိုင်း တချို့ဟာ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားများ အသင်းရဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။
လက်ရှိအခြေအနေအရ ဝန်ကြီးချုပ်သစ်ဦးဆောင်တဲ့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒ ကြီးကြီးမားမား ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဦးသန်းဆွေက သုံးသပ်ပါတယ်။
“ စစ်အုပ်စုနဲ့ ပေါင်းခြင်းဟာ သူတို့အတွက် ပိုပြီးအကျိုး ဖြစ်ထွန်းလိမ့်မယ်၊ ပိုပြီး အခွင့်အလမ်း ရလိမ့်မယ်လို့ ယုံကြည်ထားတဲ့ အနေအထားမှာ ရှိတဲ့အခါကျတော့ ဗမာနိုင်ငံ ပေါ်လစီကိုတော့ သူတို့ တင်းတင်းကျပ်ကျပ် လုပ်လိမ့်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ ထုံးစံအတိုင်းပေါ့ ဂျပန်ရဲ့ ပေါ်လစီဆိုတာက အမေရိကန်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေ အပေါ်မှာ မူတည်ပြီးတော့ မီးစင်ကြည့်ကတဲ့ ပေါ်လစီ ဖြစ်တဲ့အခါကျတော့ ကျန်တဲ့နိုင်ငံတွေမှာ မြန်မာနိုင်ငံ ပတ်သက်တဲ့ ပေါ်လစီက အပြောင်းအလဲ ဖြစ်လာမယ်ဆိုရင် ဂျပန်က မျက်စိမှိတ်ပြီးတော့ စစ်အုပ်စုကို ဆက်ပြီးထောက်ခံမယ့် အနေအထားမှာ မရှိဘူးလို့တော့ ကျနော်ကတော့ မြင်တယ်။”
ဂျပန်နိုင်ငံမှာ ဒီမိုကရေစီအရေးကို လိုလားတဲ့ လွှတ်တော်အမတ်များ သမဂ္ဂ၊ ဩဇာကြီးမားတဲ့ အလုပ်သမား သမဂ္ဂ၊ ပြီးတော့ Human Rights Now တို့ Human Rights Watch တို့လို လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ဂျပန်ရောက် မြန်မာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်လို့ ဝန်ကြီးချုပ်သစ် အပြောင်းအလဲဟာ မြန်မာ့အရေး လှုပ်ရှားမှုအပေါ် သက်ရောက်မှု ကြီးကြီးမားမားတော့ မရှိနိုင်ဘူးလို့ သူကပြောပါတယ်။
မြန်မာ့အရေး ကျွမ်းကျင်တဲ့ ဂျပန်လူမျိုး Mr. Osamu Nakanishi ကတော့ ဂျပန်မှာ ဝန်ကြီးချုပ် အသစ်တက်လာပေမဲ့ နိုင်ငံခြားရေး ဝန်ကြီးကတော့ အရင်ဝန်ကြီးပဲ ဆက်တာဝန်ယူထားတဲ့အတွက် မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒအပိုင်းမှာ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။
ဂျပန်အစိုးရ အနေနဲ့ မြန်မာ့အရေးကို တိုက်ရိုက်ဝင်ဖြေရှင်းဖို့ထက် ASEAN ကိုယ်စားလှယ်က တဆင့်ပဲ ပါဝင်ပတ်သက်ဖို့ ရှိပြီး စီးပွားရေး ကူညီမှု အသစ်တွေကို မပေးတော့မှာတော့ သေချာတယ်လို့ ဗွီအိုအေကို သူက စာနဲ့ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာဟာ ဒီမိုကရေစီကို နောက်ဆုတ်သွားစေတယ်လို့လည်း သူက သုံးသပ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း Yoshihide Suga ရဲ့ကိုဗစ်ကပ်ရောဂါ ကိုင်တွယ်မှုအပေါ် အကြီးအကျယ်ဝေဖန်ခံခဲ့ရပြီး ပြည်သူလူထု ထောက်ခံမှု ကျဆင်းခဲ့တာကြောင့် သူရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။ ဒါကြောင့် ဝန်ကြီးချုပ်သစ် Kishida အနေနဲ့ နိုဝင်ဘာလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ LDP ပါတီခေါင်းဆောင်အနေနဲ့ ဦးဆောင်သွားရမှာဖြစ်ပါတယ်။
(Unicode)