Zawgyi/Unicode
ဂျပန် အစိုးရဝန်ကြီးချုပ်အဖြစ် Fumio Kishida က တရားဝင် ရာထူးလက်ခံလိုက်ပြီ ဖြစ်ပါတယ်။ သူ့အစိုးရအဖွဲ့မှာ ယခင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့မဟာမိတ်တွေ အများကြီး ပါဝင်ကြပါတယ်။ ဒါကြောင့် ရှင်ဇိုအာဘေး အခြေခံခဲ့တဲ့ ရှေးရိုးစွဲ နိုင်ငံရေး ဩဇာဟာ အစိုးရအသစ်မှာ ဆက်လက် ဩဇာညောင်းနေမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာ အမျိုးသမီး ဝန်ကြီး ၃ ဦး ပါရှိပါတယ်။
အသက် ၆၄ နှစ် ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ကီရှီဒါ က ယခင်က နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ရိုးရိုးကုပ်ကုပ်နဲ့ အများ သဘောတူလာအောင် ဆောင်ရွက်တတ်သူအဖြစ် သိကြပါတယ်။ အခြား ပြိုင်ဘက် ၃ ယောက် ကို အရင်အပတ်က အနိုင်ယူခဲ့ပြီး လွှတ်တော်အတွင်း အများစု နေရာရထားတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကို ဦးဆောင်နိုင်ခွင့် ရရှိခဲ့ပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာလည်း ပါတီကို ဦးဆောင်ရမှာပါ။ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်မယ့်သူကတော့ ယခင် အာဘေးအစိုးရ အဖွဲ့မှာ ပညာရေးဝန်ကြီးလုပ်ခဲ့တဲ့ Hirokazu Matsuno ဖြစ်ပါတယ်။
သိမ်သိမ်မွေ့မွေ့ ပြောတတ်တဲ့ ကီရှိဒါဟာ ပါတီ ခေါင်းဆောင်နေရာအတွက် မဲဆွယ်ခဲ့ရာမှာ လကျာ်ဘက်ကို ယိမ်းလာခဲ့တယ်လို့ ဆိုကြပေမဲ့ နိုင်ငံခြားရေး မူဝါဒအသစ်မှာတော့ တရုတ်အပေါ် ခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ အာဘေးရဲ့ အယူအဆတွေကို အခြေခံအားဖြင့် ဆက်လက် ယူထားလိမ့်မယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
======
Unicode
#JapanPolitics #FumioKishida #VOABurmese