ကမ္ဘာပေါ်မှာ မြေအောက်ကျွံကျနေတဲ့ (sinking) မြို့တွေထဲက ကျွံကျနှုန်း အမြန်ဆုံးမြို့တမြို့အဖြစ် World Economic Forum က သတ်မှတ်ထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာကို တည်ငြိမ်တဲ့မြေပြင်ရှိရာ အရှေ့ပိုင်းက ဘော်နီယိုကျွန်းဘက်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အခုလို မြိုု့တော် ပြောင်းရွှေ့ဖို့ စီစဉ်ရတာနဲ့ ပတ်သက်ပြီး ဂျပန် အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူရဲ့ အမြင်ကို ဒီတပတ် ပြောပြပေးပါရစေ။
ဒေါက်တာမိုးကျော်သူ။ ။“ပထမဆုံး တချက်ကတော့ နိုင်ငံရဲ့ လူဦးရေ ၆၀ % ရှိနေတဲ့ ဂျာဗားကျွန်းမှာ ကျွန်းက သေးပေမယ့် နိုင်ငံ့ရဲ့ အချက်အခြာလိုမျိုးပေါ့။ အင်ဒိုနီးရှား နိုင်ငံ တခုလုံးရဲ့ အာဏာတွေ အားလုံး စုနေတဲ့ နေရာဆိုပြီး ပြောကြတာရယ်၊ နိုင်ငံရဲ့ ၆၀ % စီးပွါးရေးက အဲဒီနေရာမှာပဲ ရှိနေတာ။ အဲဒီလိုရှိနေတဲ့ မြို့ကြီးမှာ ဘာဖြစ်နေသလဲ ဆိုတော့ အရမ်းကို လူဦးရေက များလွန်းနေတယ်။ ပြီးတော့တခါ လမ်းတွေ၊ စံနစ်တွေကလည်း သေချာမကောင်းတော့ traffic က ကားအရမ်း ကြပ်တာက တနှစ်တနှစ်ဆိုရင် ဒေါ်လာ ၇ ဘီလျံလောက် ဆုံးရှုံးတယ်လို့ ဆိုတယ်။ ဘာလို့လည်း ဆိုတော့ လူတွေက လမ်းပေါ်မှာတင် အချိန်ကုန် လို့ပေါ့နော်။ ပြီးတော့ ဒီ့ထက်ပိုပြီး အရေးကြီးတာက geo- hazard ပေါ့နော်။ သဘာဝ ဘေးအန္တရာယ် အရမ်းများတယ်။
ဘယ်လို သဘာဝ ဘေးအန္တရာယ်တွေ ရှိနေတာပါလဲ။
ဒေါက်တာမိုးကျော်သူ။ ။“ငလျင်။ အရမ်းကြီးတယ်။ ဘာလို့လည်း ဆိုတော့ ငလျင်ကြောရှိနေတဲ့ ဟို ဂျာဗားရဲ့ တောင်ဘက်က ဆွန်ဒါ arc amd trench ဆိုတဲ့ ဥစ္စာကနေပြီးတော့ အောက်က တိုက်ကြီးတွေ အောက်ကို တိုးဝင်နေတဲ့ ကိစ္စက ငလျင်တွေ ဖြစ်တာက ပြောရရင် မြန်မာပြည်မှာ တခါတလေမှ ဖြစ်တယ်ဆိုတဲ့ မက်ဂနီကျူ့ ပြင်းအား ၅ ဆိုတာမျိုးက သူတို့ဆီမှာ နေ့တိုင်းနီးပါး ဖြစ်နေတယ်။ မက်ဂနီကျူ့ ၆ ကျော်သွားပြီ ဆိုရင် အပျက်အစီးက ရှိလာတယ်။ ဆူနာမီလည်းရှိတယ်။
ငလျင်နဲ့ ယာဉ်ပါးနေပြီဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဆူနာမိ ငလျင်လှိုင်းသတိပေးချက်တွေလည်း ထုတ်ပြန်ရလေ့ရှိပါတယ်။ ဒီနှစ် သြဂုတ်လမှာတင် ဂျာဗားကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ ငလျင်ကြောင့် ၄ ဦးထက်မနဲ သေဆုံးခဲ့ရတာပါ။ ၂၀၁၈ ဒီဇင်လာလတုန်းကလည်း ဒီအရပ်မှာပဲ မီးတောင်လှုပ်ရှားမှုကြောင့် ညအချိန်မှာ ဆူနာမီရေလှိုင်းတွေရုတ်တရက် ဖြစ်ပေါ်ခဲ့တဲ့အတွက် လူ ၄၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ လူဦးရေ သန်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ring of fire လို့ခေါ်တဲ့ ပစိဖိတ်ရပ်ဝန်းဒေသက ငလျင်ရပ်ဝန်းပေါ်မှာ တည်ရှိတဲ့အတွက် မကြာခဏဆိုသလို ငလျင်ဒဏ်ကို ရင်ဆိုင်ခံစားနေရတာလည်းဖြစ်ပါတယ်။
ဒေါက်တာမိုးကျော်သူ။ ။“မီးတောင်လည်း ရှိတယ်ခင်ဗျ။ အင်ဒိုနီးရှားမှာက မီးတောင် အလုံးပေါင်း ၁၂၀ ကျော်လားမသိဘူး ရှိတာဆိုတော့ မီးတောင်ပေါက်တာ ဆိုရင် အထူးသဖြင့် ဂျာဗားက ဂျကာတာ နဲ့ဆိုရင် ကျနော်တို့ ငယ်ငယ်တုန်းက ရုပ်ရှင်ကြားဖူးမှာပါ ကာရာခါတိုးဝါး ဆိုတဲ့ ကျွန်းကြီး တခုလုံးက မီးတောင်ပေါက်ပြီး ကျွန်းတခုလုံး ပျောက်ထွက်သွားတယ် ဆိုတဲ့ ရုပ်ရှင်ပါ။ အဲဒီ ကျွန်းရဲ့ တကယ့်အဖြစ်အပျက်က ဒီဂျာဗားကျွန်းနဲ့ ကပ်ရက်နေရာမှာ ရှိနေတာပါ။ တလောကတောင်မှ ပေါက်တဲ့ သတင်းမျိုးလေး ကျနော်တို့ ကြားလိုက်ပါသေးတယ်။”
ဂျကာတာမြို့တော်မှာတော့ လူဦးရေ ဆယ်သန်းရှိပြီး မြေအောက်ရေထုတ်ယူသုံးစွဲမှု များလာတာနဲ့အတူ ကမ္ဘာ့ဥတုရာသီပြောင်းလဲမှုကြောင့် ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာတဲ့အတွက် မြို့တော်ဟာ ဂျာဗားပင်လယ်ထဲကို တနှစ်မှာ ၆လက်မခွဲ (၁၇ စင်တီမီတာ) ကျော် ကျွံကျနိမ့်ဝင်နေတာ တွေ့ရပါတယ်။ ဂျကာတာ မြောက်ပိုင်းဟာ အခြေနေပိုဆိုးပြီး တနှစ်ကို ဆယ်လက်မလောက် နိမ့်ဝင်နေတာ ဖြစ်ပြီး ဒီလိုနှုန်းနဲ့သာ ကျွံကျနေရင် ဂျကာတာ တမြို့လုံးလိုလိုဟာ ၂၀၅၀ မှာ ရေလွှမ်းသွားနိုင်တယ်လို့ တွက်ချက်ထားတာပါ။ အခုလို မြေကျွံနိမ့်ကျတာအပြင် တခြားမြေပြိုကျမှု အန္တရာယ်ပါ ရှိနေတယ် လို့လည်း ပြောပါတယ်။
ဒေါက်တာမိုးကျော်သူ။ ။“မြေကြီးက လူတွေများပြီး ရေအသုံးများတော့ ဘန်ကောက်မြို့ကြီးလို နိမ့်တာ အပြင် သူကဆိုးတာက မိုးများတဲ့ ရပ်ဝန်းမှာ ရှိပြီးတော့ အခုနောက်ပိုင်း ရာသီဥတု ဖေါက်ပြန်တဲ့ အတွက်ကြောင့် ဒီ ပစိဖိတ်တို့ ဘာတို့မှာ အရမ်း ခြောက်သွေ့ပြီး အေးတဲ့အချိန်မှာ ဒီအင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကျတော့ မိုးတွေ အရမ်းများတယ်။ မိုးများတာက အချိန် အကြာကြီး သူက မိုးတောက်လျှောက် စွေနေတာ
အင်ဒိုနီးရှားမြို့တော်ဟာ ငလျင်ကြောပေါ်မှာ တည်ထားတဲ့ မြို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြို့ထဲက အဆောက်အဦးအားလုံးဟာ ငလျင်ဒဏ်ခံနိုင်အောင် တွက်ချက် ဆောက်ထားထာမဟုတ်တဲ့အတွက် ငလျင်ရပ်ဝန်းထဲက မတည်ငြိမ်တဲ့အနေထားမှာ စိုးရိမ်စရာဖြစ်နေတာပါ။
ဒေါက်တာမိုးကျော်သူ။ ။“ငလျင်က ဒီဂျာဗားရယ် ဆူမားတြားရယ် အောက်ဖက်မှာ ဒီအိန္ဒိယနဲ့ Australia ကနေပြီးတော့ ရွေ့လာပြီးတော့မှ ဂျာဗားနဲ့ စုမားတြားရှိနေတဲ့ ကျွန်းကြီးတွေရဲ့ အောက်ကိုငုံ့ဝင်ပြီး တိုးတဲ့ဥစ္စာ၊ ဒါ အားလုံးက ပြောရရင်တော့ ငလျင်ဖြစ်တဲ့ ရပ်ဝန်းကြီး တခုလုံး၊ ငလျင်ကြောကြီး ဖြစ်နေတာပါ။ ဆိုတော့ အဲဒီက ဖြစ်တဲ့ ငလျင်က ကျနော်တို့ နေပြည်တော် ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြီး အပေါ်မှာ ရှိနေသလိုမျိုး အန္တရာယ်တော့ မဟုတ်ဖူး၊ အဲဒါတော့ အင်ဒိုနီးရှား ငလျင်ပညာရှင်တွေလည်း ပြောတယ်။ ငလျင်ကြောရဲ့ အပေါ်မှာ မြို့က တည်ထားတာ မဟုတ်တဲ့ အတွက်ကြောင့် အရမ်းပြင်းတဲ့ ငလျင်ကြီးတခု ကြောင့်မို့ မြို့ကြီး တခုလုံး ပျက်စီးသွားတဲ့ အခြေနေက မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီအဝေးမှာ ရှိတဲ့ အဝေးမှာ ဆိုတာက ကီလိုမီတာ တရာလောက်မှာ ရှိနေတဲ့ ငလျင်ကြော အကြီးတွေ ကနေပြီးတော့ အရမ်းကို ကြီးတဲ့ နှစ် ၅၀၀ မှာ တခါလောက် နှစ် ၁၀၀ မှာ တခါလောက် ဖြစ်တဲ့ ငလျင်အကြီး မျိုး ဖြစ်လာခဲ့တယ် ဆိုရင်ကတော့ ငလျင်ကြောင့် ထိခိုက်တဲ့အပျက်စီးတွေက ခံနိုင်ရည်အားမရှိတဲ့ အင်ဂျင်နီယာပိုင်း ဆိုင်ရာအရ အားနဲတဲ့ သေချာစစ်ဆေးမထားတဲ့ စံမဝင်တဲ့ အိမ်တွေ ဆိုရင် ပျက်စီးဖို့ အများကြီး ရှိတယ်။ အဲဒီလို အိမ်တွေက ဂျကာတာမြိုု့တော်ရဲ့ တမြို့လုံးမှာ ပြန့်နှံ့ နေတာမို့လို့ အဲဒီ အန္တရာယ်က အများကြီး ရှိပါတယ်။
ဆူနာမီကလည်း သူက ပင်လယ်ကမ်းခြေမှာ ရှိနေပေမယ့် ဒီဆူနာမီ ငလျင်ဗဟိုပြုပြီး လာမယ့် ရပ်ဝန်းဘက်ကို မျက်နှာမူနေတာ မဟုတ်တဲ့ အတွက်ကြောင့်မို့ ဆူနာမီက တဲ့တဲ့ကြီးကို အပြင်းကြီး ရောက်လာဖို့ အခြေနေကတော့ မမြင်ပါဘူး။”
"ကမ္ဘာပေါ်မှာ ပင်လယ်ရေမျက်နှာပြင် အောက်ကို နိမ့်ပြီးတော့ ကျွံကျနေတဲ့ မြို့တွေထဲမှာ ဂျကာတာက အဆိုးဆုံးလို့ ပြောပါတယ်။ အဲဒီ အခြေနေလေးနဲနဲ ပြောပြပေးပါ။"
ဒေါက်တာမိုးကျော်သူ။ ။“ဟုတ်ကဲ့ ခင်ဗျ။ အဲဒီအပိုင်းကလေ Geo-Technical ပိုင်းဆိုတော့ ကျနော် စိတ်ဝင်စားတဲ့ အပိုင်းလည်းဖြစ်တယ်။ ဒီ ဂျကာတာမြို့ ရေတွေ သုံးတာများတဲ့အတွက် ကျွံကျလာတဲ့ဥစ္စာက ကမ္ဘာပေါ်မှာ နံပါတ်(၁)ဖြစ်သလိုမျိုး၊ မြို့ကိုယ်၌ အနေအထားကလည်း ပင်လယ်ရေမျက်နှာပြင် အထက်ကို အရမ်းကြီးမြင့်နေပုံ မရပါဘူး။ အဲဒါအပြင်ကို အခုနောက်ပိုင်း ကမ္ဘာကြီးပူနွေးလာပြီးတော့ ရာသီဥတုတွေ ဖေါက်ပြန်တယ်၊ ရာသီဥတုတွေ ပြောင်းတဲ့အတွက်ကြောင့်မို့လို့ ခုနပြောသလို မိုးတွေသည်းသည်းမဲမဲ အချိန်တိုအတွင်း ရွာလိုက်တယ် .. ရွာပြီးတဲ့နောက်မှာ မြို့ကြီးတခုလုံး ရေလွှမ်းသွားတယ်။ အဲဒီဟာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေက အဆောက်အဦတွေတင်မကပဲ ရောဂါတွေ တိုးလာမယ်၊ လူတွေ ဒုက္ခရောက်တယ်။ သွားတဲ့လာတဲ့ လမ်းတွေအဆင်မပြေဘူးဆိုတဲ့ ပြဿနာက အရမ်းကိုကြီးလာပြီးတော့ ရှေ့ကိုလည်း ဆက်ပြီးကြီးမှာပါ။”
"အခုရွှေ့မယ့်နေရာရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်တဲ့ အနေအထားလည်း နည်းနည်းပြောပြပေးပါဦး။"
ဒေါက်တာမိုးကျော်သူ။ ။ “ဟုတ်ကဲ့ခင်ဗျ၊ အဲဒါ အများစုကလည်း ပြောကြပါတယ် ပတ်ဝန်းကျင်နဲ့ပတ်သက်လို့။ ဘာလို့လည်းဆိုတော့ အခုရွှေ့မယ့်နေရာက အရှေ့ကာလီမန်တန် (Kalimantan) မှာရှိတဲ့ Rain Forest ပေါ့နော်။ ဒီ မုတ်သုန်သစ်တောတွေရဲ့ အရလှပတဲ့နေရာမျိုး၊ ကမ္ဘာပေါ်မှာ ဒီ orangutan ဆိုတဲ့ ဒီ မျောက်တွေ အများဆုံးနေတဲ့ နေရာတနေရာလည်း ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အဲဒီနေရာမှာ သွားပြီးတော့ ဆောက်လိုက်ရင် ပတ်ဝန်းကျင် ပျက်စီးမှု အများကြီးဖြစ်မလားလို့လည်း စိုးရိမ်နေကြတာ ရှိပါတယ်။ ဒါပေမဲ့ အခုပြောင်းမယ့် ကိစ္စမှာ အင်ဒိုနီးရှားအစိုးရက အခုလိုပေါ့နော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ကို အရမ်းကို တကမ္ဘာလုံးက ဂရုစိုက်နေတဲ့အချိန်မှာ ရွှေ့တဲ့အချိန်မှာ သူတို့ဟာ ဒါတွေကို ပစ်ပယ်ပြီး လုပ်လိမ့်မယ်လို့တော့ ဘယ်လိုမှ မထင်ပါဘူး။ နောက်တခု ကောင်းတာက ဟိုမှာက အရမ်းကြီးစည်ကား မနေတဲ့အတွက်ကြောင့်မို့လို့ မြို့ကြီးတွေနဲ့ မဝေးပေးမဲ့ အစိုးရပိုင် သစ်တော ရှိနေတဲ့နေရာမှာ ဆောက်မှာ၊ ပတ်ဝန်းကျင်ကိုလည်း မပျက်စီးအောင် လုပ်မယ်ဆိုတဲ့ အချက်ကတော့ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းတဲ့အချက်လို့ မြင်ပါတယ်ခင်ဗျာ။”
"ဘူမိဗေဒ အနေအထားအရရော မြေရဲ့တည်နေမှုနဲ့ သဘာဝ ဘေးအန္တရာယ် အရဆိုရင်ကော။"
ဒေါက်တာမိုးကျော်သူ။ ။ “ဟုတ်ကဲ့ခင်ဗျ။ အဲဒီဟာ ပြောရရင်တော့ ပထမအချက်က မီးတောင်တွေနဲ့ ဝေးတယ်ခင်ဗျ။ နောက်ပြီးတော့ ငလျင်နဲ့ ဆူနာမီအန္တရာယ်က ဘယ်လိုမှ မရှိနိုင်လောက်အောင် .. ရှိရင်တောင်မှ အဖျားခတ်လေးလောက်ပဲ ဖြစ်နိုင်တဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြောရရင်တော့ အင်ဒိုနီးရှားနိုင်ငံထဲမှာကတော့ ဘူမိဗေဒအရ ဒီဘူမိအန္တရာယ်တွေ အရကတော့ အနည်းဆုံးနေရာလို့ ပြောချင်ပါတယ်။”
ဂျပန် အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန ဒေါက်တာမိုးကျော်သူပါ။