သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရွေးကောက်ပွဲ အနိုင်ရသူ ခန့်မှန်းဖို့ခက်ခဲ


အင်္ဂါနေ့က အစ္စရေးလ်နိုင်ငံမှာ ၅ လအတွင်း ဒုတိယအကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် Benjamin Netanyahu ဟာ ဗဟိုဝါဒီ Blue and White ပါတီ ခေါင်းဆောင် အစ္စရေးစစ်တပ် အကြီးအကဲ ဟောင်း Benny Gantz နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရ ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့်လည်း Netanyahu ဟာ လုံလောက်တဲ့ လူများစု အစိုးရတစ်ရပ် မဖွဲ့စည်းနိုင်တာ ကြောင့် အခု ရွေးကောက်ပွဲကို ထပ်မံ ကျင်းပရတာဖြစ်ပါတယ်။ အစ္စရေးလ် သမိုင်းမှာ မကြုံစဖူး ဒုတိယအကြိမ် ပြန်လည် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အစ္စရေးလ်နိုင်ငံရဲ့ သမိုင်းဝင် သက်တမ်း အရှည်ကြာဆုံးဝန်ကြီးချုပ် Netanyahu ထပ်မံ အနိုင် ရမရ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

လက်ရှိ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu ဟာ စက်တင်ဘာလ ၁၆ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် အကြို ကာလအတွင်း အမျိုးသားရေးကို လှုံ့ဆော်တဲ့ အငြင်းပွားဖွယ်ရာ ကတိတွေကိုပေးပြီး ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။ Netanyahu ပေးတဲ့ကတိတွေအထဲ သူသာ အနိုင်ရရင် အနောက်ဖက်ကမ်း နယ်မြေတစ်ချို့ကို အစ္စရေးလ်နိုင်ငံ ပိုင်နက်ထဲ သွတ်သွင်းမယ့်ကတိနဲ့ ဂျူးအခြေစိုက် စခန်း အားလုံးကို အစ္စရေးလ် အချုပ်အခြာအာဏာအောက် ထည့်သွင်းမယ်ဆိုတဲ့ ကတိလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီလို ကတိပေးပေးခဲ့ပေမဲ့လည်း မဲပေးအပြီးမှာတော့ ရွေးကောက်ပွဲ အကြိတ်အနယ် ရှိကြောင်းကိုတော့ ဝန်ကြီးချုပ် Netanyahu က ပြောခဲ့ပါတယ်။

“ရွေးကောက်ပွဲက သိပ်ပြီး အကြိတ်အနယ်ရှိပါတယ်။ အနိုင်ရမယ်လို့ အပိုင်ပြောလို့ မရပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ မဲဆန္ဒရှင်တွေက တကယ် မဲသွားပေးကြမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်မှာပါ။”

လောလောဆယ်မှာ အဂတိလိုက်စား မှုဆိုင်ရာ တရားစွဲဆိုချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် Netanyahu အတွက် အစ္စရေးလ် ပြည်သူတွေ မဲရုံတွေကို သွားပြီး မဲ ပေးမပေး ဆိုတာကလည်း အရေးကြီးနေပါတယ်။ ဒါကြောင့် သူဟာ ရွေးကောက်ပွဲနေ့ တစ်နေ့လုံး နေရာစုံကို သွားပြီး မဲဆန္ဒရှင်တွေ မဲပေးကြဖို့ ဆော်သြခဲ့ပါတယ်။ သဘောထား တင်းမာသူနဲ့ ဘာသာရေးဝါဒစွဲ ပြင်းထန်သူ အမျိုးသားရေး ဝါဒီတွေနဲ့ ပူးပေါင်းပြီး ပါလီမန်မှာ လူများစု နေရာကို ရရှိဖို့ သူက အပြင်းအထန် ကြိုးစားနေတာပါ။

အစ္စရေးလ်နိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ Netanyahu ရဲ့ ရွေးကောက်ပွဲ ကတိတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကိုတော့ Netanyahu ရဲ့ မဟာမိတ် တစ်ဦးဖြစ်သူ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အခုလို ဖြေကြားခဲ့ပါတယ်။

“သူနိုင်ဖို့ အခွင့်အရေး ကောင်းကောင်း ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲက သိပ် အကြိတ်အနယ် ရှိမယ်လို့ လူထု စစ်တမ်းတွေက ပြနေတယ်။ လူထု စစ်တမ်းတွေဟာလည်း တစ်ခါတစ်ခါ မမှန်တတ်ပါဘူး။ သူ့ ရွေးကောက်ပွဲ ကတိတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အခု ဘာမှာ မပြောလို ပါဘူး။ ပြောဖို့ စောနေပါသေးတယ်။”

Netanyhu နဲ့ ယှဉ်ပြိုင်သူ အစ္စရေးလ် စစ်တပ် အကြီးအကဲဟောင်း Benny Gantz ကတော့ အစ္စရေးလ်းနိုင်ငံ အလယ်ပိုင်းက သူ့ရဲ့ ဇာတိမြို့မှာ မဲပေးရင်း သူ့ပါတီအနေနဲ့ အဂတိလိုက်စားမှုနဲ့ အစွန်းရောက်ဝါဒ မပါရှိဘဲ မျှော်လင့်ချက်နဲ့ ပြောင်းလဲမှုကို အစ္စရေးလ် နိုင်ငံအတွက်ဆောင်ကျဉ်း ပေးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်းက ဝန်ကြီးချုပ် Netanyahu ရဲ့ မဟာမိတ် ဖြစ်ပြီး အခုအခါ ပြိုင်ဖက် ရန်သူ ဖြစ်သွားခဲ့သူ Avigdor Liebermann ကိုတော့ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့စည်းရေးမှာ အဆုံးအဖြတ်ပေးမယ့်သူ (king maker) အဖြစ် သတ်မှတ်ထားပါတယ်။ Netanyahu ခေါင်းဆောင်တဲ့ အရင် ညွန့်ပေါင်း အစိုးရအဖွဲ့အတွင်း သူ ပါဝင်ဖို့ ငြင်းဆန်ခဲ့လို့ အခုလို ရွေးကောက်ပွဲ ကျင်းပခဲ့ရတာပါ။ သူက ပုံမှန်ဖြစ်တဲ့ အစ္စရေးလ်နိုင်ငံကို ပြန်လည် တည်ဆောက်ကြစို့ Make Israel Normal Again လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ ပါတယ်။ ဘာသာရေး အစွန်းရောက်တွေ သြဇာ လွှမ်းမိုးမှု မရှိတဲ့ အစ္စရေးလ် နိုင်ငံကို ဆိုလိုတာ ဖြစ်ပါတယ်။

အစ္စရေးလ်နိုင်ငံရဲ့ ရွေးကောက်ပွဲရဲ့ နောက်ဆုံး ရလဒ်တွေကို ဗုဒ္ဓဟူးနေ့မှာ ကြေညာနိုင်မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Netanyahu ရဲ့အမျိုးသား ရေးဆိုင်ရာ ကတိပေးချက်တွေကြောင့် လောလောဆယ်မှာပဲ ဥရောပနိုင်ငံတွေနဲ့ ဆော်ဒီအာရေဘီယား နိုင်ငံတွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဂျော်ဒန် ဘုရင်ဟူစိန်ကလည်း ပိုင်နယ်နယ်မြေ သိမ်းသွင်းမယ့်လုပ်ရပ်ဟာ ဘေးဆိုးတစ်ခု ဖြစ်မယ် လို့ ပြောခဲ့ပါတယ်။

အခု နောက်ဆုံး ရရှိတဲ့ မဲရုံထွက် ကနဦး ကောက်ယူတဲ့ စစ်တမ်းတွေမှာတော့ လက်ရှိ ဝန်ကြီးချုပ် Netanyahu ရော စစ်တပ် အကြီးအကဲဟောင်း Gantz ပါ အစိုးရ ဖွဲ့နိုင်လောက် အနိုင်ရရှိသေးပါဘူ။ နှစ်ဘက်စလုံးကတော့ ဗုဒ္ဓနေ့မှာ ရရှိမယ့် နောက်ဆုံး မဲ ရလဒ်တွေက အခု အခြေအနေကို ပြောင်းလဲသွားစေလိမ့်လို့ မျှော်လင့်နေကြပါတယ်။

ပြတ်ပြတ်သားသား မရှိတဲ့ ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်လာရင်တော့ အစ္စရေးလ် သမ္မတ Reuven Rivlin ရဲ့ အခန်းကဏ္ဍက အရေးပါလာမှာ ဖြစ်ပါတယ်။ သူဟာ အစ္စရေးလ်နိုင်ငံအကျိုးအတွက် ဘယ်သူက အသင့်တော်ဆုံးလဲဆိုတာကို ဆုံးဖြတ်ပြီး ဝန်ကြီးချုပ်ကို ရွေးချယ်နိုင်ပါတယ်။ ပုံမှန်ကတော့ အများစု အနိုင်ရ ပါတီ ခေါင်းဆောင်ကို ရွေးချယ်လေ့ရှိပါတယ်။ သမ္မတ Rivlin ကတော့ ရွေးကောက်ခံ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့နဲ့ နောက်ထပ် ရွေးကောက်ပွဲ တစ်ခုကို ရှောင်ရှားနိုင်ဖို့ရေး အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောထား ကြောင်းပါ။

.....................

(Unicode)













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG