ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဟာမတ်စ်အဖွဲ့တွေက အစ္စရေးကို တိုက်ခိုက်ခဲ့တုန်းက ဓါးစာခံအဖြစ်ဖမ်းဆီးပြီး သတ်ခံလိုက်ရတဲ့သူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေရှိခဲ့တယ်လို့ အစ္စရေးက ဒီနေ့ ပြောလိုကပါတယ်။ သေဆုံးသွားတဲ့သူတွေထဲက တယောက်ကတော့ အစ္စရေးတောင်ပိုင်းက Kibbutz Nir Oz မြို့က Maya Goren ဖြစ်ပြီး ကျန်တဲ့ ၄ ယောက်ကတော့ တိုက်ပွဲအတွင်း ဖမ်းခံလိုက်ရတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဟာမတ်စ်အဖွဲ့က အဲဒီ လူ ၅ ယောက်စလုံးရဲ့ ရုပ်အလောင်းတွေကို ဂါဇာဒေသထဲကို သယ်ဆောင်သွားတာဖြစ်ပြီး၊ ဂါဇာတောင်ပိုင်းက Khan Younis မြို့မှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ဟားမတ်စ်အဖွဲ့ရဲ့ လက်ချက်ကြောင့် ၁၂၀၀ လောက် သေဆုံးပြီး ၂၅၀ ကို ဓါးစာခံအဖြစ် ဖမ်းသွားခဲ့တာပါ။ အဲဒီထဲက ၁၁၀ ကတော့ ဂါဇာမှာ အခုချိန်ထိ ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရတုန်းပဲဖြစ်ပြီး၊အဲဒီထဲက ၃ ပုံ ၁ ပုံကတော့ သေဆုံးသွားပြီလို့ ယူဆရကြောင်း အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေးက တန်ပြန်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၃ သောင်း ၉ ထောင်ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာဒေသ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz ကတော့ ရုပ်အလောင်းတွေ ပြန်လည်တွေ့ရှိတဲ့ ဓါးစားခံတွေရဲ့မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း ပြောကြားလိုက်ပြီး၊ ဆက်ပြီးတော့ ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေကို အသေဘဲဖြစ်ဖြစ် အရှင်ဘဲဖြစ်ဖြစ် ပြန်ရှာတွေဖို့က တာဝန်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးစစ်တပ်ဟာ ဂါဇာဒေသ အလယ်ပိုင်း နဲ့ တောင်ပိုင်းတွေမှာစစ်ဆင်ရေးတွေလုပ်ခဲ့ပြီး Khan Younis မြို့မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ဟာမတ်စ်တွေရဲ့ အခြေခံ အဆောက်အအုံ ၅၀ လောက်ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး၊ လက်ဘနွန်တောင်ပိုင်းက ဟဇ်ဘိုလာအဖွဲ့ရဲ့ အဆောက်အအုံတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ပြောလိုက်ပါတယ်။
Forum