ဂါဇာနဲ့နယ်စပ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ အစ္စရေးက အင်္ဂါနေ့က ပြောလိုက်ပါတယ်။ နောက်ထပ် ဒီအဖြစ်မျိုး ထပ်မဖြစ်ရအောင် ဂါဇာအတွင်းမှာ အပြောင်းအလဲတွေလုပ်ဖို့ အစ္စရေးစစ်တပ်ဟာ ထိုးစစ်အဆင့်ကို ကူးပြောင်းသွားပြီလို့ အမှတ် ၉၈ လေထီးတပ်က ဗိုလ်ချုပ် ဒန် ဂိုးဖာ့စ် (Dan Goldfuss) က ဆိုပါတယ်။
အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုက အစပဲရှိသေးတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေသန်ယာဟု (Benjamin Netanyahu) က တနင်္လာနေ့နှောင်းပိုင်းမှာ ပြောပါတယ်။ လာမယ့်ရက်တွေမှာ ရန်သူအပေါ် ကျနော်တို့တိုက်မှာက သူတို့ မျိုးဆက်နဲ့ချီပြီး ပဲ့တင်ရိုက်သွားပါလိမ့်မယ်” လို့ မစ္စတာနေသန်ယာဟုက ဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ လူဦးရေ ၂.၂ သန်း ရှိပြီး အနည်းဆုံး ၂ သိန်းက အိုးအိမ်စွန့်ခွါထွက်ပြေးနေရကြောင်း အသိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေက ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးမှူး Lynn Hastings က သတင်းထုတ်ပြန် ပြောပါတယ်။
ဒီအချိန်မှာပဲ အစ္စရေးနဲ့ သွေးစည်းညီညွတ်မှုနဲ့ ထောက်ခံမှုကိုပြသတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အင်ထောင်နီ ဘလင်ကန်ဟာ လာမယ့်ရက်ပိုင်းမှာ အစ္စရေးကို သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မီလ်လာ (Matthew Miller) က ပြောပါတယ်။
ခုလို တိုက်ပွဲတွေမြင့်လာမယ့်အခြေအနေကြားမှာ အရပ်သားတွေပိတ်မိမှာကို ပိုလို့ပိုလို့ စိုးရိမ်နေကြချိန်မှာပဲ ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေး လေယာဥ်တွေက ဂါဇာကမ်းမြောင်ဒေသကို အင်္ဂါနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။ တညလုံး လေကြောင်းကနေ အကြိမ်ရာချီတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဂါဇာကို လေကြောင်းကတိုက်ခိုက်ရာမှာ ဟားမတ်စ် စစ်စခန်းဝင်း၊ လက်နက် ဂိုထောင် နဲ့ ဂါဇာ က ဟားမတ်စ် အမိန့်ပေးဌာနချုပ်တို့ ကို ပစ်မှတ်ထား တိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ် က ဆိုပါတယ်။ ဟားမတ်စ် ရဲ့ စစ်ရုံးတွေ၊ အစိုးရ မဟုတ်တဲ့ အင်န်ဂျီအို အဖွဲ့ရုံးတွေ နဲ့ လူနေအိမ်ခြေတွေ ရှိတဲ့ ဂါဇာစီးတီး က ရီမော်လ် Rimal ရပ်ကွက် ကို အထိများခဲ့ပါတယ်။
စနေနေ့က တိုက်ပွဲနောက်ပိုင်းမှာ ဟားမတ်စ် စစ်သား ၁,၅၀၀ ရဲ့ ရုပ်အလောင်းကို အစ္စရေးနယ်မြေထဲမှာတွေ့ရတယ်လို့ အစ္စရေး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ် ဟက်ချ် (Richard Hecht) က ဆိုပါတယ်။ တနင်္လာနေ့ကစပြီး ဘယ်စစ်သွေးကြွမှ အစ္စရေးနယ်မြေထဲ ဝင်မလာဘူးလို့လည်း သူက ပြောပါတယ်။ စနေနေ့တုန်းက ဂါဇာကနေ ရော့ကက် ၄,၅၀၀ ကို ဟားမတ်စ်က ပစ်ခဲ့တယ်လို့လည်း အစ္စရေးစစ်တပ်က ဆိုပါတယ်။