ဧရာဝတီ သတင်းဌာန ဖော်ပြမှုတွေအတွက် ထုတ်ဝေသူ ဦးသောင်းဝင်း အရေးယူခံရ
{{Zawgyi/Unicode }}
ဧရာဝတီသတင်းဌာန ပြည်တွင်း ထုတ်ဝေခွင့်လိုင်စင်မှာ ထုတ်ဝေသူဖြစ်တဲ့ ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသောင်းဝင်းကို စစ်ကောင်စီက ထောင်ဒဏ် တသက်ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေကပြောပါတယ်။ လက်ရှိမှာတော့ ဦးသောင်းဝင်းကို အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ ဆိုပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုရဲမွန် ပြောပြပေးမှာပါ။
ဦးသောင်းဝင်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် နေ့က ဧည့်စာရင်းဝင်စစ်ပြီး နေအိမ်ကနေ ဖမ်းဆီးသွားကာ အောက်တိုဘာလထဲမှာပဲ အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ဗွီအိုအေကိုပြောပြပါတယ်။ ဦးသောင်းဝင်းကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရုံးထုတ်စစ်ဆေးဖို့ ရှိတယ်လို့ သူ့ရှေ့နေက ဗွီအိုအေကိုပြောပါတယ်။
"ကိုသောင်းဝင်း အခြေအနေက ပြီးခဲ့တဲ့အပတ်က အမှု စီအမ်ပီဘဲ လုပ်တာ၊ မူခင်းကြိုတင်ညှိုတာပေါ့ ၊ ၈ ရက်နေ့ ပြန်ချိန်းထားပါတယ်။ ၁၂၄ ပုဒ်မ ၁၂၄(က)နဲ့ ဧရာဝတီရဲ့ထုတ်ဝေခွင့် တာဝန်ခံ အနေနဲ့ တရားစွဲခံထားရတယ်။ ဒါကတော့ ကျန်သူတွေက ဒီမှာမရှိတော့ဘူးလေ။ သူတယောက်ပဲ ကျန်ခဲ့တာ သောင်းဝင်း ပဲ ကျန်တာ။ သူကလည်း နုတ်ထွက်ပါတယ် မကြေညာထားဘူး။ မကြေညာထားတော့ ဧရာဝတီနဲ့ ပတ်သတ်ရင် သူ့မှာတာဝန်ရှိတယ်ဆိုပြီး တရားစွဲတာပဲ"
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဧရာဝတီသတင်းဌာန အပါအဝင် သတင်းမီဒီယာတွေကို စစ်ကောင်စီက ပိတ်ပင်တာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုပိတ်ပင်ခဲ့တာမို့ ဧရာဝတီသတင်းဌာနဟာ ပြည်တွင်းမှာ သတင်းထုတ်လုပ်မှုတွေ ရပ်ဆိုင်းလိုက်ပြီး အရင် စစ်အစိုးရတွေ လက်ထက်ကလို ပြည်ပမှာ ပြန်လည်အခြေစိုက်ပြီး အွန်လိုင်းမီဒီယာအနေနဲ့ သတင်းတွေ ဆက်လက် လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်က ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သတ်လို့ သတင်းရေးသားတာမှာ စစ်ကောင်စီ ရဲ့ ဂုဏ်သိက္ခာ ထိပါးစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧရာဝတီသတင်းဌာနကို တရားစွဲမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။ အဲဒီလိုထုတ်ပြန် မပြောဆိုခင်ထဲက ဦးသောင်းဝင်း ကို ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီသတင်း အယ်ဒီတာ တဦးဖြစ်တဲ့ ဦးရဲနည် ကတော့ လက်ရှိ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဦးသောင်းဝင်းဟာ ဧရာဝတီသတင်း ထုတ်လုပ်မှုတွေနဲ့ ပတ်သတ်လို့ တာဝန်ရှိသူတဦးမဟုတ်ဘဲ အခုလို တရားစွဲဆိုတာက တရားမျှတမှု မရှိဘူးလို့ စစ်ကောင်စီကို ဝေဖန်ပြောဆိုလိုက်ပါတယ်။
"၂၀၂၁ အာဏာသိမ်းပြီးနောက် သတင်းတန်ဖိုးမရှိဘဲ သတင်းသမား လုံခြုံရေး ပျောက်ဆုံးသွားကတည်းက ကျနော်တို့ ပြည်တွင်းမှာ လုံးဝမလုပ်တော့ဘဲ အဲဒီအချိန်ကတည်းက ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလိုဘာမှမဆိုင်တဲ့လူကို ဒီလိုကြီးလေးတဲ့ ပုဒ်မနဲ့တရားစွဲဆိုတာက မဖြစ်သင့်တဲ့ကိစ္စပါ။"
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ပြည်ပအခြေစိုက် ဧရာဝတီသတင်းဌာနဟာ ပြည်တွင်းမှာ သတင်းလုပ်ငန်းလုပ်ဖို့အတွက် တရားဝင် တင်ပြတာမှာ ပြည်တွင်းနေသူတဦးကနေ လုပ်ငန်းလိုင်စင် လျှောက်ပေးဖို့ လိုအပ်တာကြောင့် ခင်မင်ရင်းနှီးသူ ဦးသောင်းဝင်း က ကူညီပေးခဲ့တာ ဖြစ်တယ်လို့လည်း ဦးရဲနည်က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ လက်ရှိဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ဦးသောင်းဝင်းဟာ "ဧရာဝတီသတင်းဌာန"အတွက် သတင်းအေဂျင်စီနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များ ရယူထားတာမို့ ဆိုကာ အခုလို အရေးယူတာဖြစ်တယ်လို့ တရားရုံးမှာ တင်ပြထားပါတယ်။
နောက်ပြီး ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ခ)ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေတဲ့ အကြောင်းအရာများကို ရေးသားလွှင့်တင်ဖော်ပြခဲ့သည့်အတွက် ဆိုကာ "ဧရာဝတီ"သတင်း အေဂျင်စီ နဲ့ ထုတ်ဝေခြင်းလုပ်ငန်းအသီးသီးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်မှစတင်ကာ ပိတ်သိမ်းလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။
ဦးသောင်းဝင်းကို စွဲဆိုထားတဲ့ပုဒ်မ ၁၂၄(က) ဟာ အစိုးရကို အမုန်းထား၊ မလေးစားအောင် စာနဲ့ ရေးသားထုတ်ဝေတာ ပြောဆိုတာ၊ လှုံဆော်တာမျိုးလုပ်ရင် အရေးယူနိုင်ဖို့ ပြဌာန်းထားတဲ့ပုဒ်မတခု ဖြစ်ပြီး ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ခံရရင် ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းအောက်လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်နိုင်တယ်လို့ပြဌာန်းထားပါတယ်။
.............................................
{{Zawgyi/Unicode }}