နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ နိုင်ငံတကာ ပညာရှင်တွေက ဒါဟာ အပြည့်အ၀ ကောင်းမွန်တဲ့ သဘောတူညီချက် မဟုတ်သေးဘူး လို့ သုံးသပ် ပြောဆိုကြပါတယ်။ ဒီသဘောတူညီချက်ဟာ အရေးပါတဲ့ သဘောတူညီချက်ဖြစ်ပေမယ့် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး မပါဝင်နိုင်တဲ့ ကိစ္စ အပါအဝင် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) အဖွဲ့အကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်နိုင်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပညာရှင်တွေက သူတို့ရဲ့ အမြင်သဘောထား အမျိုးမျိုးကို ထုတ်ဖော် ပြောဆို လာကြတာမှာ လက်မှတ် ထိုးနိုင်တဲ့ အတွက် ကောင်းမွန်တဲ့ သဘောဆောင်ပေမယ့် လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ တပြိုင်ထဲ လက်မှတ်မထိုးနိုင်သေးတဲ့အတွက် အပြည့်အ၀ ကောင်းမွန်တဲ့ သဘောတူညီချက် မဟုတ်သေးဘူး ဆိုပြီး ပြောဆိုကြတာ ဖြစ်ပါတယ်။
CSIS - နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့က သုတေသီ Phuong Nguyen ကတော့ ဒီသဘောတူညီချက်ဟာ ကောင်းတာနဲ့ သိပ်မကောင်းလှတဲ့ အချက် ၂ ချက် ဒွန်တွဲနေတယ်လို့ သုံးသပ်ပါတယ်။
“ အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေး ထိုးနိုင်တော့မယ်ဆိုပြီး အစိုးရက အရင်က အချိန်ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပေမယ့် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပြီးတဲ့နောက် အခု နောက်ဆုံး လက်မှတ် ထိုးလိုက်တဲ့ အတွက် ဒါဟာ ကောင်းမွန်တဲ့ အောင်မြင်ချက်လို့ ကျမ မြင်ပါတယ်။ ဒါကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလို့ ခေါ်နိုင် မခေါ်နိုင်တော့ ကျမ မသိပါဘူး၊ ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် ဒါဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့် ဖြစ်ပါတယ်။ တဖက်မှာလည်း ဒီလက်မှတ်ထိုးပွဲမှာ တခြား လက်နက်ကိုင် အဖွဲ့အစည်းလေးတွေ အများအပြား ပါဝင်ပေမယ့် အဓိက လက်နက်ကိုင် အဖွဲ့အစည်းကြီးဆိုလို့ KNU ကရင်အမျိုးသားအဖွဲ့အစည်း တခုသာ ပါပါတဲ့အတွက် အားလုံးက မျှော်လင့်ထားချက်တွေအတိုင်း ဖြစ်မလာခဲ့ပါဘူး။”
George Town တက္ကသိုလ်က ပါမောက္ခ David Steinburg ကလည်း ဒါဟာ ကောင်းမွန်တဲ့ အစပျိုးမှုဖြစ်တယ်လို့ သုံးသပ်ပါတယ်။ “ ဒါဟာ အရေးပါတဲ့ ပထမ ခြေလှမ်းတရပ်လို့ ကျနော်ထင်ပါတယ်။ ဒါဟာ အဖြေမဟုတ်သေးပေမယ့် အဖြေရနိုင်ဖို့အတွက် ဦးတည်နေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်တာ မဟုတ်ဘဲ အဖွဲ့ (၈) ဖွဲ့နဲ့ ထိုးနိုင်တာဟာလည်း အောင်မြင်တခုပါပဲ။”
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီး လက်မှတ်ထိုးလိုက်ကြပေမယ့် ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွားမလဲဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ ပါမောက္ခ Steinburg က ပြောပါတယ်။ ဥပမာ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ဖော်ဆောင်မယ်လို့ ပြောဆိုနေကြပေမယ့် ဘယ်လို ဖက်ဒရယ်မျိုးလဲဆိုတာ အတိအကျ ဖော်ပြထားခြင်း မရှိဘူးလို့ ဆိုပါတယ်။
“ ဖက်ဒရယ်ပြည်ထောင်စုစံနစ်နဲ့သွားကြမယ်လို့ပြောတယ်၊ ဒါပေမယ့် ဘယ်လို ဖက်ဒရယ်မျိုးလဲဆိုတာကို အတိအကျ ပြောဆိုထားတာမျိုး မတွေ့ရသေးဘူး။ မတူညီတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံသွားမှာလဲ၊ ဘယ်ဒေသဆိုင်ရာ ဥပဒေပြုအဖွဲ့က ဦးစားပေး ကိုင်တွယ်မှာလဲဆိုတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့လဲ လိုပါလိမ့်မယ်။”
ဒီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်တာဟာ အရေးပါတဲ့ အချက်ဖြစ်သလို သူ့အောက်က စစ်တပ်အရာရှိတွေရဲ့ ထောက်ခံမှုဟာလည်း အရေးပါတယ်လို့ပါမောက္ခ Steinburg က ပြောပါတယ်။
“ စစ်တပ်က ဒီသဘောတူညီချက်ကို ထောက်ခံမှ ဖြစ်ပါလိမ့်မယ်။ နောက်တခုက ဒီသဘောတူညီချက် တည်တန့်ဖို့အတွက် အောက်ခြေ ဒေသခံ အရာရှိတွေ ရဲ့ ထောက်ခံမှုဟာ အင်မတန် အရေးကြီးပါတယ်။ အဲဒါကတော့ မေးခွန်းထုတ်စရာကို မလိုပါဘူး။ တိုင်းဒေသတွေက စစ်ဦးစီးတွေက ဒီသဘောတူညီချက် ကို ထောက်ခံပါ့မလား၊ ဒီသဘောတူညီချက်ကို သူတို့အနေနဲ့ လေးစား လိုက်နာပါ့မလား၊ အပစ်ရပ်ဒေသတွေက ဒေသခံတွေကို သူတို့ ဘယ်လို ဆက်ဆံမလဲ ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်လို့တော့ ကျနော်လဲ အတတ် မပြောနိုင်ဘူး။ သက်ဆိုင်ရာ ဒေသအသီးသီးက ကိစ္စတွေမှာ ပြင်ဆင်စရာလေးတွေ အများကြီး ကျန်နေပါသေးတယ်။”
မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်း တည်ရှိလာခဲ့တဲ့ လူမျိုးစု တခုနဲ့တခုအကြား တန်းတူညီမျှမှု မရှိတဲ့ကိစ္စဟာ အဓိက ပြဿနာဖြစ်ပြီး အဲဒီလို တန်းတူညီမျှ မရှိရင် အနာဂတ်မှာလည်း တိုင်းရင်းသားပြဿနာဟာ ဆက်ရှိနေလိမ့်ဦးမယ်လို့ ပါမောက္ခ Steinburg က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အကြီးတန်း သံတမန်ဟောင်း Priscilla Clapp ကလည်း ဒီသဘောတူညီချက် ရေရှည် တည်တန့်ဖို့ အစိုးရနဲ့ တပ်မတော်အပေါ်မှာ မူတည်နေတယ်လို့ သုံးသပ်ပါတယ်။
“ ဒီသဘောတူညီချက် ရှေ့ဆက်သွားနိုင်ဖို့အတွက် အစိုးရအပေါ်မှာ အများကြီး တာဝန်ရှိပါတယ်၊ အထူးသဖြင့်တော့ တပ်မတော်အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒီအစိုးရလက်ထက်မှာတော့ ရှေ့ဆက်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး၊ နောင်တက်လာတဲ့ အစိုးရလက်ထက်ကျမှပဲ ဆက်လုပ်နိုင်တော့မယ်ဆိုတာက သိသာ ထင်ရှားနေပါတယ်။”
တဖက်မှာ ဒီသဘောတူညီချက် ရေရှည်တည်တန့်တယ်၊ မတည်တံ့ဘူး ဆိုတဲ့နေရာမှာ နိုင်ငံရေး၊ စီးပွားရေး စတဲ့ တိုးတက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်မှု အပေါ်မှာလည်း အများကြီး မူတည်နေပြီး အချိန်ကာလအားဖြင့်လည်း အတော်ကြာလိမ့်ဦးမယ်လို့ Priscilla Clapp က ပြောပါတယ်။
တိုင်းရင်းသား လက်နက်အဖွဲ့အစည်း အားလုံး မပါဘဲ သမ္မတ ဦးသိန်းစိန် အစိုးရက ရွေးကောက်ပွဲမတိုင်ခင်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်အောင် တက်သုတ်ရိုက် ဆောင်ရွက်တာဟာ နိုင်ငံရေးအရ အမြတ်ထွက်လိုတဲ့အတွက် လုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေနဲ့ ပတ်သက်လို့တော့ အတိုင်းအတာတခုအထိ မှန်ကန်မှု ရှိနိုင်တယ်လို့ CSIS - နိုင်ငံတကာ မဟာဗြူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့က သုတေသီ Phong Nguyen က ပြောပါတယ်။
“ တစိတ် တပိုင်းအနေနဲ့ ဒီအစိုးရဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ သမိုင်း အမွေအနှစ်အဖြစ် ထားခဲ့ချင်တဲ့သဘောရှိတယ်လို့ ကျမထင်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း ဒါကို အမွေအနှစ်အဖြစ် ထားခဲ့ချင်တယ် ဆိုတာ ရေဒီယိုမိန့်ခွန်းတွေမှာလည်း တိတိလင်းလင်း အကြိမ်ကြိမ် ပြောထားပြီးဖြစ်ပါတယ်။ တဖက်မှာလည်း တချို့ပြောနေကြ သလို နိုင်ငံရေးအမြတ်ထုတ်ဖို့ဆိုတဲ့ကိစ္စက ဒီသဘောတူညီချက် မရ ရအောင်လုပ်ဖို့ နောက်ကွယ်ကနေ တွန်းအားပေးနေတဲ့ အချက်ဖြစ်တယ်ဆိုတာလည်း မှန်ပါတယ်။”
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပြီး ရက်ပေါင်း ၉၀ အကြာမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ရမယ်လို့ သတ်မှတ်ထားတဲ့ အတွက် နောက်တက်မယ့် အစိုးရက ဘယ်သူဖြစ်မယ်ဆိုတာ မသိနိုင်သလို အဲဒီ အစိုးရကို စစ်တပ်က ထောက်ခံမလား ၊ မထောက်ခံဘူးလားဆိုတဲ့ အချက်ကဟာလည်း အခုချိန်မှာ မသိနိုင်ဘူးလို့ Phuong Nguyen က ပြောပါတယ်။
နိုင်ငံတကာက အသိသက်သေတွေနဲ့ နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တဲ့ ဒီ လက်မှတ်ထိုးပွဲမှာ မပါသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ နောက်ပိုင်းမှာ ပါဝင်လို့ ရတယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရက ပြောထားပါတယ်။