မြန်မာငြိမ်းချမ်းရေးဖြစ်စဥ်မှာ အိန္ဒိယက ကူညီမယ်ဆိုပြီး အိန္ဒိယ ထိပ်တန်းအရာရှိတဦးက လတ်တလောမှာပြောဆိုခဲ့တာက ဒေသတွင်းမှာ တရုတ်ရဲ့သြဇာကို တန်ပြန်ဖို့ပြောဆိုတာမျိုး ဖြစ်နိုင်ပေမယ့် အိန္ဒိယအစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ တဘက်သတ် ထိတွေ့ ဆက်ဆံနေတာက လက်တွေ့ကျတဲ့ ပြဿနာဖြေရှင်းနည်းမဟုတ်ဘူးလို့ လေ့လာသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ နေပြည်တော်မှာကျင်းပခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နှစ်ပတ်လည်အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်အဖြစ် အရင်က တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗစ်ခရမ် မစ်ဆရီ (Vikram Misri) တက်ရောက်ခဲ့သလို အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ အဲဒီရက်မတိုင်ခင်ကလည်း သီးခြားတွေ့ဆုံခဲ့တာပါ။ တရုတ်နဲ့ အားပြိုင်နေတဲ့ အိန္ဒိယရဲ့ မြန်မာ့အရေး ခြေလှမ်းတွေ အပေါ် သုံးသပ်ချက်တွေကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
အိန္ဒိယ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗစ်ခရမ် မစ်ဆရီနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ အောက်တိုဘာ ၁၄ ရက်၊ နေပြည်တော်က တွေ့ဆုံပွဲအပြီးမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေ မျက်နှာဖုံးသတင်းတင်ခဲ့သလို မြန်မာ့ငြိမ်းချမ်းရေးအတွက် အိန္ဒိယကကူညီနေပြီး မြန်မာ့နိုင်ငံရေးဖြစ်ထွန်းမှုတွေနဲ့ NCA ငြိမ်းချမ်းရေး လမ်းကြောင်းအပေါ်ကို ထောက်ခံယုံကြည်ကြောင်း ရေးသားဖော်ပြခဲ့တာပါ။ အောက်တိုဘာ (၁၅) ရက်နေ့မှာ လုပ်ခဲ့တဲ့ NCA နှစ်ပတ်လည် အခမ်းအနားမှာလည်း လက်မှတ်ထိုးတုန်းက နိုင်ငံတကာ အသိသက်သေအဖြစ် ပါဝင်ခဲ့တဲ့ နိုင်ငံတွေရဲ့ကိုယ်စားလှယ်အဖြစ် မစ္စတာ မစ်ဆရီက မိန့်ခွန်းပြောကြားရာမှာ NCA လမ်းကြောင်းကိုထောက်ခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွေအပါအဝင် မြန်မာနိုင်ငံရဲ့ကြိုးပမ်းချက်တွေမှာ လိုအပ်တာကို ကူညီပေးနေတယ်လို့ ထည့်သွင်းပြောသွားခဲ့ပါတယ်။ ဒါက အိန္ဒိယအနေနဲ့ ဒေသတွင်းအင်အားကြီး ပြိုင်ဘက်တရုတ်ရဲ့ မြန်မာ့အရေးလွှမ်းမိုးမှုအပေါ် တန်ပြန်လိုတာဖြစ်ပေမယ့် အိန္ဒိယအနေနဲ့ တရုတ်ကို ပြိုင်နိုင်မယ့်အင်အားမရှိဘူးလို့ နယူးဒေလီ အခြေစိုက် မူဝါဒသုတေသနစင်တာက သုတေသီတဦးဖြစ်တဲ့ Angshuman Choudhury က ဗွီအိုအေကို အခုလို ပြောပါတယ်။
“တရုတ်က မြန်မာ့ပဋိပက္ခမှာ အမြဲတမ်း အဓိက ကြားဝင်စေ့စပ်ပေးနေတာပါ။ ဒါကို အိန္ဒိယက ပြိုင်ချင်တဲ့သဘောပါ။ သူ့မှာ ဒီလို ရပ်တည်ချက်ရှိပြီး ယုံကြည်ကိုးစားခံထိုက်သူ ဖြစ်ကြောင်း ပြလိုတာပါ။ ပြီးခဲ့တဲ့ တနှစ်၊ နှစ်နှစ်ကို ကြည့်ရင်လည်း မြန်မာ့အရေးမှမဟုတ်ပါဘူး၊ ယေဘုယျအနေနဲ့ ပြောရင် နယူးဒေလီအစိုးရက ကမ္ဘာမှာ ပဋိပက္ခတွေဖြစ်ရင် တနည်းနည်းနဲ့ ဖြေရှင်းပေးလိုကြောင်း ပြသတာတွေရှိပါတယ်။ ရုရှားနဲ့ယူကရိန်းအရေးမှာလည်း ဝန်ကြီးချုပ်မိုဒီက အလားတူပြောခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် မြန်မာ့အရေးမှာလည်း ဒေသတွင်းမှာ ဖြစ်ဖြစ်၊ ကမ္ဘာ့မှာ ဖြစ်ဖြစ် ဖျန်ဖြေပေးလိုတဲ့ ပုံစံနဲ့ ကိုက်ညီနေတာတွေကို တွေ့ရမှာပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ အိန္ဒိယမှာ မြန်မာ့အရေး ကြားဝင်စေ့စပ်ဖြေရှင်းပေးနိုင်စွမ်းတဲ့ စွမ်းဆောင်ရည်မျိုး မရှိပါဘူး။”
အိန္ဒိယအနေနဲ့ သူနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး သူရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေရှိတဲ့ လမ်းကြောင်းတလျှောက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်တွေဖြစ်ကြတဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရက္ခိုင့်တပ်တော် (AA) တို့နဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိပေမယ့် တရုတ်လိုတိုင်းရင်းသား အဖွဲ့တွေအပေါ် သြဇာသက်ရောက်မှုမျိုးမရှိဘူးလို့ သုတေသီ Choudhury က ထောက်ပြပါတယ်။
တဘက်မှာလည်း အိန္ဒိယက တရားဝင် အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံပြီး ထောက်ခံမှုတွေပြသနေတာက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ တိုင်းပြည်အနေနဲ့ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းမန်ဟရဲလျန်ကတော့ NCA စာချုပ်တုန်းက အသိသက်သေအဖြစ်ပါခဲ့သူအနေနဲ့ တာဝန်ရှိတယ်လို့ခံယူပြီး အိန္ဒိယက အခု နှစ်ပတ်လည်အခမ်းအနားကို တက်တယ်ဆိုပေမယ့် အာဏာသိမ်း စစ်တပ်အပေါ် အသိအမှတ်ပြုတဲ့ သဘောသက်ရောက်နေတယ်လို့ ထောက်ပြပါတယ်။
“NCA မှာ အိန္ဒိယက နိုင်ငံတကာသက်သေအနေနဲ့ လက်မှတ်ရေးထိုးထားတယ်၊ ပြီးတော့ အိမ်နီးချင်းနိုင်ငံအနေနဲ့ လက်မှတ်ရေးထိုးတာပေါ့နော်၊ NCA စာချုပ်နဲ့ပတ်သက်ပြီးတော့ သူ့မှာ တာဝန်ရှိတယ်လို့ အိန္ဒိယကယူဆမှာပေါ့နော်။ ဒါပေမယ့် သုံးသပ်ဖို့ရှိတာက အိန္ဒိယက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တယ်။ ပြီးတော့ စစ်ကောင်စီအနေနဲ့ ဘယ်လောက်အထိ လူ့အခွင့်အရေးချိုးဖောက်မှု ရှိတယ်၊ ဘယ်လောက်အထိ သတ်ဖြတ်နေတယ်ဆိုတာ အိန္ဒိယလည်း သိပါတယ်။ ဒီလိုသိလျက်နဲ့ အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီကို ဒီနေ့အထိ ထိတွေ့ဆက်ဆံတာတော့ လူ့အခွင့်အရေးအရ ဒီမိုကရေစီအကြီးဆုံးနိုင်ငံအရ အိန္ဒိယရဲ့ မူဝါဒနဲ့ဆန့်ကျင်တာပေါ့နော်။”
နိုင်ငံတကာက အသိအမှတ်ပြုမထားတဲ့ စစ်ကောင်စီနဲ့ပတ်သက်ပြီး ဘယ်လိုချဥ်းကပ်မလဲဆိုတာ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယအနေနဲ့ ပြတ်သားတဲ့မူဝါဒချထားဖို့ လိုတယ်လို့ ဆလိုင်းမန်ဟရဲလျန်က ရှုမြင်ပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ စီးပွားရေး အကျိုးစီးပွားအပြင် သူ့ရဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိချင်း ထိစပ်နေတဲ့ သူ့ရဲ့ ပြည်နယ်တွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေလို့ လုံခြုံရေးအမြင်နဲ့ ၁၉၉၀ ခုနှစ်များကတည်းက စစ်အစိုးရအဆက်ဆက်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပုံမှန်လုပ်နေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရခေတ်မှာလည်း နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်တွေ အပြန်အလှန် ခရီးစဥ်တွေရှိခဲ့ပြီး ဆက်ဆံရေး တိုးမြှင့်ခဲ့တာတွေရှိလို့ အိန္ဒိယဟာ မြန်မာဘက်က တက်လာသမျှအစိုးရတိုင်းနဲ့ အဆင်ပြေအောင် နေ, နေတယ်လို့ တချို့က သုံးသပ်ကြပါတယ်။
ဒါ့ပေမယ့် အခု တကျော့ပြန် စစ်အာဏာသိမ်းခေတ်မှာ အိန္ဒိယအစိုးရအနေနဲ့ ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲ စောင့်ကြည့်ပြီး ချဥ်းကပ်တာမျိုးမဟုတ်ဘဲ မြန်မာလူထုရဲ့အကျိုးစီးပွားကို အမှတ်တကယ်လိုလားရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အခြား အင်အားစုတွေနဲ့ ထိတွေ့တဲ့ ချဥ်းကပ်မှု ပုံစံပြောင်းဖို့လိုသလို မြန်မာ့ အခြေအနေမှန်ကို နားလည်ဖို့လိုတယ်လို့ ဆလိုင်းမန်ဟရဲလျန်က တောင်းဆိုပါတယ်။
“အရင်တုန်းက (ဦး) သန်းရွှေခေတ်တုန်းက နှစ်ဘက် သဘောတူညီထားတဲ့ နယ်စပ်ရေးရာဆိုင်ရာ လုံခြုံရေး သဘောတူညီမှု စာချုပ်တွေက မပျက်ပြယ်သေးဘူး။ ဒါကို အိန္ဒိယက အခုအထိ လိုက်လျောနေတယ်။ အခုအထိ ချိတ်ဆက်နေတယ်။ ပြီးတော့ အိန္ဒိယရဲ့ အကျိုးစီးပွားနဲ့ ချဥ်းကပ်မှုက တဖက်တလမ်းက သူ့ရဲ့ စီးပွားရေးဆိုင်ရာ အမြင်နဲ့ အများကြီး မြန်မာနိုင်ငံမှာ ချဥ်းကပ်မှု ရှိနေတာပေါ့လေ။ ရှိနေတဲ့အခါမှာ ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲ ဆိုတာကို အိန္ဒိယက ကြည့်နေတဲ့ ပုံစံမျိုးနဲ့ ချဥ်းကပ်နေတယ်လို့ သုံးသပ်လို့ရတယ်။ ဒါပေမယ့် အိန္ဒိယ အနေနဲ့ မြန်မာ့နိုင်ငံရေး အနေအထားကို နားလည်ဖို့ လိုတာပေါ့နော်။ စစ်ကောင်စီက ဘယ်လောက်အထိ ရှိပြီလဲ၊ အတိုက်အခံတွေက ဘယ်လောက် အထိရှိပြီလဲ ဆိုတာ နားလည်ဖို့ လိုတာပေါ့။ နိုင်ငံတကာနဲ့ ကုလသမဂ္ဂ က ဘယ်လိုမြင်လဲ ဆိုတာလည်း ဆင်ခြင်သုံးသပ်ဖို့ လိုတာပေါ့နော်။ နယ်စပ် အရေး၊ ပြီးတော့ အိမ်နီးချင်းနဲ့ တရုတ်နဲ့ အားပြိုင်မှုနဲ့ ချဥ်းကပ်ရင်တော့ အိန္ဒိယရဲ့ ချဥ်းကပ်မှု ပုံစံက မအောင်မြင်ဘူးလို့ သုံးသပ်လို့ရတယ်။”
ဒီအချက်ကို အိန္ဒိယ သုတေသီ Angshuman Choudhury ကလည်း ထောက်ခံပါတယ်။ အိန္ဒိယအနေနဲ့ မြန်မာ့အရေး စိတ်စေတနာရှိရင် ဒါ့ပြင် သူ့ရဲ့ အကျိုးစီးပွားတွေကို တကယ် ကာကွယ်ချင်ရင် “ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံရမယ်” လို့ ထောက်ပြပါတယ်။
“အိန္ဒိယအနေနဲ့ သူ့ရဲ့ အကျိုးစီးပွားတွေကို လုံခြုံအောင် ကာကွယ်လိုတယ်ဆိုရင် ထိရောက်မှုမရှိတဲ့၊ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ သွားရမယ့်နည်းလမ်း မဟုတ်ပါဘူး။ ကျနော်ပြောချင်တာက ငြိမ်းချမ်းရေး စေ့စပ်သူ၊ ဖျန်ဖြေသူ လုပ်ချင်တာက ကောင်းပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တခု ဖြစ်ပေမယ့် ကန့်သတ်ထားတဲ့ တဖက်သတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြားဝင် လုပ်ဆောင်တာထက် လုံးဝ ဝင်မပါတာက ပိုကောင်းပါတယ်။ တကယ်ပဲ စေ့စပ် ဖျန်ဖြန်သူ ဖြစ်ချင်ရင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရမှာပါ။ အဓိက, က အဲ့ဒါပါ။”
ဒီလို အနေအထားက အိန္ဒိယရဲ့ ပုံရိပ်အပြင် ဒီမိုကရေစီအင်အားစုတွေရဲ့ အိန္ဒိယအပေါ် ရှုမြင်ပုံတွေကိုလည်း ထိခိုက်စေတယ်လို့ သုတေသီ Angshuman Choudhury က ထောက်ပြပါတယ်။ ဒါပေမယ့် လက်ရှိ အိန္ဒိယအစိုးရသွားနေတဲ့ စစ်တပ်နဲ့ ပိုပြီး ထိတွေ့ဆက်ဆံနေတဲ့ လမ်းကြောင်းကတော့ ချက်ချင်း ပြောင်းလဲသွာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“အိန္ဒိယရဲ့ မူဝါဒပြောင်းလဲမယ့် တခုတည်းသော ဖြစ်နိုင်ခြေက စစ်မြေပြင်မှာ ပြတ်ပြတ်သားသား အပြောင်းအလဲတခု ဖြစ်လာခဲ့ရင် ဖြစ်လာနိုင်ပါတယ်။ စစ်ကောင်စီက သိသိသာသာ ပြိုကျနေကြောင်း ထင်ရှားလာတဲ့အခါမှာ ဖြစ်လာနိုင်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ ( NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ (PDFs) နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) တွေဘက်က အနိုင်ရရုံတင်မကာဘဲ တစုတစည်းတည်း ရှိပြီး အနိုင်ရမှ ဖြစ်လာနိုင်ပါမယ်။”
အခုအချိန်မှာ မြန်မာမှာ တော်လှန်ရေးနဲ့ ဒီမိုကရေစီ အင်အားစုဘက်က စုစုစည်းစည်း အနေအထားမျိုး ရှိလား ဆိုပြီး အိန္ဒိယ အစိုးရဘက်က အဓိကစိုးရိမ်ချက် ရှိနေတယ်လို့ အိန္ဒိယ သုတေသီ Angshuman Choudhury ထောက်ပြပါတယ်။ တဖက်မှာလည်း မြန်မာ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ အိန္ဒိယ အစိုးရ၊ မီဒီယာနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ပိုမို တိုးချဲ့ဖို့ လိုနေတယ်လို့ အကြုံပြုပါတယ်။